လူတစ်ဦးတွင် ဗီတာမင်အေဓာတ်ပါသော အစားအစာများ လုံလောက်စွာ မစားသုံးနိူင်ခြင်းနှင့် ဗီတာမင်အေဓာတ်ကို ခန္ဓာကိုယ်မှ လျင်မြန်စွာ အသုံးပြုခြင်းတို့ကြောင့် ဗီတာမင်အေချို့တဲ့ခြင်း ဖြစ်ပွားနိုင်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် ၊နို့တိုက်ကျွေးစဉ် ၊ မကျန်းမမာဖြစ်စဉ်နှင့် အသက် ခြောက်လမှ ငါးနှစ်အရွယ် ကလေးကြီးထွားဖွံ့ဖြိုးမှု အမြန်ဆုံးအရွယ်များတွင် ဗီတာမင်အေ ချို့တဲ့ခြင်း ဖြစ်ပွားတတ်ပါသည်။
ဗီတာမင်အေ ဆိုသည်မှာ
ဗီတာမင်အေသည် လူ၏ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်တစ်ခုဖြစ်ပါသည်။ ဗီတာမင်အေသည် ရောဂါပိုးများဝင်ရောက်လာခြင်းကို ခုခံအားပိုမိုကောင်းစေသောကြောင့် ရောဂါပိုးဝင်ရောက်လာပါက ကလေးငယ်သည် အသက်ရှင်ရန် အခွင့်အလမ်း ပိုမိုရရှိစေနိူင်ပါသည်။ ကြီးထွားဖွံ့ဖြိုးမှုကို မြင့်မားစေပါသည်။ မျက်ကြည်လွှာအတွက် အားပေးပါသည်။ ဗီတာမင်အေ ချို့တဲ့သော လူတစ်ဦးသည် အလင်းရောင်မှိန်မှိန်တွင်ကြည့်ရှုရန် ခက်ခဲတတ်ပါသည်။
ဗီတာမင်အေ ချို့တဲ့ခြင်း၏ ရောဂါလက္ခဏာများ
ဗီတာမင်အေချို့တဲ့ပါက ရောဂါပိုးကို ခုခံအားလျော့တတ်ပါသည်။ ရောဂါပိုမိုဆိုးရွားစေခြင်းကြောင့် ရက်ရှည်မကျန်းမမာဖြစ်ပြီး အသက်အန္တရာယ် မြင့်မားပါသည်။ မျက်ကြည်လွှာကဲ့သို့ မျက်စိအင်္ဂါများကို ထိခိုက်ပျက်စီးစေပြီး ပိုမိုဆိုးရွားပါက မျက်စိကွယ်သည်အထိ ဖြစ်နိူင်ပါသည်။
ဗိတာမင်အေ ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ပထမဆုံးရောဂါလက္ခဏာမှာ ညအမှောင်တွင် အလင်းရောင်မှိန်မှိန်သာ မြင်ရပြီး မျက်စိမမြင်ခြင်းဖြစ်တတ်ပါသည်။ ဗီတာမင်အေချို့တဲ့ခြင်းကြောင့် ခန္ဓာကိုယ်၏ ရောဂါပိုးများအပေါ် ခုခံနိုင်စွမ်းကျဆင်းခြင်း ဖြစ်စေပြီး ရောဂါလက္ခဏာများ မပေါ်ခင် ကာလမှာပင် ကြောက်စရာကောင်းသော အန္တရာယ်တစ်ခု ဖြစ်လာတတ်ပါသည်။ ကိုယ်ဝန်ဆောင်စဉ်ကာလနှင့် မွေးပြီး သုံးလအတွင်း၌ ဗီတာမင်အေချို့တဲ့ပါက အသက်ဆုံးရှုံးမှု ပိုများနိူင်ပါသည်။ ဗီတာမင်အေ ချို့တဲ့သော ကလေးများသည် ဝက်သက်ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ရောဂါနှင့် အဖျားရောဂါများ ဝင်ရောက်လာရန် ပိုမိုအခွင့်အလမ်းရှိနိူင်ပါသည်။ ရောဂါများသည်လည်း ပိုမို ဆိုးရွားလာပြီး တစ်ခါတစ်ရံ အသက်သေဆုံးနိုင်ပါသည်။
ဗီတာမင်အေ ကြွယ်ဝသော အစားအစာများ စားသုံးခြင်း
ဗီတာမင်အေကိုလူ၏ ခန္ဓာကိုယ်မှ မထုတ်လုပ်နိုင်ပါ။ ကျွနုပ်တို့ နေ့စဉ်စားသုံးသော အစားအစာများမှ ဗီတာမင်အေကို ဓာတ်အားလုံးကို ရရှိနိူင်ပါမည်။
ဗီတာမင်အေဓာတ် ကြွယ်ဝသော အစားအစာများမှာ နို့ရည်၊ အသည်း၊ဥ၊ အသား၊ အသည်းပါသောငါး၊ နို့၊ ချိစ်၊ အခြားနို့ထွက်ပစ္စည်းများ၊ အဝါရောင်နှင့် လိမ္မော်ရောင်ရှိသော သစ်သီးများ (ဥပမာ – သရက်သီး၊ သင်္ဘောသီး) အဝါရောင်နှင့် လိမ္မော်ရောင်ရှိသော အသီးအရွက်များ (ဥပမာ – မုံလာဥ) နှင့် အစိမ်းပုပ်ရောင်ရှိသော ဟင်းရွက်များ ဖြစ်ပါသည်။
ဗီတာမင်အေဓာတ်ကို အစားအစာ ဖြည့်သွင်းပေးခြင်းဟုခေါ်သော သကြား၊ ဟင်းရွက်ဆီ၊ ဂျုံ၊ ပြောင်း စသည်တို့ကို အစားအစာများပြုလုပ်စဉ်တွင် ထည့်သွင်းစားသုံးခြင်းဖြင့် ရရှိနိူင်ပါသည်။
ဗီတာမင်အေ အပိုဆောင်းတိုက်ကျွေးခြင်း
အစားအသောက်များတွင် ဗီတာမင်အေတွင် လုံလောက်စွာ မရရှိပါက ပြင်းအားများသော ဗီတာမင်အေကို သောက်သုံးနိုင်ပါသည်။ ခန္ဓာကိုယ်တွင်း၌ ဗီတာမင်အေဓာတ် မြင့်မားလာစေနိုင်ရန် ဗီတာမင်အေ ဆေးတောင့်ကို ဖြည့်စွက်တိုက်ကျွေးရပါမည်။ ကလေးများကို တိုက်ကျွေးရန်အတွက် ဗီတာမင်အေ ဆေးတောင့်အတွင်း၌ပါရှိသော အရည်ကို ပါးစပ်ထဲသို့ညှစ်၍ ထည့်ရန်ဖြစ်ပါသည်။ ဗီတာမင်အေကို ဝက်သက်ရောဂါနှင့် ဗီတာမင်အေချို့တဲ့သော မျက်စိရောဂါကုသရာတွင် တိုက်ကျွေးနိုင်ကြပါသည်။
ဗီတာမင်အေ အပိုဆောင်းတိုက်ကျွေးခြင်း၏ ဘေးထွက်ဆိုးကျိုးများသည် ပုံမှန်အားဖြင့် မရှိပါ။ သို့ရာတွင် ကလေးငယ်တွင် ခေါင်းကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် အန်ခြင်းများကို အလွန်ရှားပါးစွာ တွေ့ရှိရတတ်ပါသည်။
ဗီတာမင်အေ တိုက်ကျွေးခြင်း
မွေးဖွားစဉ်တွင် မိခင်များ ဗီတာမင်အေ မရရှိခဲ့ပါက မွေးဖွားပြီး ခြောက်ပတ်မှ ရှစ်ပတ်အတွင်း ယူနစ်နှစ်သိန်းပါသော ဗီတာမင်အေကို တိုက်ကျွေးနိူင်ပါသည်။ ကလေးငယ်များသည် မိခင်၏ နို့ရည်မှ ဗီတာမင်ရရှိနိူင်ပါသည်။
၆ လမှ ၁၁ လအရွယ် ကလေးငယ်များအား ယူနစ်နှစ်သိန်းနှင့် ၁၂ လမှ ၅ နှစ်အောက်ကလေးငယ်များအား ယူနစ် နှစ်သိန်းတိုက်ကျွေးရပါမည်။
အကြံပြုချက်
ဗီတာမင်ချို့တဲ့ခြင်းကြောင့် မျက်စိကို ထိခိုက်နိူင်ပါသည်။ မျက်စိကျန်းမာရေးအတွက် ဗီတာမင်အေသည် အဓိကအရေးကြီးပါသည်။ ဗီတာမင်အေ ရရှိစေရန် အစိမ်းရောင်နှင့် အဝါရောင်ရှိသော ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို စားပေးရပါမည်။ မုန်လာဥ၊ သရက်သီး၊ ဟင်းနုနွယ်ရွက်နှင့် ငှက်ပျောသီးများကို စားပေးသင့်ကြောင်း အကြံပြုအပ်ပါသည်။
Author: ဒေါက်တာမင်းသူရိန် ; Healthcare Journal (vol 8, no 13)