ကြွက်သားနာကျင်ခြင်းဆိုတာ
ကြွက်သားနာကျင်ခြင်းသည် လူတိုင်းနီးပါးတစ်ချိန်မဟုတ်တစ်ချိန်တွင် ဖြစ်ပွားဖူးသည့် အဖြစ်များသော ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပါသည်။
ခန္ဓာကိုယ်၏ နေရာတိုင်းနီးပါးတွင် ကြွက်သားများတည်ရှိနေပြီး ထိုကြွက်သားများ အားလုံးသည် နာကျင်မှုဝေဒနာကို ဖြစ်ပေါ်ခံစားရနိုင်သော်လည်း ထိုကြွက်သားများကို နာကျင်မှုဖြစ်စေသည့် အကြောင်းရင်းများမှာမူ တစ်ခုနှင့်တစ်ခု မတူညီနိုင်ပေ။
ကြွက်သားနာကျင်မှုဖြစ်စေသော အဖြစ်အများဆုံးအကြောင်းရင်းများ
ကြွက်သားနာကျင်မှုကို ဖြစ်စေသော အဖြစ်များသည့် အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ခန္ဓာကိုယ်၏တစ်နေရာ သို့မဟုတ် တစ်ခုထက်ပိုသောနေရာတွင် ကြွက်သားတင်းအားများ အလွန်အမင်း ဖြစ်ပေါ်စေခြင်းကြောင့်လည်းကောင်း၊
- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်သောအခါ ကြွက်သားများကိုအလွန်အမင်း အသုံးပြုလှုပ်ရှားကစားခြင်းကြောင့်လည်းကောင်း၊
- ကိုယ်ကာယ အားစိုက်ပြီးလုပ်ရသောအလုပ် သို့မဟုတ် လေ့ကျင့်ခန်းများပြုလုပ်နေစဉ် ကြွက်သားများဒဏ်ရာရရှိသွားခြင်းကြောင့်လည်းကောင်း၊
- သွေးပူလေ့ကျင့်ခန်း၊ အကြောလျှော့လေ့ကျင့်ခန်းများ မပြုလုပ်ဘဲ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်မိသောကြောင့်လည်းကောင်း ကြွက်သားနာကျင်မှုများဖြစ်ပွားနိုင်ပါသည်။
တစ်ခါတစ်ရံ ကြွက်သားနာကျင်ခြင်းသည် အခြားကျန်းမာရေးဆိုင်ရာပြဿနာများကြောင့်လည်း ဖြစ်ပွားတတ်ပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- တုပ်ကွေး၊ ပိုလီယို သို့မဟုတ် အခြားဗက်တီးရီးယား ကူးစက်ရောဂါများကြောင့် ကြွက်သားနာကျင်ခြင်း
- ကြွက်သားမျှင်များကို နာကျင်မှုဖြစ်စေသည့် Fibromyalgia ရောဂါကြောင့် ကြွက်သားနာကျင်ခြင်း (အဆိုပါရောဂါတွင် ကြွက်သားနာကျင်ခြင်းသည် သုံးလနှင့်အထက် ကြာမြင့်တတ်ပါသည်)
- နာတာရှည်ပင်ပန်းနွမ်းနယ်နာကျင်ခြင်း လက္ခဏာစု (Chronic Fatigue Syndrome) ကြောင့် ကြွက်သားနာကျင်ခြင်း
- ကြွက်သားနှင့် တွယ်ဆက်တစ်ရှူးများ ရောင်ရမ်းမှုကြောင့် ကြွက်သားနာကျင်ခြင်း (Myofascial pain syndrome)
- ခန္ဓာကိုယ်၏ ခုခံအားစနစ်က ခန္ဓာကိုယ်အတွင်းရှိဆဲလ်များ၊ တစ်ရှူးများကို မှားယွင်းတိုက်ခိုက်သော Lupus, Dermatomyositis နှင့် Polymyositis ကဲ့သို့သော Autoimmune ရောဂါများကြောင့် ကြွက်သားနာကျင်ခြင်း
- Statins၊ ACE inhibitors၊ Cocaine ကဲ့သို့သောအချို့သောဆေးဝါးများ အသုံးပြုခြင်းကြောင့် ကြွက်သားနာကျင်ခြင်း
- သိုင်းရွိုက် ဟော်မုန်းနည်းပါးခြင်း၊ များပြားခြင်း ပြဿနာများကြောင့် ကြွက်သားနာကျင်ခြင်း
- ပိုတက်ဆီယမ် ပမာဏနည်းပါးနေသောကြောင့် ကြွက်သားနာကျင်ခြင်း စသည်တို့ကြောင့် ကြွက်သားနာကျင်ခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ကြွက်သားနာကျင်မှုကိုသက်သာစေရန်ပြုလုပ်ခြင်း
ကြွက်သားနာကျင်မှုကို သက်သာစေရန် အောက်ပါအတိုင်းပြုလုပ်ပေးနိုင်ပါသည်။
- ကြွက်သားနာကျင်နေသည့်ဧရိယာကို အနားပေးပါ။
- ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်သည့်အကိုက်အခဲပျောက်ဆေးဝါးများကို သောက်သုံးပါ။
- ကြွက်သားနာကျင်မှုကို သက်သာစေရနှ်နှင့် ရောင်းရမ်းမှုကိုလျော့ကျစေရန် နာကျင်သည့်ဧရိယာကို ရေခဲကပ်ပါ။
- အကယ်၍ ၃ ရက်ခန့်အထိရေခဲကပ်သော်လည်း ပျောက်ကင်းမှုမရှိပါက ရေနွေးအိတ်ကို ပြောင်းလဲ၍ကပ်ပါ။
- စိတ်ဖိစီးမှုများကိုလျော့ကျစေသည့် ယောဂပြုလုပ်ခြင်းနှင့် တရားထိုင်ခြင်းကဲ့သို့သော လေ့ကျင့်ခန်းများကို ပြုလုပ်ပါ။
ဘယ်အချိန်မှာ ဆရာဝန်ကိုပြသင့်သလဲ
အောက်ပါအခြေအနေများတွင် ဆရာဝန်နှင့်ပြသရန် လိုအပ်ပါသည်။
- အိမ်တွင် ရက်အနည်းငယ်ခန့်ကုသသော်လည်း နာကျင်မှု မပျောက်ကင်းသေးလျှင်သော်လည်းကောင်း
- ရှင်းလင်းတိကျသည့် အကြောင်းပြချက်မရှိဘဲ ပြင်းထန်သည့်ကြွက်သားနာကျင်ခြင်း ဖြစ်ပေါ်ခဲ့လျှင်သော်လည်းကောင်း
- ကြွက်သားနာကျင်ခြင်းနှင့်အတူ အရေပြားတွင် အကွက်များ၊ အင်ပြင်များ ထလာခဲ့လျှင်သော်လည်းကောင်း
- ခွေးသန်း၊ ကြောင်သန်းများ အကိုက်ခံရပြီးနောက် ကြွက်သားနာကျင်ခြင်း ဖြစ်ပွားခဲ့လျှင်သော်လည်းကောင်း
- ကြွက်သားနာကျင်ပြီးနောက် အရေပြားနီရဲလာခြင်း၊ ရောင်ရမ်းလာခြင်း ဖြစ်လာလျှင်သော်လည်းကောင်း
- ဆေးဝါးတစ်ခုခုကိုသောက်သုံးပြီးသည့်နောက် ကြွက်သားနာကျင်ခြင်း ဖြစ်ပေါ်လာခဲ့လျှင်သော်လည်းကောင်း
- ကြွက်သားနာကျင်ခြင်းနှင့်အတူ ကိုယ်အပူချိန်မြင့်တက်လာခဲ့လျှင်သော်လည်းကောင်း စသည့် အခြေအနေများတွင် ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။
အကယ်၍ အောက်ပါအခြေအနေများဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းသို့ အရေးပေါ်သွားရောက်ရန် လိုအပ်ပါသည်။
- ကြွက်သားနာကျင်ခြင်းနှင့်အတူ ဆီးသွားသည့်ပမာဏ နည်းပါးလာခြင်း သို့မဟုတ် ဆီးမသွားနိုင်တော့ခြင်း
- အစာနှင့်ရေ မျိုချရန် ခဲယဉ်းလာခြင်း
- အော့အန်ခြင်း သို့မဟုတ် ကိုယ်အပူချိန်တက်လာခြင်း
- အသက်ရှူရခက်ခဲလာခြင်း
- ဇာတ်ကြောများတောင့်တင်းလာခြင်း
- ကြွက်သားများအားမရှိသကဲ့သို့ ဖြစ်လာခြင်း
- ကြွက်သားနာကျင်နေသည့်နေရာတွင် လှုပ်ရှားမှုမပြုလုပ်နိုင်ခြင်း စသည့်အခြေအနေများဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ရန် လိုအပ်ပါသည်။
Author : Dr. မွန်