ဆင်တုံးမနွယ်အကြောင်းသိကောင်းစရာ
ဆင်တုံးမနွယ်ဆိုတာ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေနဲ့ရင်းနှီးတဲ့အပင်ပါ။အရပ်ဆေးနည်း တိုင်းရင်းဆေးနည်းတွေမှာလည်းအသုံးများတဲ့အပင်ပါဆင်တုံးမနွယ်ပင်ကို အင်္ဂလိပ်လို Heart leaved moon seed လို့ခေါ်ပါတယ်။ရုက္ခဗေဒနာမည်ကတော့ Tinospora cordifolia Miers ပါ။မျိုးရင်းကတော့ Menispermaceae ဖြစ်ပါတယ်။ဆင်တုံးမနွယ်ပင်ကို မြန်မာနိုင်ငံအနှံ့အပြားမှာ သဘာဝပေါက်ပင်အနေနဲ့ ပေါများစွာတွေ့နိုင်ပါတယ်။ဆင်တုံးမနွယ်ပင်ဟာ အရည်ရွှမ်းတဲ့နွယ်ပင်အမျိုးအစားဖြစ်ပါတယ်။နွယ်ပင်ဖြစ်တဲ့အလျောက်တခြားအပင်တွေပေါ်မှာ နွယ်ကာ ပေါက်လေ့ရှိပါတယ်။အရွက်များမှာ နှလုံးပုံစံရှိကာ ရွက်ထိပ်ချွန်ပြီး ရွက်နားညီပါတယ်။သေးငယ်သောအဝါရောင်ပွင့်ကလေးများပွင့်သလို အသီးများလည်းသီးပါတယ်။အသီးများဟာလည်းအရည်ရွှမ်းပါတယ်။ဆင်တုံးမနွယ်ပင်မှာ အဖြူမျိုး၊အဝါမျိုး၊အနက်မျိုး ဆိုပြီး၃မျိုးရှိသည့်အပြင် ပင်စည်ဆူးပါတဲ့မျိုးနဲ့ ဆူးမပါတဲ့အမျိုးဆိုပြီးလည်းထပ်ခွဲထားပါတယ်။ဆင်တုံးမနွယ်ပင်မှာ ဓါတုဒြပ်ပေါင်းအနေနဲ့ Berberine,steroidal,gilosterol,giloinin,giloin-sterol,cordifolide,tinosporaside,starch စတဲ့ဒြပ်တွေပါဝင်နေပါတယ်။ဒီလိုဒြပ်တွေပါဝင်နေတဲ့အတွက် ဆင်တုံးမနွယ်ပင်ဟာ ဆီးချိုကိုကျစေသောအစွမ်းသတ္တိ(Anti-hyperglycaemic action)၊သွေးကြောတွေကိုကျယ်စေပြီးသွေးဖိအားကိုကျဆင်းစေနိုင်သောအစွမ်းသတ္တိ(Anti-hypertensive action)၊အဏုဇီဝပိုးများကိုသတ်နိုင်သောအစွမ်းသတ္တိ(Anti-microbial action)၊သန်ကျစေနိုင်သောအစွမ်းသတ္တိ(Anti-helminthic action) တွေရှိပါတယ်။ဒါ့အပြင် အိုမင်းရင့်ရော်ခြင်းကိုကာကွယ်နိုင်ပြီးအသက်ရှည်စေနိုင်သောအစွမ်းသတ္တိ(Antioxidant property)လည်းရှိပါတယ်။ဒါကြောင့်မြန်မာစကားပုံမှာ အသက်ကြီးရင်ဆင်စီးရမယ်ဆိုတဲ့ စကားပုံရှိတာပါ။ဆိုလိုတာကတော့ အသက်ကြီးလာတဲ့အခါဆင်တုံးမနွယ်ကိုနေ့စဉ်ပုံမှန်စားပေးသင့်တယ်လို့ပြောတာပါ။ဆင်တုံးမနွယ်ပင်ရဲ့ အသုံးဝင်တဲ့အစိတ်အပိုင်းအနေနဲ့ကတော့ ပင်စည်ပဲဖြစ်ပါတယ်။ဆင်တုံးမနွယ်ပင်ရဲ့ပင်စည်ကို အခြောက်လှမ်း အမှုန့်ကြိတ်ကာ တခြားဆေးဘက်ဝင်အပင်တွေပစ္စည်းတွေနဲ့ရောပြီး အသက်ရှည်ဆေး၊ခွန်အားတိုးဆေး၊ဆီးချိုကျဆေး၊အဖျားဖြတ်ဆေးစတဲ့ သမားကိုင်ဆေးနဲ့အိမ်သုံးဆေးတွေဖော်စပ်လေ့ရှိပါတယ်။ယောအတွင်းဝန် ဦးဖိုးလှိုင်ပြုစုသော ဥတုဘောဇနကျမ်းမှာ ဆင်တုံးမနွယ်သည်ခါး၏၊၊ပူ၏၊၊စပ်၏၊၊ဝမ်းချုပ်၏၊၊အဖျားအလုံးစုံကိုနိုင်၏၊၊ဝမ်းမီးချက်ပြီးနောက်ချို၏၊၊အားကိုဖြစ်စေ၏၊၊ဒေါသသုံးပါးကိုနိုင်၏၊၊ရေငတ်ခြင်း၊ကိုယ်ပူခြင်း၊မောဟနာ၊သုတ်ခမ်းသောအနာ၊ခူနာတို့ကိုနိုင်၏။အိုခြင်းနာခြင်းတို့ကိုပယ်စေကာ အသက်ကိုရှည်စေတတ်၏ ဟူပြီးရေးသားထားပါတယ်။မြန်မာ့ဆေးအဘိဓါန်မှာလည်း ဆင်တုံးမနွယ်သည် ပူသောအရသာရှိ၏။လေကိုကြေစေ၏။သွေးကိုငြိမ်းစေ၏။အားကိုဖြစ်စေ၏။ တြိဒေါသနာ၊ဓါတ်ကျိုး၊ဓါတ်ပျက်နာ၊ဝမ်းပျက်နာ၊ပျို့အန်သောအနာ၊ခြေဆတ်သောအနာ၊သုက်ခန်းနာ၊အဖျားနာတို့ကိုနိုင်၏။ဓါတ်မီးတောက်စေ၏ ဆိုပြီးရေးထားပါတယ်။မြန်မာ့ဆေးကျမ်းအချို့မှာလည်း ဆင်တုံးမနွယ်အမှုန့်နဲ့ဘုမ္မရာဇာအမှုန့်ကိုဆတူရောကာ ပျားရည်နဲ့လုံးပြီး နေ့စဉ်ပုံမှန်စားပါက အသက်ရှည်အနာမဲ့နိုင်ကြောင်းရေးသားထားပါတယ်။
သီတာနွယ်(အမရပူရ)