တက်တူးထိုးတယ်ဆိုတာ ကိုယ်ကြိုက်နှစ်သက်တဲ့ရုပ်ပုံ သို့မဟုတ် စာသားကို ကိုယ့်ခန္ဓာကိုယ်အရေပြားပေါ်မှာ အသက်ရှင်နေသမျှကာလပတ်လုံးစွဲမြဲနေစေရန် အပ်သုံးပြီး တာရှည်ခံရောင်ခြယ်ဆေးတွေကို အရေပြားအပေါ်လွှာ(Epidermis) ရဲ့ အောက်အလွှာဖြစ်တဲ့ (Dermis) အလွှာထဲထိုးသွင်းကာ ပုံဖော်ရေးသားခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ပြောရရင် တက်တူးထိုးတယ်ဆိုတာဟာ ရှေးဘုရင်ခေတ်ကတည်းကရှိခဲ့တဲ့ဓလေ့တခုဖြစ်ပါတယ်။ ရှေးတုန်းကခေါ်တာကတော့ ဆေးမှင်ရည်စုတ်ထိုးတာ သို့မဟုတ် ထိုးကွင်းမင်ကြောင်ထိုးတာလို့ခေါ်ကြပါတယ်။
ကိုလိုနီခေတ်မှာတော့ ဆေးမင်ကြောင်ထိုးတဲ့ဓလေ့ဟာမှေးမှိန်သွားခဲ့ပါတယ်။
အခု ၂၁ ရာစုမှာတော့ တက်တူးထိုးတာဟာ တစ်ကမ္ဘာလုံးအနေနဲ့ ခေတ်စားလာပြီး အနုပညာရပ်တစ်ခုအနေနဲ့တောင် လူအတော်များများက လက်ခံလာကြပါတယ်။
အမျိုးသားတွေသာမက အမျိုးသမီးတွေပါ တက်တူးထိုးလာကြသလို အများပြည်သူကို ဖျော်ဖြေရတဲ့ အနုပညာရှင်တွေဖြစ်တဲ့ မင်းသားတွေ၊ အဆိုတော်တွေလည်း တက်တူးထိုးလာကြပါတယ်။
အခုနောက်ပိုင်း မျက်ခုံးမွှေးမလှသူများအတွက် မျက်ခုံးမွှေးတက်တူး၊ ထိပ်ပြောင်တဲ့အမျိုးသားများအတွက် ဆံပင်တက်တူးဆိုတာတွေတောင်ပေါ်လာပါတယ်။
ခုခေတ် တက်တူးထိုးရတဲ့အကြောင်းရင်းအနေနဲ့ကလည်း
- အရေပြားအနုပညာလို့ခေါ်တဲ့ တက်တူးအပေါ်မှာ အရမ်းကိုနှစ်ခြိုက်စွဲလန်းရူးသွပ်လို့ထိုးတာ၊ အလှအနေနဲ့ထိုးတာ၊ တစ်စုံတစ်ယောက်ကိုလေးစားလို့ သို့မဟုတ် ချစ်မြတ်နိုးလို့ သူ့ပုံ သို့မဟုတ် နာမည်ကို အမှတ်တရအနေနဲ့ထိုးတာ၊ လူတွေကိုယ့်ကိုမြင်ရင် ရှိန်အောင်၊ ကြောက်အောင် ဆိုပြီး ထိုးတာ၊ အပေါင်းအသင်းတွေက မြှောက်ပေးလို့၊ အဆွယ်ကောင်းလို့ ထိုးမိတာ စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။
ဘယ်လိုအကြောင်းနဲ့ပဲ တက်တူးထိုးထိုး၊ တက်တူးထိုးတယ်ဆိုတာဟာ အပ်သုံးပြီး တာရှည်ခံရောင်ခြယ်ဆေးတွေကို အရေပြားအပေါ်ယံအလွှာအောက်ထဲထိုးသွင်းတာဖြစ်လို့ ကျန်းမာရေးရှုထောင့်က ကြည့်ရင် ဆိုးကျိုးတွေရှိပါတယ်။
ပထမဆုံးအချက်အနေနဲ့ပြောရရင် တက်တူးထိုးရာမှာ သုံးတဲ့အပ်ပါ။
သုံးတဲ့အပ်က မသန့်ရင် တက်တူးထိုးရာကနေတဆင့် အိတ်အိုင်ဗွီပို၊း ဘီပိုး၊ စီပိုး စတဲ့ရောဂါပိုးတွေဝင်ရောက်ကူးစက်နိုင်ပါတယ်။
တချို့တက်တူးထိုးပေးတဲ့သူတွေက တစ်ခါသုံးအပ်ကိုမသုံးဘဲ၊ ထိုးပြီးသားအပ်ကိုဆေးရည်စိမ်ပြန်သုံးတာမျိုးတွေရှိပါတယ်။ ဒါဟာ အန္တရာယ်များပါတယ်။
ဒုတိယအချက်အနေနဲ့ကတော့ တက်တူးထိုးပေးတဲ့နေရာပါ။
တက်တူးထိုးပေးတဲ့နေရာက မသန့်ရှင်းရင် သို့မဟုတ် တစ်ယောက်ထိုးပြီးတိုင်း သေချာပိုးသတ်သန့်ရှင်းရေးလုပ်တဲ့နေရာမျိုးမဟုတ်ရင်လည်း တက်တူးထိုးရာကတဆင့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်စတဲ့ရောဂါပိုးတွေဝင်ရောက်ကူးစက်ကာ မေးခိုင်ရောဂါဖြစ်တာ၊ အသည်းရောင်အသားဝါဖြစ်တာ၊ တက်တူးထိုးတဲ့နေရာက ပြည်တည်ပြီးရောင်ရမ်းတာ စသဖြင့် ဖြစ်နိုင်ပါတယ်။
တက်တူးထိုးပေးတဲ့နေရာ သို့မဟုတ် အခန်းကို တစ်ယောက်ထိုးပြီးတိုင်းမှာ သေချာသန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ဖို့လိုပါတယ်။
တတိယအချက်အနေနဲ့ကတော့ တက်တူးထိုးရာမှာ အသုံးပြုရတဲ့တာရှည်ခံမှင်ပါ။ ထိုတာရှည်ခံမှင်တွေမှာ ဓါတုဒြပ်ပေါင်းတွေများစွာပါဝင်နေတဲ့အတွက် ခန္ဓာကိုယ်အတွက်အဆိပ်တောက်ဖြစ်စေကာ ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။
အချို့သောသုတေသနတွေအရဆိုရင် တက်တူးထိုးတဲ့မှင်တွေဟာ အရေပြားဓါတ်မတည့်မှုတွေဖြစ်စေရုံသာမက ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အထိကို အန္တာရယ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။
တက်တူးထိုးခြင်းဟာ ကျန်းမာရေးအရကြည့်မယ်ဆိုရင် အသားလည်းနာတဲ့အပြင် ရနိုင်တဲ့ဆိုးကျိုးတွေကလည်းများတဲ့အတွက် တက်တူးအပေါ်မှာ အရမ်းကို ရူးသွပ်နှစ်ခြိုက် စွဲလန်းနေတာမဟုတ်ရင် မထိုးတာအကောင်းဆုံးပါ။
အကြောင်းကြောင်းကြောင့် တက်တူးထိုးတော့မယ်လို့ ဆုံးဖြတ်ပြီးရင်လည်း ဘုရားပွဲဈေးလိုနေရာမျိုးမှာမထိုးပါနဲ့။
ကျန်းမာရေးအတွက်ဆိုးကျိုးနည်းအောင် သန့်ရှင်းတဲ့တက်တူးထိုးအခန်းရှိသော၊ လုပ်တာကိုင်တာစနစ်တကျသော၊ တစ်ခါသုံးအပ်ကိုသာသုံးသော၊ တက်တူးထိုးပြီးတိုင်းမှာလည်း တက်တူးထိုးအခန်းနဲ့ထိုးတဲ့ကိရိယာတွေကို သေချာသန့်ရှင်းလုပ်သော နာမည်ကောင်းရ တက်တူးထိုးတဲ့ဆိုင် (Tatoo Studios) များကို သေချာစုံစမ်းပြီး ထိုးပါလို့ အကြံပြုချင်ပါတယ်။
Dr. 528