fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 12,425 Total Cases
😥 284 Deaths
😇 3,391 Recovered

ကလေးများနှင့် COVID-19 အန္တရာယ်

ဒီအချိန်မှာတော့ COVID-19 ဆိုတာ တစ်ကမ္ဘာလုံးကို အုပ်မိုးထားတဲ့ အမည်းရောင်တိမ်တိုက်ကြီးတစ်ခုလိုပါပဲ။
ဘယ်တော့မှ ပြန်ပြီး ကမ္ဘာကြီးပြန်နွေးထွေးလင်းလက်တောက်ပတဲ့ နေ့ရက်တွေပြန်ရောက်လာမှာလဲ ဘယ်သူမှမသိနိုင်တဲ့ ဝမ်းနည်းစရာအခြေအနေကြီးဖြစ်ပါတယ်။

COVID – 19 ရဲ့ သေနှုန်းက စတင်ဖြစ်ပွားကာစမှာ ၂ % လောက်သာရှိခဲ့ရာက တဖြည်းဖြည်းတရိပ်ရိပ်တက်လာရင်း ၄% ဝန်းကျင်အထိဖြစ်လာခဲ့ပါတယ်။
နိုင်ငံပေါ်မူတည်ပြီး သေနှုန်းတွေ ကွဲပြားကြပေမဲ့ လက်ရှိအချိန်အထိတော့ သေနှုန်းက ၁၀% မကျော်သေးဘူးလို့ နိုင်ငံတကာ အချက်အလက်တွေအအရ သိရပါတယ်။
သေနှုန်းအလွန်မမြင့်လှပေမဲ့ ဒီဗိုင်းရပ်စ်ရဲ့ အဓိကဆိုးဝါးလှတဲ့ အချက်ကတော့ ကူးစက်နှုန်းမြန်လွန်းတာပဲဖြစ်ပါတယ်။
ရောဂါလက္ခဏာမပြပေမဲ့လည်း ရောဂါဖြန့်ဝေပေးနိုင်တဲ့ Carrier တွေဖြစ်နိုင်တာမို့ ဒီအချိန်မှာ အားလုံးခပ်ခွာခွာပဲနေကြဖို့ Social Distancing ဆိုတာကို အလေးအနက်ထားပြီး တိုက်တွန်းနေကြတာဖြစ်ပါတယ်။

ဒီအချိန်မှာ အနည်းသက်စိတ်သက်သာရာရစေတဲ့ အချက်တစ်ခုကတော့ COVID-19 ရောဂါပိုးဟာ ကလေးတွေကိုတော့ သိပ်မထိခိုက်စေဘဲ လူကြီးတွေနဲ့ နာတာရှည်ရောဂါတစ်ခုခုရှိသူတွေမှာပဲ သေနှုန်းပိုမြင့်တာဖြစ်ပါတယ်။
အမဲရောင်တိမ်တိုက်ကြီးရဲ့ ထောင့်တစ်ထောင့်မှာ ဘုရားသခင်ဖောက်ပေးလိုက်တဲ့ အပေါက်လေးတစ်ပေါက်လို့ပဲ ဆိုရလောက်အောင် ခုထက်ထိတော့ ကလေးတွေမှာ ကူးစက်ခံရပေမဲ့ သေဆုံးသူ မရှိသလောက်ကို တော်တော်လေးနည်းပါတယ်။

ဒါဆို စိတ်ပူဖို့မလိုဘူးလား ?

လိုပါတယ်။ လိုစေတဲ့ အချက်နှစ်ချက်ရှိပါတယ်။

၁။  ဒီရောဂါပိုးသည် ကမ္ဘာပေါ်မှာ အရင်က မပြန့်ပွားဖူးတဲ့ ပိုးအသစ်ဖြစ်ပါတယ်။
လက်ရှိအနေအထားထိ သုံးလေးလ ကျော်လာတဲ့အထိ ဒီပိုးအကြောင်းကို တိကျသေချာတဲ့ အဖြေတစ်ခုမထုတ်နိုင်သေးပါဘူး။
နောက်တစ်ချက်က Virus ပိုးတွေဟာ အချိန်ကြာလာတာနဲ့ အမျှ မျိုးရိုးဗီဇပြောင်းနိုင်တဲ့ အချက်တစ်ခု ရှိပါတယ်။
ဒီတော့ ကလေးတွေမှာ ထိခိုက်နိုင်ချေ ပိုများမလား နည်းမလား မြန်မာနိုင်ငံအတွက်ဆို ပိုတောင်မခန့်မှန်းနိုင်ပါဘူး။ ဒီအချိန်မှာ သတိကြီးကြီးထားပြီး ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာခြင်းက ပိုအကျိုးများစေမှာပါ။

၂။  နောက်ထပ်စဉ်းစားဖို့ လိုတဲ့အချက်တစ်ချက်ကတော့ မြန်မာနိုင်ငံက ကလေးတွေရဲ့ အာဟာရဓာတ်ပြည့်ဝမှု အခြေအနေဖြစ်ပါတယ်။

– ကျန်းမာရေးဗဟုသုတနည်းပါးခြင်း
– အာဟာရဓာတ်ချို့တဲ့သူ ရာခိုင်နှုန်းများခြင်း
– ဆင်းရဲမွဲတေခြင်း

စတဲ့ ဝမ်းနည်းစရာအချက်တွေက မြန်မာနိုင်ငံတနံတလျားမှာ ခြေကုပ်ယူထားပြီးသားဖြစ်ပါတယ်။

ဒီတော့ နဂိုတည်းက အမျိုးမျိုးသောရောဂါတွေရဲ့ ဖိစီးမှုတွေနှစ်စဉ်ခံစားရတဲ့အပြင် မွေးကင်းစသေနှုန်း၊ ၅နှစ်အောက်သေနှုန်း မြင့်မားနေသေးတဲ့ နိုင်ငံတစ်ခုအတွက်တော့ သူများထက် ပိုသတိထားရပါမယ်။
မြန်မာနိုင်ငံက ကလေးအများစုမှာ အာဟာရဓာတ်ချို့တဲ့မှု တစ်ခုခုကတော့ အနည်းနဲ့အများရှိနှင့်ပြီးသားဖြစ်ပါတယ်။

ဒါဆို မြန်မာနိုင်ငံက ကလေးတွေကို COVID- 19 အန္တရာယ်ကင်းအောင် ဘာလုပ်ပေးဖို့လိုလဲ ?

လူကြီးတွေလိုက်နာဖို့လိုတဲ့အချက်တွေအားလုံး ကလေးတွေလည်း အပြည့်အဝလိုက်နာဖို့လိုပါတယ်။
ကလေးတွေမှာ ထိခိုက်မှုနည်းသည်ဖြစ်စေ များသည်ဖြစ်စေ သေချာတာကတော့ သူတို့ကနေတဆင့် မိသားစုဝင်တွေ အိမ်ကဘိုးဘွားတွေကို ပြန်ကူးစက်ပြီးထိခိုက်စေနိုင်ပါတယ်။

– ဒီတော့ အိမ်အပြင်ထွက်ဆော့တာ၊ ကျောင်း၊ ကျူရှင်ပို့တာ၊ ဘုရားကျောင်းကန်တွေ ၊ဗလီတွေ၊ ချာချ့်တွေ ဘယ်ကိုမှမသွားခိုင်းရပါဘူး။

– လူစုမဲ့ အလုပ်တွေရှောင်ရပါမယ်။
ကလေးမွေးနေ့ပွဲတွေ၊ အလှူတွေ လုံးဝမလုပ်သင့်ပါ။

– သင်္ကြန်ရက်တွေကိုလည်း အိမ်ထဲမှာပဲ ပျော်စရာတွေဖန်တီးပေးပြီး ဖြတ်သန်းခိုင်းရပါမယ်။
အိမ်မှာ မိသားစုပျော်ပျော်ရွှင်ရွှင်အချိန်ကုန်ဖို့လိုပါတယ်။

– လူကြီးတွေသတိထားရမဲ့ မိမိကိုယ်ကို ပိုထိန်းချုပ်ရမဲ့အချက်တစ်ခုကတော့ အိမ်တွင်းရန်ပွဲတွေ၊ အကြမ်းဖက်မှုတွေရှောင်ရပါမယ်။
လုံးဝမလုပ်ပါနဲ့။
အပြင်မထွက်ရလို့ ဝမ်းနည်းနေမဲ့ အလိုမကျဖြစ်နေမဲ့ ပျင်းနေမဲ့ ကလေးတွေကို ပိုဂရုစိုက်ပါ။
ပိုချစ်ကြောင်းပြပါ။ အထီးမကျန်အောင်ထားပါ။ ဆူပူကြိမ်းမောင်းတာမလုပ်ပါနဲ့။ ပိုနားလည်ပေးပါ။

– ဗိုင်းရပ်စ်ပိုးတွေကို တိုက်ထုတ်ဖို့ ကိုယ်ခံအားလိုပါတယ်။ ကိုယ်ခံအားကောင်းနေဖို့ အာဟာရဓာတ်လိုပါတယ်။
ဒီတော့ ကျွန်တော်တို့ ကလေးတွေအတွက် တစ်ဖက်မှာ ရောဂါပိုးကူးစက်မခံရဖို့ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေကို အပြည့်အဝလိုက်နာဖို့လိုသလို ကလေးတွေကို ပိုအာဟာရဓာတ်ပြည့်ဝအောင် ကျွေးမွေးဖို့လိုပါတယ်။

ကိုယ်ခံအားကောင်းနေမှ COVID -19 တင်မကဘဲ ကလေးတွေကို နှစ်စဉ်ခြိမ်းခြောက်နေကျ အခုတော့ကြောက်ဖို့မေ့နေတဲ့
ရောဂါပေါင်းစုံကိုပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ကိုဗစ်ရန်ဘေးကင်းစင်ဝေးလို့ အားလုံးငြိမ်းချမ်းကြပါစေ…

Dr ဖြိုးဝေလင်း

၈.၄.၂၀၂၀

ဆက်စပ် ဆောင်းပါးများ