တစ်နေ့တာအတွက် အစာအာဟာရကို ပြည့်စုံလုံလောက်အောင် စားသုံးဖို့ အတွက် သစ်သီးဝလံ နှင့် သစ်ဥသစ်ဖု တို့ကိုပါ လိုအပ်သလောက် စားသုံးဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ချို့သော ဗီတာမင်ဓာတ်တွေဟာ သစ်သီးဝလံ သစ်ဥသစ်ဖု နဲ့ ဟင်းသီးဟင်းရွက်တွေကို စားမှ ရနိုင်တဲ့ အတွက်ကြောင့်ပါပဲ။
ခန္ဓာကိုယ်တွင်းကို ရောဂါပိုးမွှားတွေ ဝင်ရောက်လာတဲ့ အခါ ပြန်လည်တိုက်ထုတ်ဖို့ အတွက် ကိုယ်ရဲ့ ခုခံအားစနစ်က အကောင်းဆုံး ဖြစ်နေဖို့လိုပါတယ်။ ခုခံအားစနစ်ကို ပံ့ပိုးဖို့ လိုအပ်တဲ့ ဓာတ်တစ်ချို့ကို အစိမ်းရောင် အဝါရောင် ရှိတဲ့ ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံတွေကို စားသုံးခြင်းမှ ရရှိနိုင်ပါတယ်။
အဝါရောင် ရှိတဲ့ သစ်သီးသစ်ဥ တွေထဲမှာ မုန်လာဥနီ ၊ ကန်စွန်းဥ နဲ့ ရွှေဖရုံသီးတွေ ပါဝင်ပါတယ်။ ဒီနေ့တော့ ဒီလို သစ်သီးသစ်ဥ တွေထဲက ရွှေဖရုံသီး ရဲ့ ကျန်းမာရေး အတွက် အကျိုးရှိတဲ့ အာနိသင် တစ်ချို့ကို ပြောပြပေးသွားချင်ပါတယ်။
၁) မျက်လုံးအားကောင်းဖို့ အထောက်အကူပြုပေးတယ်။
အစိမ်းရောင် ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို မျက်လုံးကျန်းမာရေးအတွက် စားသင့်တယ်လို့ ပြောတတ်ကြပါတယ်။ ထိုနည်းတူစွာပဲ အဝါရောင်ရှိတဲ့ သစ်သီးသစ်ဥ တွေဟာလည်း မျက်လုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။
ရွှေဖရုံသီး မှာ မျက်လုံး ကျန်းမာရေးအတွက် အကျိုးပြုတဲ့ Beta-carotene တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီ Beta-carotene တွေဟာ ကိုယ်ထဲမှာ မျက်လုံးကျန်းမာရေး အတွက် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် အေ ကို ပြောင်းသွားပါတယ်။
ဗီတာမင် အေ ဟာ အမြင်အာရုံကောင်းဖို့ကို အားပေးပါတယ်။
ညဘက် ရုတ်တရက် မှောင်သွားတဲ့ အခါ ချက်ချင်းမမြင်ရပေမဲ့ ခဏတာကြာတဲ့ အခါ ပတ်ဝန်းကျင်ကို ပြန်မြင်သလို ဖြစ်တာမျိုးကို ကြုံဖူးကြပါလိမ့်မယ်။ ဒီလို အမှောင်ထဲမှာ ပြန်မြင်လာတဲ့ အမြင်အာရုံ အခြေအနေကို ကိုယ်တွင်းမှာ ဖန်တီးနိုင်ဖို့ အတွက် ဗီတာမင် အေ ကို လိုအပ်ပါတယ်။
ဗီတာမင် အေ ချို့တဲ့ခဲ့ရင် အမှောင်များပြီး အလင်းရောင် နည်းတဲ့ အခါမျိုးမှာ မမြင်ရတာမျိုးတွေကို ကြုံရပါလိမ့်မယ်။
ဒါ့အပြင် ဗီတာမင် အေ ဟာ ကိုယ်မှာရှိတဲ့ နှလုံး အဆုတ် ကျောက်ကပ် နဲ့ တစ်ခြားသော အင်္ဂါတွေ ကျန်းမာဖို့ အတွက်လည်း အထောက်အကူပြုပါတယ်။
ရွှေဖရုံသီး ကို ဟင်းတစ်ခွက်စာ စားသုံးပေးမယ် ဆိုရင်တော့ တစ်နေ့တာ အတွက် လိုအပ်တဲ့ ဗီတာမင် အေ ကို လုံလုံလောက်လောက် ရနိုင်မှာပဲ ဖြစ်ပါတယ်။
၂) ကင်ဆာရောဂါ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်တယ်။
ရွှေဖရုံသီးမှာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ antioxidant တွေ ပါဝင်ပါတယ်။ ရွှေဖရုံသီး စားခြင်းဖြင့် အဆုတ်ကင်ဆာ ၊ ဆီးကျိတ်ကင်ဆာ တွေ ဖြစ်နိုင်ချေကို အသင့်အတင့် လျော့ချပေးတဲ့ သဘာဝ ဗီတာမင် အေ ကို ရနိုင်ပါတယ်။
၃) ကိုယ်ခံအားစနစ် ကို အထောက်အကူပြုတယ်။
ရွှေဖရုံသီးမှာ ဗီတာမင်အေ အပြင် အခြားသော ဗီတာမင်တွေ ဖြစ်တဲ့ ဗီတာမင် စီ ၊ အီး ၊ သံဓာတ် နဲ့ folic acid တွေလည်း ပါဝင်ပါတယ်။ ဒီဓာတ်တွေဟာ ကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
ကိုယ်တွင်းကို ပိုးမွှားတွေ ဝင်ရောက်တဲ့ အခါ ဒါမှမဟုတ် ဒဏ်ရာ အနာတစ်ရ ဖြစ်တဲ့ အခါ မြန်မြန်ပြန်ကောင်းဖို့ အတွက် ဒီဓာတ်တွေဟာ ကူညီပေးမှာပဲ ဖြစ်ပါတယ်။
၄) ကိုယ်အလေးချိန် လျော့ဖို့ အတွက် ကူညီပေးနိုင်ပါတယ်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေလိုပဲ ရွှေဖရုံသီးဟာလည်း အမျှင်ဓာတ် တွေ ကြွယ်ကြွယ်ဝဝ ပါဝင်ပါတယ်။ ဒါ့အပြင် ကယ်လိုရီ ပါဝင်မှုနည်းတဲ့ အတွက် ခန္ဓာကိုယ် အလေးချိန် တက်တာကို ထိန်းသိမ်းပေးနိုင်ပါတယ်။
ဗိုက်လည်းပြည့် ကျန်းမာရေး နဲ့ ညီညွတ်ဖို့ အတွက် စားဖို့ သင့်တော်တဲ့ အစားအသာက်တစ်ခု ဖြစ်ပါတယ်။
တစ်ခုသတိထားရမှာကတော့ ရွှေဖရုံသီးစားတာ ကောင်းတယ်ဆိုပေမဲ့ ဒါကို ဆီတွေ အများကြီးသုံးပြီး ချက်မစားမိဖို့တော့ လိုပါလိမ့်မယ်။ Hot pot စားသလို ပြုတ်ပြီးစားမယ်ဆိုရင်တော့ ကိုယ်အလေးချိန် ထိန်းသိမ်းတဲ့ နေရာမှာ ပို အကျိုးရှိပါလိမ့်မယ်။
ရွှေဖရုံသီးကို စားခြင်းဖြင့် အပေါ်က ဖော်ပြသွားခဲ့တဲ့ ကျန်းမာရေးအကျိုးအာနိသင်တွေ အပြင် တစ်ခြား အကျိုးများစွာလည်း ရနိုင်ပါတယ်။
ဒါကြောင့် ရွှေဖရုံသီး ဟင်းတစ်မည်ကို တစ်နေ့တာ စားသုံးသင့်သလောက် စားပေးမယ်ဆိုရင်တော့ ကျန်းမာရေးကို အထောက်အကူပြုမှာ ပဲ ဖြစ်ပါတယ်။