လူတွေကို မျက်လုံးနေရာမှာ အဏုကြည့်မှန်ဘီလူး(Microscope) တစ်ခုကို အစားထိုးတပ်ပေးထားလိုက်ရင် လူတွေအားလုံးခြေတစ်လှမ်းတောင် လှမ်းရဲတော့မှာမဟုတ်ဘူးဆို ပိုတယ်လို့ ထင်ကြမလား။
တကယ်ပဲ ကျွန်တော်တို့လက်တစ်ကမ်းမှာ ကျွန်တော်တို့ မမြင်ရတဲ့ ရောဂါပိုးမွှားပေါင်းစုံပတ်လည်ဝိုင်းနေပါတယ်။
ဒါဆိုကြောက်ရတော့မှာလား ?
ကြောက်ဖို့ထက် သတိထားဖို့လိုပါတယ်။
ဒီရောဂါပိုးမွှားတွေကို ကျွန်တော်တို့ကိုယ်ထဲကို ဝင်ချင်တိုင်းဝင် လုပ်ချင်တိုင်းလုပ်လို့မရဖို့ ရှေ့ကကာကွယ်တိုက်ထုတ်ပေးနေတဲ့ ကိုယ်ခံအားစနစ်ဆိုတာရှိပါတယ်။
ဒီတော့ တစ်ဖက်က ကျွန်တော်တို့က ရောဂါပိုးမွှားတွေကူးစက်မခံရအောင် နေထိုင်ရမှာဖြစ်သလို ကိုယ်ခံအားစနစ်ကိုလည်း အမြဲအားကောင်းနေစေဖို့ ထိန်းသိမ်းမြှင့်တင်နေရမှာဖြစ်ပါတယ်။
အခုဖြစ်နေတဲ့ COVID-19 လို ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တဲ့ ရောဂါတွေအတွက်ဆိုရင် ဒီကိုယ်ခံအားစနစ်ကပဲ ရောဂါပိုးကို တိုက်ထုတ်ဖျက်စီးနိုင်တာဖြစ်လို့ ကိုယ်ခံအားစနစ်ကို ပိုမြှင့်တင်ထားပေးဖို့လိုပါတယ်။
ကိုယ်ခံအားဘာကြောင့်ကျ ?
– ကိုယ်ခံအားကျစေတဲ့ ဆေးဝါးတစ်ခုခုစွဲသောက်နေရရင်
(စတီးရွိုက်ဆေးဝါးများ၊ ကင်ဆာဆေးများ၊ စသည်ဖြင့်)
– ကိုယ်ခံအားကျစေတဲ့ နာတာရှည်ရောဂါတစ်ခုခုရှိရင်
(ဆီးချိုရောဂါ၊ သွေးလေးဖက်နာ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ အရေပြားလေးဘက်နာ၊ AIDS ၊ တီဘီ စသည်ဖြင့်)
ဒီအချက်တွေကတော့ ရှောင်လွှဲလို့မရတဲ့ ကိုယ်ခံအားကျစေတဲ့ အကြောင်းတွေဖြစ်ပါတယ်။
နောက်ထပ်ပြောချင်တာကတော့ ကျွန်တော်တို့ ဆင်ခြင်နိုင်တဲ့ ကိုယ်ခံအားကျစေတဲ့ အချက်တွေပါပဲ။
– အိပ်ချိန်မပြည့်တာ
ဒီနေ့ခေတ်ရဲ့ လူတွေရဲ့ သုံးယောက်မှာ တစ်ယောက်က အိပ်ချိန်မပြည့်တဲ့ ပြဿနာရှိတယ်လို့ဆိုပါတယ်။
တစ်နေ့ကို ၇-၈ နာရီလောက်ပြည့်အောင်အိပ်ဖို့လိုပါတယ်။
နှစ်နှစ်ခြိုက်ခြိုက် အပြည့်အဝအိပ်ပျော်ဖို့လည်း အရေးကြီးတာမို့ အိပ်ခါနီးမှာ ဖုန်းကြည့်တာ၊ ညနေစောင်းကစလို့ ကော်ဖီ၊လက်ဖက်ရည်၊လက်ဖက်၊ရေနွေးကြမ်းစတာတွေလည်းရှောင်ရပါမယ်။
– အစာအာဟာရပြည့်အောင်မစားတာ
မနက်စာ ပုံမှန်မစားတာ၊ အချိန်မှန်မှန်မစားတာ၊ အသင့်စားခေါက်ဆွဲထုပ်တွေကိုပဲ အလွယ်တကူစားသောက်နေတာမျိုးကလည်း ကိုယ်ခံအားကျစေတဲ့အချက်ထဲမှာပါပါတယ်။
အစာအုပ်စုတွေအားလုံးမျှတစွာပါဝင်အောင်စားသောက်ဖို့လိုပါတယ်။
ကိုယ်ခံအားပိုတက်စေမဲ့ ဗိုက်တာမင်စီကြွယ်ဝတဲ့ အသီးအနှံတွေများများစားပေးရပါမယ်။
နို့နဲ့ နို့ထွက်ပစ္စည်းတွေစားသောက်ပေးရပါမယ်။
– စိတ်ဖိစီးမှုတွေမလျှော့နိုင်တာ
ဒါကိုအပြစ်လို့ဆိုရင်တော့ မတရားရာရောက်ပါလိမ့်မယ်။
ဒီလောက်ပူပန်စရာတွေ ဘူးလေးရာဖရုံဆင့်တဲ့ ခေတ်ကြီးကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရသူအားလုံးအတွက် စိတ်ဖိစီးခြင်းက
ခြေလက်တွေလိုပဲ ကိုယ်နဲ့မကွာအမြဲရှိနေကြရတာပါ။
ပြောရရင် စိတ်ဖိစီးခြင်းတစ်ခုပဲ အနိစ္စ အမြဲမရှိဆိုတဲ့ တရားကို ဆန့်ကျင်နိုင်တယ်လို့တောင်ထင်ရပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့အားလုံး ကိုယ်မဖြေရှင်းနိုင်တဲ့ စိတ်ပူပင်စရာတွေ၊ ကိုယ့်လက်ထဲမှာမရှိတဲ့ အဖြေတွေအားလုံးကို တတ်နိုင်သမျှ လစ်လျှူရှုရပါမယ်။
စာဖတ်ပါ၊ သီချင်းနားထောင်ပါ၊ သူငယ်ချင်းမိတ်ဆွေမိသားစုတွေနဲ့ စကားများများပြောပါ၊ ကပါ၊ ရယ်မောပါ၊ ပျော်စရာကောင်းတဲ့ ရုပ်ရှင်တွေကြည့်ပါ။
စိတ်ဖိစီးမှုတွေကြောင့်တော့ ကိုယ်ခံအားမကျပါစေနဲ့။
ကိုယ်ခံအားကောင်းအောင်နေပါ၊ ေရများများေသာက်ပါ၊ေဆးလိပ်ဖြတ်ပါ၊ အရက်ေလှျာ့ေသာက်ပါ၊ လက်ဆေးပါ၊ အိမ်ထဲမှာပဲနေပါ။
အားလုံးတူတူကျော်လွှားနိုင်မှာပါ။
Dr ဖြိုးဝေလင်း