ကြွက်တက်ခြင်းကို သက်သာစေနိုင်သည့် နည်းလမ်းများ
ကြွက်တက်ခြင်းဆိုသည်မှာ အကြောင်းအရာတခုခုကြောင့် ခန္ဓာကိုယ် ကြွက်သားများ ရုတ်တရက် တင်းလာကာ နာကျင်မှု ခံစားရခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ ကြွက်တက်ခြင်း ပြဿနာသည် အရွယ်ရောက်ပြီးသူ အတော်များများ တွေ့ကြုံခံစားဖူးသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာတရပ်ဖြစ်ပြီး အားကစားသမားများ အားကစားလုပ်ပြီးချိန်တွင် အများဆုံး ဖြစ်ပွားခံစားရလေ့ ရှိသည်ကို တွေ့ရသည်။
ခန္ဓာကိုယ်အနှံ့တွင်ရှိသော မည်သည့်ကြွက်သားမဆို ကြွက်တက်ခြင်း ဖြစ်နိုင်ပြီး ခြေသလုံး ကြွက်သားများနှင့် ခြေဖဝါးတွင်ရှိသော ကြွက်သားများတွင် အများဆုံးခံစားရတတ်သည်။ ၎င်း ကြွက်သားများအပြင် ပေါင်ကြွက်သားများ၊ လက်မောင်း/ လက်ဖျံရှိ ကြွက်သားများ၊ ဝမ်းဗိုက် ကြွက်သားများနှင့် ရင်အုပ်ကြွက်သားများတွင်လည်း ကြွက်တတ်ခြင်း ဖြစ်ပွားခံစားရနိုင်သည်။
ဖြစ်ပွားစေသည့် အကြောင်းအရင်းကို လိုက်၍ ရုတ်တရက်ဖြစ်တတ်သော ကြွက်တက်ခြင်းနှင့် မကြာခဏဖြစ်နိုင်သော ကြွက်တက်ခြင်းဟူ၍ အမျိုးမျိုးရှိပြီး စက္ကန့်အနည်းငယ်မှ မိနစ်အတော် ကြာအထိ ခံစားရနိုင်သည်။ သာမန်အားဖြင့် အချိန်အနည်းငယ်အတွင်း သက်သာသွားနိုင်သည့် ပြဿနာတရပ် ဖြစ်ကာ ဖြစ်ပွားချိန်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားရနိုင်သလို ကြွက်တက်ပြီး နောက်ပိုင်း အချိန်များတွင်လည်း နာကျင်မှုကို အချိန်အတော်ကြာအထိ ခံစားနေရတတ်သည်။
အခန့်မသင့်လျှင် မလိုလားအပ်သော နောက်ဆက်တွဲများ (ဥပမာ – ရေကူးရင်း ကြွက်တက်လျှင် ရေနစ်သေဆုံးနိုင်ခြင်း) ခံစားရနိုင်သော်လည်း ကြွက်တက်ခြင်းသည် ကြွက်သားများ ရုတ်တရက် တင်းလာခြင်းသာဖြစ်၍ အသက်အန္တရာယ်မရှိနိုင်သော ပြဿနာတရပ်သာဖြစ်ပြီး အရပ်ထဲတွင် ပြောနေတတ်ကြသလို “ခြေသလုံးကြွက်သား ကြွက်တက်ပြီး ဗိုက်ရောက်လျှင် သေနိုင်သည်” ဆိုသောအချက်မှာ မှန်ကန်မှုမရှိကြောင်းကိုမူ သိရှိထားကြသင့်သည်။
ဘယ်သူတွေမှာ ပိုဖြစ်နိုင်သလဲ
အသက်အရွယ်၊ ကျား/မ မရွေး ဖြစ်ပွားခံစားရနိုင်ပြီး အထူးသဖြင့်
– အသက်အရွယ် ကြီးရင့်သူများ
– ကိုယ်အလေးချိန်များသူများ
– အားကစားသမားများ
– ကိုယ်ဝန်ဆောင်မိခင်များနှင့်
– လည်ပင်းကြီးရောဂါ၊ အာရုံကြောရောဂါစသည်တို့ ခံစားနေရသူများတွင် အများဆုံး ခံစားရ နိုင်သည်။
ကြွက်တက်ခြင်းဖြစ်စေနိုင်သည့် အကြောင်းအရင်းများ
သာမန်ကျန်းမာရေးကောင်းသူတဦးသည်ပင် ကြွက်သားများကို အားပြုရသည့် အလုပ်များ ပုံမှန်ထက်ပို၍ လုပ်မိခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းနှင့် ကြွက်သားများအတွက် လိုအပ်သော သတ္တုဓာတ်များ လျော့နည်းခြင်းများကြောင့် ကြွက်တက်ခြင်း ဖြစ်ပွားခံစားရနိုင်သည်။ အချို့သော ဆေးဝါးများကြောင့်လည်း ကြွက်တတ်ခြင်း ဖြစ်ပွားစေနိုင်ပြီး ဖြစ်ပွားစေသည့် အကြောင်းအရင်းကို လိုက်၍ လိုအပ်သော ပြုစုကုသမှု မရှိလျှင် မကြာခဏဆိုသလို ထပ်မံဖြစ်ပွားစေနိုင်သည်။
(၁) ပြေးခြင်း၊ ဝိတ်မခြင်း၊ ရေကူးခြင်းနှင့် ဘယ်ရီရိုက်ခြင်းခေါ် ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းများ စသည်တို့ကို ပုံမှန်ထက် ပို၍ လုပ်မိခြင်း
(၂) အချိန်ကြာမြင့်စွာ ဒေါက်မြင့်ဖိနပ်များစီးခြင်းနှင့် မက်တပ်ရပ်နေခြင်း
(၃) ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်းနှင့် ချွေးထွက်လွန်ခြင်းများကြောင့် ရေဓာတ်နှင့် ဆားဓာတ်များ ဆုံးရှုံးခြင်း
(၄) ဝမ်းလျောနေခြင်း၊ အန်ခြင်း၊ အစားရှောင်လွန်းခြင်းများကြောင့် ကြွက်သားများ ပုံမှန်အလုပ်လုပ် နိုင်ရန်အတွက် လိုအပ်သော ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ကယ်လ်ဆီယမ်ဓာတ်များ သွေးအတွင်း လျော့နည်းနေခြင်း
(၅) သွေးကြောများအတွင်း အဆီပိတ်ခြင်း၊ အချိန်ကြာမြင့်စွာ ဖိ၍ ထိုင်ထားမိခြင်းနှင့် ရာသီဥတု အေးလွန်းချိန်များတွင် ကြွက်သားများထံသို့ သွေးကောင်းကောင်းမရောက်ခြင်း
(၆) ခါးဆစ်ရိုးလွဲခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းများတွင် ကြွက်သားများကို ထောက်ပံပေးသည့် အာရုံကြောများကို ဖိမိစေနိုင်ခြင်း
(၇) ကိုယ်ဝန်ဆောင်များ အစားရှောင်ခြင်း (အထူးသဖြင့် ဆားရှောင်ခြင်း)
(၈) သွေးပေါင်ကျဆေး/ဆီးဆေး၊ အဆီကျဆေးနှင့် ဆီးချိုကျဆေးများ စွဲသောက်နေရခြင်း
(၉) အိပ်နေချိန်များတွင် ရုတ်တရက် အကြောဆန့်လိုက်ခြင်း
(၁၀) ကျောက်ကပ်မကောင်းသဖြင့် သွေးသန့်စင်နေရခြင်း စသည်တို့ကြောင့် ကြွက်တက်ခြင်း ခံစား ရနိုင်သည်။
ကြွက်တက်ခြင်း ဖြစ်ပွားခံစားလာရလျှင်
ကြွက်တက်ခြင်းဖြစ်ပွားနေသည့် ကြွက်သားကို သက်သာသောအနေအထားဖြင့် အနားပေးလိုက်ခြင်းဖြင့် အချိန်အနည်းငယ်အတွင်း သူ့အလိုလို သက်သာသွားနိုင်သလို ဖြစ်ပွားရသည့် အကြောင်းအရင်းကို လိုက်၍ မိနစ်အနည်းငယ်အထိလည်း ကြာနေနိုင်သည်။ ကြွက်တက်ခြင်း ဖြစ်ပွားချိန်တွင် သက်သာစေလိုသော ရည်ရွယ်ချက်ဖြင့် အနီးအနားရှိ လူအများမှ နှိပ်နယ် ပေးခြင်းများ ပြုလုပ်လေ့ရှိကြသော်လည်း ပြုလုပ်ပေးသည့် ပုံစံမမှန်လျှင် နာကျင်ခြင်းကို ပို၍ ခံစားရနိုင်သလို ကြွက်တက်ပြီးနောက်ပိုင်း နာကျင်မှုများကိုလည်း သာမန်ထက်ပို၍ အချိန်ကြာကြာ ခံစားရနေနိုင်သည်။
သို့ဖြစ်၍ ကြွက်တက်ခြင်း မကြာခဏ ဖြစ်တတ်သူများ၊ အားကစားသမားများနှင့် အသက်အရွယ် ကြီးရင့်သူများစသည့် ဖြစ်ပွားရန် အခွင့်အရေးများသူများ သိထားသင့်သော သက်သာစေနိုင်သည့်နည်းလမ်းများကို ဖော်ပြပေးလိုက်သည်။
(က) ကြွက်တက်ခြင်းဖြစ်နေသည့် ကြွက်သားကို ညင်သာစွာကိုင်၍ ခပ်ဖြေးဖြေး ဆွဲဆန့်ပေးပါ။
– ခြေသလုံးကြွက်တက်လျှင် ခြေမကို အပေါ်သို့ ဆန့်ပေးပါ။
– ခြေဖဝါးကြွက်တက်လျှင် ဒူးကိုကွေး၍ ခြေမကို ဆွဲလှန်ပေးပါ။
– ဝမ်းဗိုက်ကြွက်တက်လျှင် ပက်လက်လှဲချလိုက်ပြီး ဗိုက်ကြွက်သားကို နှိပ်နယ်ပေးပါ။
– ပေါင်ကြွက်တက်လျှင် ဒူးကိုကွေး၍ အသာအယာ ဖိထိုင်ပေးပါ။
(ခ) ၁၀ စက္ကန့်ကျော် ကြာသည်အထိ မသက်သာသေးလျှင် ရေနွေးအိတ်(သို့မဟုတ်) ရေနွေးတွင် စိမ်ထားသော အဝတ်စ ကပ်ပေးပါ။
(ဂ) ချွေးထွက်များနေလျှင် အနားယူပြီး ရေများများသောက်ပေးပါ။ ဓာတ်ဆားရည်သောက်ပေးပါ။
(ဃ) ကြွက်တက်ခြင်း သက်သာသွားချိန်တွင် နာကျင်နေသော ကြွက်သားကို ခပ်ဖွဖွ နှိပ်နယ်ပေးပါ။ ရေခဲဝတ်များ ကပ်ပေးခြင်းဖြင့်လည်း နာကျင်မှု သက်သာစေနိုင်သည်။
(င) ကြွက်တက်ပြီး မကြာမီ နောက်တကြိမ် ပြန်ဖြစ်လာနိုင်သဖြင့် လေ့ကျင့်ခန်းလုပ်နေလျှင် ရပ်လိုက် သင့်ပြီး ဓာတ်ဆားရည်၊ အုန်းရည်များ သောက်ပေးသင့်သလို မလွယ်ကူလျှင်လည်း ရေများများ သောက်ပေးသင့်သည်။
(စ) နာကျင်ခြင်း ဖြစ်ကျန်နေခဲ့လျှင် ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူ၍ရသည့် အကိုက်အခဲ ပျောက်ဆေးများဖြစ်သည့် Paracetamol, Ibuprofan စသည့် ဆေးများကို တနေ့လျှင် သုံးကြိမ်ခန့် အထိ သောက်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။
(ဆ) အတင်းဖိနှိပ်ခြင်း၊ ဖိနင်းခြင်းများ ပြုလုပ်ခြင်းဖြင့် နာကျင်ခြင်းကို ပြင်းထန်စွာ ခံစားရစေနိုင် သဖြင့် နင်းနှိပ်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ရမည်ဖြစ်သည်။
ကြွက်တက်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ
မကြာခဏ ဖြစ်ပွားတတ်သူများနှင့် ဖြစ်ပွားရန် အခွင့်အလမ်းများသူများအနေနှင့် အောက်ပါ နည်းလမ်းများအတိုင်း ဂရုပြု လိုက်နာခြင်းဖြင့် ကြွက်တက်ခြင်း မဖြစ်ပွားအောင် ကာကွယ်ထား နိုင်မည်ဖြစ်သည်။
(၁) မည်သည့်လေ့ကျင့်ခန်းမဆို ရုတ်တရက်ပြင်းထန်စွာ မပြုလုပ်သင့်ပဲ သွေးပူလေ့ကျင့်ခန်းများ ဦးစွာ ပြုလုပ်ပေးပြီးမှသာ ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ပေးသင့်သည်။
(၂) အညောင်းမိခြင်းကြောင့်လည်း ကြွက်တက်ခြင်း ဖြစ်စေနိုင်သဖြင့် အနေအထား တမျိုးတည်းဖြင့် အချိန်ကြာမြင့်စွာ ထိုင်နေခြင်း၊ ရပ်နေခြင်းမျိုး မလုပ်သင့်ပဲ မကြာခဏ ခြေဆန့်၊ လက်ဆန့် ပြုလုပ် ပေးသင့်သည်။
(၃) အချိန်ကြာမြင့်စွာ အားကစားလုပ်လေ့ရှိသည့် အားကစားသမားများနှင့် ချွေးထွက်များသူများ အနေနှင့် အားကစားလုပ်နေစဉ်နှင့် လုပ်ပြီးချိန်များတွင် ရေနှင့် ဓာတ်ဆားရည်များကို သာမန် လူများထက်ပို၍ သောက်သုံးပေးခြင်းဖြင့် ချွေးထွက်များခြင်းကြောင့်ဖြစ်သည့် ကြွက်တက်ခြင်းများကို ကာကွယ်နိုင်မည်ဖြစ်သည်။
(၄) ဒေါက်မြင့်ဖိနပ် စီးလေ့ရှိသည့် အမျိုးသမီးများတွင် ကြွက်တက်ခြင်း ဖြစ်ပွားရန် အခွင့်အလမ်း များသဖြင့် အချိန်ကြာမြင့်စွာ စီးတတ်သူများအနေနှင့် ခြေသလုံး ကြွက်သားများကို မကြာမကြာ နှိပ်နယ် ပေးသင့်သည်။
(၅) ရေသောက်နည်းသူများနှင့် အရက်သေစာသောက်စားတတ်သူများအနေနှင့် ညအိပ်ချိန်များတွင် ကြွက်တက်ခြင်းဖြစ်ပွားနိုင်သည့်အတွက် နေ့အချိန်များတွင် ရေများများ သောက်ပေးသင့်သလို အရက်သေစာ သောက်စားခြင်းကိုလည်း ဂရုပြုဆင်ခြင်ကြသင့်သည်။
(၆) အသက်အရွယ်ကြီးသူများနှင့် အိပ်ပျော်နေစဉ် ကြွက်တက်ခြင်း ဖြစ်တတ်သူများအနေနှင့် ည မအိပ်ခင်အချိန်များတွင် ခြေသလုံး ကြွက်သားများ၊ လက်မောင်းကြွက်သားများ၊ ပေါင်ကြွက်သားများ ဖြေလျော့ နှိပ်နယ်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် ကာကွယ်ထားနိုင်သည်။
(၇) ဝမ်းပျက်ဝမ်းလျော ဖြစ်နေသူများနှင့် မကြာခဏ ကြွက်တက်လေ့ ရှိသူများအနေနှင့် ဓာတ်ဆားရည် များများ သောက်ပေးရန်လိုသလို အငန်ဓာတ်ပါသည့် အစားအစာများကို ပုံမှန်ထက် အနည်းငယ်ပို၍ စားပေးသင့်သည်။
(၈) ကြွက်သားများ ပုံမှန်အတိုင်း အကျုံ့အဆန့် လုပ်နိုင်ရန် လိုအပ်သော အဟာရဓာတ်များ ရရှိ နိုင်ရန်အတွက် ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်များ ကြွယ်ဝစွာ ပါသည့် အစားအသောက်များဖြစ်သည့် နွားနို့၊ ဥအမျိုးမျိုး၊ အရိုးဝါးစား၍ရသည့် ငါးများ၊ အစိမ်းရင့်ရောင် ရှိသည့် အသီးအရွက်များ၊ ငှက်ပျောသီး၊ ဖရဲသီး၊ အာလူး၊ ကဇွန်းဥ စသည့် အစားအစာများကို ပုံမှန်ထက် ပို၍ စားပေးသင့်သည်။
အထက်ပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်သော်လည်း မကြာခဏ ကြွက်တက်နေသူ များနှင့် တခါဖြစ်လျှင် ၁၀ မိနစ်ခန့်အထိ ခံစားနေရသူ များတွင် ဖြစ်ပွားစေသော အကြောင်းအရင်ကို ရှာဖွေပြီး လိုအပ်သောကုသမှုကို ခံယူနိုင်ရန် အတွက် နီးစပ်ရာ အထွေထွေရောဂါကုဆရာဝန်/ သမားတော်နှင့် တိုင်ပင်ပြသပြီး ကုသမှုခံယူ သင့်ကြောင်း အကြံပြု ပြောကြားလိုပါသည်။
Dr. Tint Tal