fbpx

Myanmar (Covid-19 Stats)

😷 44,774 Total Cases
😥 1,095 Deaths
😇 24,920 Recovered

အချိုဓာတ်နည်းလို့ ကျန်းမာရေးအတွက် ပိုသင့်တော်တဲ့ သစ်သီးဝလံများ

 

သဘာဝ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားသုံးပေးဖို့ ကမ္ဘာအနှံ့က ကျန်းမာရေး website တွေ ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းကြပါတယ်။ ပြုပြင်ထားခြင်းမရှိတဲ့ သဘာဝ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေဟာ လူတွေအတွက် ကောင်းမွန်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးများတဲ့အတွက် ဒီလို တိုက်တွန်းကြတာပဲ ဖြစ်ပါတယ်။
အထူးသဖြင့် သစ်သီးတော်တော်များများမှာ ကိုယ်ခံအားတက်စေတဲ့ ဗိုက်တာမင်စီနဲ့ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

သစ်သီးတွေကို စားသုံးတဲ့ အခါမှာ လူတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေလို့ ရှောင်စားရတဲ့ သစ်သီးမျိုးဟာ ရှားပါတယ်။ ဒါပေမဲ့ တစ်ချို့သော သစ်သီးတွေကိုတော့ ကိုယ့်ကျန်းမာရေး အတွက် အလွန်အကျွံ မစားသင့်တာ အမှန်ပါပဲ။ လူ့ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ဓာတ်တွေ၊ ပိုလျှံနေရင် မကောင်းတဲ့ အဆီဓာတ်တွေ၊ အချိုဓာတ်များတဲ့ သစ်သီးတွေဟာ အရသာခံရုံလောက်သာ အနည်းငယ်ပဲ စားသုံးသင့်ပါတယ်။

Calorie များတဲ့ သစ်သီးတွေဟာ လူတွေကို ဝစေသလို အချိုဓာတ် လျော့စားရမှာ ဖြစ်သော ဆီးချို အစရှိတဲ့ ရောဂါမျိုး ရှိသူတွေမှာ သကြားဓာတ်များတဲ့ သစ်သီးတွေကို အလွန်အကျွံစားမယ်ဆိုရင် သွေးတွင်း အချိုဓာတ်ဟာ လိုတာထက် ပိုတက်သွားမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့တော့ ပိန်အောင် ကြိုးစားနေသူတွေနဲ့ အချိုဓာတ် များများစားလို့ မရသူတွေ အတွက် Calorie နဲ့ သကြားဓာတ်နည်းလို့ ကျန်းမာရေးအတွက် ပိုမိုသင့်တော်တဲ့ သစ်သီး တစ်ချို့ ကို ပြောပြပေးသွားချင်ပါတယ်။

 

၁) ပထမတစ်ခုကတော့ အိမ်တွင်းမှာ အလွယ်တကူ ရနိုင်တဲ့ သံပရာသီး ရှောက်သီးတွေ ဖြစ်ပါတယ်။

သံပရာသီး ရှောက်သီးတွေမှာ သကြားဓာတ် နည်းသလို vitamin C တွေများများ ပါဝင်တာကြောင့် လူရဲ့ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။

ဒါကြောင့် သင်ဟာ ပိန်ဖို့ ကြိုးစားနေသူတစ်ယောက်ဆိုရင်တော့ ကိုကာကိုလာလို soft drink တွေ သောက်မဲ့အစား သံပရာရည် သောက်ဖို့နဲ့ ထမင်းစားချိန်မှာ ဆီများများနဲ့ ကြော်ထားတဲ့ ဟင်းသီးဟင်းရွက်တွေအစား ဆီနည်းနည်းနဲ့ ရှောက်သီးသုပ်စားဖို့ အကြံပေးပါရစေ။

၂) စတော်ဘယ်ရီသီး

စတော်ဘယ်ရီတွေကို စားကြည့်တဲ့အခါ အရသာရှိတာကြောင့် သူတို့ဟာ သကြားဓာတ်များများ ပါမယ်လို့ ထင်ရတတ်ပါတယ်။ ဒါပေမဲ့ သူတို့မှာ ပါဝင်တဲ့ သကြားဓာတ် ပမာဏဟာ တစ်ခြားသော အချိုဓာတ်များတဲ့ သစ်သီးတွေနဲ့ နှိုင်းယှဉ်ရင် အလွန်နည်းပါတယ်။

နောက်ပြီးတော့ စတော်ဘယ်ရီသီးတွေမှာ တစ်နေ့တာ အတွက် လိုအပ်တဲ့ Vitamin C ဓာတ်တွေ လုံလုံလောက်လောက် ပါဝင်ပါတယ်။

၃) Grapefruit

ဖျော်ရည် လုပ်သောက်တတ်တဲ့ ဒီသစ်သီးတွေမှာ သကြားဓာတ် ပါဝင်မှုဟာ နည်းပါတယ်။ အလယ်အလတ်အရွယ်ရှိတဲ့ Grapefruit တစ်လုံးမှာ သကြားဓာတ် ၁၈ ဂရမ် လောက်ခန့်သာ ပါဝင်ပါတယ်။

၄) ဖရဲသီး

နွေရာသီရောက်တိုင်း ဖရဲသီး စားတတ်ကြပါတယ်။ ရေဓာတ်များများ ပါဝင်တဲ့ ဒီဖရဲသီးတွေမှာ သကြားဓာတ် ပါဝင်မှုဟာ မဆိုစလောက် နည်းပါးပါတယ်။

ဒီအပြင် ဖရဲသီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် အေ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေလည်း ပါဝင်ပါတယ်။

၅) လိမ္မော်သီး

လိမ္မော်သီးတွေမှာလည်း သကြားဓာတ်ပါတာဟာ နည်းပါးတာကြောင့် လိမ္မော်သီးဟာ အရသာရှိရှိနဲ့ များများစားလို့ရတဲ့ သစ်သီးတွေထဲမှာ ပါဝင်ပါတယ်။

၆) ထောပတ်သီး

ထောပတ်သီးဖျော်ရည် တစ်ခွက်ရဲ့ calorie ပါဝင်မှုကို ရှာကြည့်တဲ့အခါ တစ်ခါတစ်လေ အရမ်းများနေတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ ဖျော်ရည်မှာ ပါဝင်တဲ့ သကြားနဲ့ နို့ဆီတွေကြောင့်ပဲ ဖြစ်ပါတယ်။

မူရင်းထောပတ်သီး တစ်လုံးမှာ သကြားပါဝင်မှုဟာ အလွန်နည်းပါတယ်။ ထောပတ်သီးမှာ ကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ ကောင်းမွန်တဲ့ အဆီဓာတ်တွေလည်း ပါဝင်ပါတယ်။

ဒါကြောင့် ထောပတ်သီးချည်းပဲ စားမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်နိုင်ပါတယ်။

ကျန်းမာလှပသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ.

Dr. မွှေး

ဆက်စပ် ဆောင်းပါးများ