fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 11,631 Total Cases
😥 256 Deaths
😇 3,073 Recovered

စေတနာမှ ဝေဒနာမဖြစ်စေဖို့ရာ

ကိုမောင်မြတို့ မိသားစုသုံးယောက် မနက်ဖြန် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအတွက် ရပ်ကွက်ဓမ္မာရုံမှာလုပ်အားပေးလျက်ရှိကြသည်။ မနက်ပိုင်းတွင် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆပ်ကပ်ပြီး ညနေပိုင်းတွင် စတုဒီသာကြာဇံကြော်ကျွေးမွေးနိုင်ရန် စီစဉ်နေကြသည်။ အခမ်းအနားအတွက် လိုအပ်သည်များ ပြင်သူက ပြင်ဆင်၊ စတုဒီသာကြာဇံကြော်ရန် စျေးဝယ်ထွက်သူက ဝယ်နှင့် တာဝန်ခွဲတမ်းအတိုင်း လုပ်ဆောင်နေကြသည်။

နောက်တစ်နေ့ ဝါဆိုလပြည့်နေ့တွင် စီစဉ်ထားသည့်အတိုင်း သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းကြသည်။ ညနေခင်းတွင် ကြာဇံကြော် စတုဒီသာကို အလျှံပယ် ကျွေးမွေးရာ ရပ်ကွက်တွင်း အလွန်ပင်စည်ကားကာ ပျော်ရွှင်စရာကောင်းနေပေတော့သည်။ ထိုပျော်စရာအချိန်လေးသည် ညဉ့်နက်ချိန်ရောက်သော်

“ကိုမောင်မြ ထပါအုံး။ ကျွန်မ ဗိုက်တွေနာလွန်းလို့ လေထိုးတာလား မသိဘူး။”

မစပယ်သည် ကိုမောင်မြအား ပုတ်ကာ နှိုးလိုက်သည်။

“မိန်းမရေ မင်းလည်း နာတာလား။ ငါက ဗိုက်နာပြီး ဝမ်းထသွားတာ နှစ်ခါရှိပြီကွ”

လင်မယားနှစ်ယောက် ညည်းတွားနေတုန်း အိမ်သာတံခါးဖွင့်သံကြားလိုက်ရသည်။ သားဖြစ်သူပါ ဗိုက်နာနေလောက်ပြီလို့ ထကြည့်စရာမလိုဘဲ သိလိုက်ပေသည်။

“ကို​မောင်မြ ကျွန်မ ဝမ်းပါသွားချင်လာတာတော့”

“အေး မိန်းမရေ မင်းသွားပြီး ငါလည်း ထပ်သွားရမယ်ထင်တယ်။ ပြန်နာလာပြန်ပြီ။”

ကိုမောင်မြတစ်ယောက် ဗိုက်နာသည့်ကြားက တွေးတောကြည့်သည်။ အစားမှားပြီး ဝမ်းပျက်ရအောင်လည်းအပြင်စာ စားတတ်သည့် အကျင့်ရှိသူများလည်း မဟုတ်။ မနေ့က စားမိသည့်အပြင်စာ ကလည်း ရပ်ကွက်ဓမ္မာရုံက ကြာဇံကြော် တစ်မျိုးသာ။

“မိန်းမရေ နှစ်တိုင်းလည်း ဓမ္မာရုံက စတုဒီသာ မှန်သမျှစားနေကြပဲဟာ။ဘာမှမဖြစ်ဖူးပါဘူး။ အဲ့ဒါကြောင့်တော့ဖြစ်ဟန်မတူပါဘူးလေ”

“ကိုမောင်မြရေ တွေးမနေနဲ့တော့။ ပြန်အိပ်ရမယ်။ မနက်ကျ မထနိုင်ဘဲ အလုပ်နောက်ကျလိမ့်မယ်။ သားနဲ့ကျွန်မတော့ နည်းနည်း သက်သာပြီ။ ခဏနေ ကောင်းသွားမယ်ထင်တာပဲ”

ကိုမောင်မြ ကြိုးစားပြီး အိပ်ကြည့်ပေမယ့်လည်း ဝမ်းတော့ ထပ်မသွားတော့ဘဲ အိပ်မရဖြစ်ကာ မိုးလင်းသွားတော့သည်။

မိုးလင်းမှ သိလိုက်ရသည်က ညက မိသားစုသုံးယောက်သာ ဗိုက်နာသည်မဟုတ်။ တစ်ရပ်ကွက်လုံးးပါ ဝမ်းလျှောသည့်ပြဿနာဖြစ်ခဲ့ကြကို ကိုမောင်မြ သိလိုက်ရတော့သည်။ ဆေးဆိုင်က ဆေးဝယ်သူက ဝယ်၊ ရပ်ကွက်ထဲကဆေးခန်းပြေးပြသူကပြနှင့် အိမ်နီးချင်းများလည်း သွားလာလှုပ်ရှားနေကြသည်။

“ဒီအတိုင်းသာဆို အလှူက ကျွေးတာကြောငိ့ဖြစ်နိုင်တယ်။ ဦးကျော်တင့်ဆီ သွားအုံးမှပါ။ သံဃာတော်များလည်းသတင်းမေးလျှောက်အုံးမှ”

ကိုမောင်မြ ပြောရင်းဆိုရင်း ရပ်ကွက်လူကြီးအိမ်သို့ အမြန်သွားလေသည်။

“ဦးကျော်တင့်ရေ”

“ဟာ မောင်မြရေ ခင်ဗျားလာတာ အတော်ပဲ။ ကျွန်တော်တို့ မနေ့က ကျွေးတဲ့ကြာဇံကြော်က ပြဿနာဖြစ်နေပြီ။ကျွန်တော်လည်း ညက သုံးကြိမ်လောက် အိမ်သာ ထသွားရတယ်။ တစ်ရပ်ကွက်လုံးလည်း ဖြတ်သွားဖြတ်လာ ဝင်ပြောသွားကြသူကပြော ဖုန်းဆက်ပြောသူက ပြောနဲ့”

“ကြာဇံကြော်ကဆိုတာ သေချာလား။ ဦးဇင်းတွေရော ဘယ်လိုနေသေးလဲ”

“ဦးဇင်းတွေ ဘာမှ မဖြစ်လို့ ကြာဇံကြော်လို့ပြောရဲတာပေါ့။ ကလေးတွေကို စိုးရိမ်တယ်။ ဆေးခန်းက ဆရာဝန်ဆီသွားပြီး အကူအညီတောင်းပြီး ကျန်းမာရေးဟောပြောပွဲလေးပါ လုပ်ပေးချင်လို့ ခင်ဗျားပါလိုက်ခဲ့”

ဦးကျော်တင့်နှင့် ကိုမောင်မြ၏ အကူအညီတောင်းမှုကြောင့် ဆရာဝန်မှ လက်ခံကာ ဓမ္မာရုံမှာပင် လူနာများ ကြည့်ပေးမည့်အကြောင်းနှင့် ကျန်းမာရေးဟောပြောပွဲ ပြောကြားပေးမည်ဖြစ်ကြောင်း အကြောင်းပြန်လေသည်။ရပ်ကွက်တွင်း ပရဟိတအလှူရှင်များ၊ ပရဟိတမောင်မယ်များကလည်း ဝိုင်းဝန်းကူညီကြလေသည်။ ဝမ်းပျက်ဝမ်းလျှော ခံစားခဲ့ရသူ ရပ်ကွက်သူရပ်ကွက်သားတစ်ချို့ကို ကြည့်ရှုစမ်းသပ်စစ်ဆေးပေးပြီးနောက် ဆရာဝန်မှဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ဗဟုသုတပြောကြားပေးလေသည်။

ဆရာဝန်မှ “ မေးမြန်း စမ်းသပ်ချက်တွေအရ အခု ဖြစ်တဲ့ဝမ်းပျက် ဝမ်းလျှောရောဂါက ကြိမ်ရေနည်းပြီး မပြင်းထန်လို့သာ ဆေးသောက်ရုံ ဓာတ်ဆားရည်လေး သောက်ပေးရုံနဲ့ ပျောက်ကင်းသွားပါမယ်။ ဒီ့ထက်ဆိုးရွားတဲ့လက္ခဏာမျိုးသာဖြစ်ခဲ့ရင် အသက်အန္တရာယ်ရှိနိုင်တဲ့ထိ ဖြစ်နိုင်တယ်။ သက်ဆိုင်ရာကျန်းမာရေးဌာနကိုအကြောင်းကြားပြီး ဝမ်းနမူနာယူပြီး ဝမ်းပိုးမွေးရတာ၊အစာနမူနာယူပြီး စစ်ဆေးရတာတွေ လုပ်ရတဲ့ထိ ဖြစ်သွားနိုင်ပါတယ်”လို့ ပြောပြပါတယ်။

“ဘာ့ကြောင့်ဖြစ်ရတာလည်း ဆိုတာ သိပါရစေ ဆရာ”

“ အဓိကက ဒီဝမ်းပျက်ဝမ်းလျှောရောဂါဟာ အားလုံး သိဖူး ကြားဖူးကြတဲ့အတိုင်း မသန့်ရှင်းတဲ့ရေ၊ မသန့်ရှင်းတဲ့အစားအစာကို စားမိတဲ့အခါ ဖြစ်ရတာပါ။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တတ်သလို၊ ဘက်တီးရီးယားပိုးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ခုသိရသလောက်တော့ ညက ဝမ်းပျက်ဝမ်းလျှော ဖြစ်သူအားလုံးဟာ မနေ့ညနေက ကြာဇံကြော်စားခဲ့ကြတယ်လို့ဖြေကြတယ်။ မနေ့က ကြာဇံကြော်ကို ပြင်ဆင်ကျွေးမွေးတဲ့အခါ မသန့်ရှင်းမှု တစ်ခုခုပါဝင်သွားလို့ ဖြစ်နိုင်ချေများပါတယ်”

“ဒေါ်လေးခင်တို့ အဖွဲ့ ကြော်တာလေ။ လက်သေချာမဆေးလို့နေမှာပေါ့”

“မဟုတ်ပါဘူး။ နှစ်တိုင်း ကြော်နေကျပါ။ ဘာဖြစ်ဖူးလို့လဲ”

“လက်အိတ်ဝတ်ပြီး လုပ်ကိုင်မှပေါ့”

“လက်ကို ဆပ်ပြာနဲ့မှ မဆေးတာ” စသဖြင့် ရပ်ကွက်သားချင်း အချင်းချင်း အပြစ်တင်နေကြတော့သည်။

“ကျွန်တော်တို့ ကြောင့်ဖြစ်မယ်ထင်ပါတယ်”

ရပ်ကွက်လူငယ် မောင်သက်ဦးတို့ တစ်သိုက်က ထပြောလေသည်။

“ဒီလိုပါဆရာ။ ဒေါ်လေးခင်တို့ က အလှူရှိရင် အမြဲတမ်း သန့်သန့်ရှင်းရှင်း ချက်ပြုတ်ပေးနေကျ ဒီလိုတစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒေါ်လေးခင်တို့

ကြာဇံကြော်ဖို့ ပြင်ဆင်နေတုန်း ကျွန်တော်တို့အဖွဲ့တွေ ကုသိုလ်ယူချင်လို့ ဂေါ်ဖီတွေ ဝိုင်းလှီးပေးမိပါတယ်။ ကစားရင်း ပြန်လာတော့ လက်ကို ဆပ်ပြာနဲ့သေချာ မဆေးမိတာ ကျွန်တော်တို့ အပြစ်ပါဆရာ”

ကလေးတွေ စကားကြားရတဲ့အခါ အားလုံးက စိတ်ဆိုးရခက် အပြစ်တင်ရခက် ဖြစ်ကြရသည်။ အလှူအတွက်ကုသိုလ်ယူချင်စိတ်ဖြင့် စေတနာ ဝိုင်းကူပေးကာမှ ဝေဒနာဖြစ်သွားရခြင်းကိုး။

ဦးအောင်တင့်မှ “ကဲပါ။ သားတို့လည်း နောက်ဆို အစားအစာချက်ပြုတ်တဲ့အခါ လက်ကို ဆပ်ပြာနဲ့ စင်အောင်ဆေးကြဖို့ သတိရသွားတာပေါ့ကွာ။ ဦးတို့က အပြစ်မတင်ပါဘူးကွာ။ နောက်အလှူတွေအတွက် သင်ခန်းစာတစ်ခုရတာပေါ့ကွာ”

ယခု ဖြစ်စဉ်လေးကို နမူနာယူပြီး ကိုမောင်မြတို့ရပ်ကွက်တွင် အလှူရှိတိုင်း အစားအစာများကို ပို၍ သန့်ရှင်းမှုရှိအောင် စေတနာထား ဆောင်ရွက်ကြလေသည်။ တစ်ရပ်ကွက်လုံး ဝမ်းပျက်ဝမ်းလျှောသည့် ဝေဒနာကို ဒုတိယအကြိမ် အဖြစ်မခံကြတော့ပေ။

ဒေါက်တာခွါဖြူ

ဆက်စပ် ဆောင်းပါးများ