ဆယ်တန်းကျောင်းသားလေး ကျော်ကျော်သည် စာကျက်လျှင် အကျယ်ကြီး အော်ကျက်တတ်သဖြင့် ဘေးပတ်ဝန်းကျင်အိမ်ကပင် ကြားရသည်။ စာအလွန်တော်တဲ့ကလေးမို့ တစ်အိမ်လုံး တစ်ဆွေမျိုးသာမက အိမ်နီးချင်တွေကပါ ချစ်ကြသည်။
“သား ကြီးလာရင် ဘာဖြစ်ချင်လဲ” ဟု သားဖြစ်သူအား မလေးနွယ်က မေးသည့်အခါတိုင်း အဆိုင်းမတွ အမြဲပြန်ဖြေတတ်သည်မှာ
“အင်ဂျင်နီယာကြီးဖြစ်ချင်တယ်” ။
“သားရေ စာကျက်နေတာ ခဏရပ်အုံး။ သား ဘဘကြီးတို့ ရောက်နေတယ်”
ကျော်ကျော်သိပ်ချစ်တဲ့ မေမေ့အစ်ကို ဘဘကြီး ဦးအောင်မြင် ဖြစ်ပါတယ်။
“ဘဘ”
မတွေ့တာကြာပြီဖြစ်၍ ကျော်ကျော်သည် သူ့ဘဘကြီးကို ပြေးဖက်ကာ ကြိုလေသည်။
“ငါ့တူလေး မင်းက ဒီလောက်တောင် ထွားလာပါ့လား။ နောက်တစ်နှစ်ဆို ဘဘကြီး အရပ်ကို ကျော်တော့မယ်ကွ”
“ကိုကိုကြီး တူကို မေးကြည့်ပါအုံး။ သားကြီးလာရင် ဘာလုပ်မှာလဲလို့”
“ပြောပါအုံးကွ။ ငါ့တူက ဘာဖြစ်ချင်တာလဲ”
“ဘဘကြီးလို အင်ဂျင်နီယာကြီး ဖြစ်ချင်တာ။ ဘဘလို အင်ဂျင်နီယာကျောင်းပဲ တက်မှာ”
တူဖြစ်သူ၏ အဖြေကို စက်မှုအင်ဂျင်နီယာကြီး ဦးအောင်မြင် လွန်စွာသဘောကျသွားလေသည်။
“ဖြစ်ရမှာပေါ့ ငါ့တူရာ။ ဒါပေမယ့် ငါ့တူ စာကြိုးစားရမယ်။ အမှတ်တွေ ဂုဏ်ထူးတွေ များများရမှ ငါ့တူ တက်ချင်တဲ့ အင်ဂျင်နီယာကျောင်း တက်ခွင့်ရမှာ”
“ကိုကိုကြီး တူက စာကတော့ လောဘကြီး။ စာကျက်ဖို့ ပြောစရာ မလိုဘူး။ ဒါပေမယ့် ညည့်နက်တဲ့ထိ သဲကြီးမဲကြီးကျက်တတ်လွန်းလို့ ညဆို မနည်းအိပ်ခိုင်းနေရတယ်။ ပြီးရင် သူစာကျက်ရင် လန်းဆန်းအောင်တဲ့ ဟိုတစ်နေ့ကကြော်ငြာတဲ့ အားဖြည့်အချိုရည်တွေ ဝယ်ထားပေးရမယ်တဲ့။ ကိုကိုကြီး ငယ်ငယ်က အဲ့ဒီ့အားဖြည့်အချိုရည်ကြောင့် ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ဆုံးမစကားပြောပေးခဲ့ပါအုံး”
“ဟေ ဟုတ်လား။ ဒါတော့ မဖြစ်ဘူး ငါ့တူရေ။ သားအနေနဲ့ စာကျက်ဖို့ လန်းဆန်းနေချင်ရင် တစ်ခြား နည်းလမ်းတွေရှိတယ်။ ဒီလို ကျန်းမာရေးထိခိုက်စေမယ့် အချိုရည်တွေ မသောက်ရဘူးနော်”
“ဘယ်လို ထိခိုက်တာလဲ ဘဘ။ အဲ့အချိုရည်တွေက ဦးနှောက်ကို လန်းဆန်းတက်ကြွစေတယ်။ စာကျက်အားကောင်းတယ် ပြောထားလို့ ဘဘရဲ့”
“ခုချိန် ငါ့တူလည်း သိနားလည်နိုင်တဲ့ အရွယ်ရောက်နေပြီပဲ။ သားကို ဘဘကြီး ဆယ်တန်းကျောင်းသားဘဝကအဖြစ်အပျက်လေး ပြောပြမယ်။ ဒါကို သိပြီးရင် ဒီအချိုရည်တွေ သောက်သင့်လား၊ မသောက်သင့်ဘူးလားဆိုတာသားနားလည်လာလိမ့်မယ်”
“ဟုတ်ကဲ့ မြန်မြန်ပြောပြပါ ဘဘရေ။ သားအရမ်းသိချင်နေပြီ”
“ဘဘလည်း ငယ်ငယ်က သားလို အင်ဂျင်နီယာကြီးဖြစ်ချင်နေခဲ့တာပေါ့။ အဲ့ဒါ့ကြောင့် ဆယ်တန်းရောက်ချိန်မှာနေ့မအိပ် ညမအိပ် ကြိုးစားခဲ့တယ်။ အိမ်က သားရဲ့ ဖိုးဖိုးဖွားဖွားတွေက အဲ့လို မအိပ်မနေ စာမလုပ်ရဘူးပြောလည်း ဘဘက ပြောစကားနားမထောင်ဘူး။ စာမှစာပဲ လောဘတိုက်နေတာ။ အင်ဂျင်နီယာအမှတ်မီချင်တာကိုး။အဲ့လောက်စာကျက်နေနိုင်တာကို အားမရသေးဘဲ စာမေးပွဲကြီးနီးတဲ့အခါမှ စာကျက်ရင်ပိုရအောင်ဆိုပြီး အားဖြည့်အချိုရည်တွေ နေ့တိုင်းလိုလို သောက်ခဲ့မိတယ်”
“ဟာ ဒါ့ကြောင့် ဘဘကြီး စာမေးပွဲမှာ အမှတ်တွေ အများကြီးရပြီး အင်ဂျင်နီယာကြီး ဖြစ်လာတာပေါ့နော်”
“အဲ့လို မဟုတ်သေးဘူး။ အထင်နဲ့အမြင်လွဲကုန်တာ ဆက်ပြောပြမယ်။ စာမေးပွဲကြီး ဖြေရတော့မယ့် ညမှာ ဘဘသောက်ထားသမျှ အားဖြည့်အချိုရည်တွေရဲ့ ဆိုးကျိုးကို စပြီး ခံစားလိုက်ရတယ်။ တစ်ညလုံး အိပ်မရတော့ဘူး။စာတွေလည်း ဆက်ကျက်လို့လည်းမရတော့ဘူး။ ရင်တွေ တစ်အားတုန်လာပြီး လူပါ ပစ်လဲကျသွားခဲ့တာ။ သားမေမေတို့ ဖွားဖွားတို့ဆို လန့်ပြီး အော်ငိုလိုက်ကြတာ။ ပြီးတော့ ဘဘကို ဆေးခန်းခေါ်သွားရတယ်။ အဲ့ဒီ့နှစ်ကဘဘ စာမေးပွဲဖြေခွင့် ဆုံးရှုံးသွားခဲ့တယ်”
“ဟင် ဘဘ ဘယ်လိုဖြစ်လို့လဲ”
ကျော်ကျော်သည်ဘဘကြီး၏ သူမသိခဲ့သော အတိတ်က အကြောင်းကို သိလိုက်ရသဖြင့် အံ့ဩဝမ်းနည်းသွားလေသည်။
“အဲ့ဒီ့ အားဖြည့်အချိုရည်တွေကြောင့်ပဲ သားရေ။ ဒီအချိုရည်တွေဟာ ဦးနှောက်ကို လန်းဆန်းစေတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ခဏတာ နာရီပိုင်းအတွက်ပါ။ သူ့ဘူးထဲက ပါဝင်ပစ္စည်းတွေထဲမှာ သောက်ပြီးရင် ချက်ချင်းလန်းဆန်းသွားစေတဲ့ ကဖင်းနဲ့ ကယ်လိုရီဓာတ်နဲ့ သကြားဓာတ်တွေ အများကြီး ရောထည့်ထားတယ်။
သကြားဓာတ်တွေ ဗီတာမင်ဓာတ်တွေဟာ ကိုယ်ခန္ဓာအတွက် ထိုက်သက့်တဲ့ ပမဏတော့ လိုအပ်ပေမယ့် တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အသုံးပြုသင့်တဲ့ အတိုင်းအတာကိုကျော်လွန်ပြီး ထည့်ထားတော့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာတာပေါ့။ အချိုရည်ထဲမှာ သကြားဓာတ်တွေ အများကြီးပါတယ်။
သောက်လိုက်ချိန်မှာ သကြားဓာတ်တွေဟာ အသည်းကနေတစ်ဆင့် သွေးထဲပြန်ရောက်သွားတယ်။ သွေးထဲမှာ သကြားဓာတ်တွေ များရင် ရေငတ်လာမယ်။ ဆီးခဏခဏသွားမယ်။ ပျို့ချင်အန်ချင်မယ်။ နုံးချိလာလိမ့်မယ်။
ကယ်လိုရီဓာတ်တွေများရင် ကိုယ်ခန္ဓာမှာ မလိုအပ်တဲ့အဆီတွေစုလာမယ်။ စိတ်ဖိစီးမှုတွေ ပိုခံစားရတတ်တယ်။ကြာရင် ဆီးချိုနဲ့ကင်ဆာရောဂါတွေဖြစ်စေနိုင်သေးတယ်။
နောက် ကဖင်းကတော့ အဆိုးဆုံးပဲ။ သောက်လိုက်ချိန် မိန်စ်ပိုင်းအတွင်း နှလုံးခုန်နှုန်းတွေမြန်လာတယ်။သွေးပေါင်တွေ တက်လာမယ်။ ဆယ့်ငါးမိနစ်အတွင်း ကဖင်းဓာတ်တွေ သွေးထဲ အနှံ့ရောက်ကုန်တယ်။ တစ်နာရီအကြာမှာ ကဖင်းအာနိသင်ပြယ်ရော လူက အားမရှိသလို ဖြစ်သွားတတ်တယ်။ အချိုရည်အစွမ်းပြချိန် တဒိန်းဒိန်းခုန်ပေးလိုက်ရတဲ့ နှလုံးကလည်း မောသွားပြီပေါ့ကွာ။ နှစ်ဆယ့်လေးနာရီအကြာမှာ ခေါင်းကိုက်မယ်။ စိတ်လှုပ်ရှားလွယ်မယ်။ ဒါကို အမှတ်မှားပြီး အချိုရည်တွေသောက်မှ လန်းဆန်းမယ် ထင်ကုန်တော့တာပဲ”
“ဒါဆို ကြော်ငြာထားသလို အမြဲတမ်း လန်းဆန်းနေမယ်ဆိုတာ မဟုတ်ဘူးပေါ့နော်။ သူ့ဆိုးကျိုးက ကြောက်စရာကြီးနော် ဘဘ”
“ဟုတ်တယ် သား။ ဒါ့ကြောင့် သားကို ဘဘလို အဖြစ်မျိုး မဖြစ်စေချင်တာရယ်၊ ကျန်းမာသန်စွမ်းတဲ့ ကျောင်းသားတစ်ယောက်ဖြစ်စေချင်လို့ ဘဘပြောပြတာနော်”
“ဟုတ်ကဲ့ သားနားလည်ပါပြီ ဘဘ။ နောက်အဲ့ဒါတွေ မသောက်တော့ပါဘူး။ ဒါပေမယ့် စာကျက်ချိန်တိုင်းတော့သားက မှတ်ဥာဏ်တွေကောင်းပြီး တက်တက်ကြွကြွ စာဖတ်ချင်တာ”
“ဒါများ ငါ့တူရယ်။ ဟောဒီ့သဘာဝတရားကြီးကလေ တို့ပတ်ဝန်းကျင်မှာ အာဟာရရင်းမြစ်တွေ ဖြည့်ဆည်းထားပေးပြီးသား။ အဓိကက သားအစားမှန် အအိပ်မှန် စာကျက်ချိန်မှန်ရမယ်။
အာဟာရပြည့်အောင် မေမေချက်ပြုတ်ပေးတဲ့ ဟင်းသီးဟင်းရွက် သားငါးတွေ စုံအောင် စားပေးရမယ်။
စာကျက်ရင်လန်းဆန်းစေဖို့ အာရုံကြောစနစ်တွေကောင်းမွန်စေတဲ့ ဗီတာမင်ဘီအုပ်စုဝင် ဆန်လုံးညို၊ အသား၊ ငါး၊ ကြက်ဥ၊နွားနို့၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်စားပေးရမယ်။ စိတ်ကြည်လင်လန်းဆန်းစေတဲ့ ဗီတာမင်စီပါတဲ့ အရည်ရွှမ်းတဲ့ သစ်သီးတွေဖြစ်တဲ့ လိမ္မော်သီး၊ ကျွဲကောသီး၊နောက် ထောပတ်သီး၊ ငှက်ပျောသီးတွေ စားပေးရတယ်။
သားမေမေလည်း သားအတွက် အကောင်းဆုံး ပြုစုပေးနေတာပဲကွ။ ဒါတွေ စားပေးရင် သားအတွက် လုံလောက်တဲ့ အာဟာရတွေ ပြည့်စုံပြီး ကျန်းကျန်းမာမာနဲ့ စာကြိုးစားနိုင်တာပေါ့ကွ”
“ဟုတ်ကဲ့ပါ ဘဘ။ မေမေ ချက်ကျွေးတာမှန်သမျှ သားအကုန်စားမှာပါ။ ဟို အချိုရည်တွေကို သားလုံးဝ မသောက်တော့ဘူးနော် စိတ်ချ”
ကျော်ကျော်သည် ဘဘကြီးဆီက အင်ဂျင်နီယာကျောင်းတက်တုန်းက အတွေ့အကြုံတွေကို ဆက်မေးရင်းနားထောင်ကာ သဘောကျနေလေသည်။ ထိုစဉ် မလေးနွယ်၏ အသံထွက်ပေါ်လာရာ
“ကဲ တူဝရီးနှစ်ယောက် စကားပြောလို့ ဝရင် သဘာဝအာဟာရပြည့်ဝတဲ့ မိသားစု
ထမင်းဝိုင်းလေးသို့ ကြွရောက်သုံးဆောင်ပေးပါအုံးရှင့်”
ဒေါက်တာခွာဖြူ