နှစ်စဉ် ကမ္ဘာ့အင်အားကြီး အမေရိကန် ပြည်ထောင်စုက အစ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ “မေလရဲ့ဒုတိယပတ် တနင်္ဂနွေနေ့”မှာ အမေများနေ့ ကျင်းပလေ့ ရှိပါတယ်။ မိခင်များရဲ့ အကျိုးကျေးဇူးဟာ များပြားလှပါတယ် ငွေစုထားတာလေးနဲ့ သမီးကို ဘွဲ့ရအောင်ထားတာ၊ သားကို ဆရာဝန် ဖြစ်စေချင်လွန်းလို့ ကိုယ့်ရောဂါ အတွက်ဆေးဖိုး ကုန်ကျမှာစိုးလို့ စေတနာအခမဲ့ ဆေးခန်းမှာ သွားပြပြီး အပ်ချုပ်စက်တစ်လုံးနဲ့ အပ်ထည်မှန်သမျှ ကြိုးစားချုပ်ပေးနေတဲ့ အမေတွေရှိတယ်။
သည်လိုသားသမီးတွေက အမေကိုပြန်ကြည့်သင့်ပါတယ်။ အချိန်တန်လို့ အိမ်ထောင်တွေကျ၊သားသမီး တွေနဲ့ ကောင်းစားနေတဲ့အချိန်အမေဟာအပ်ချုပ်တုန်း၊ ဈေးရောင်းတုန်း ဥပုသ်နေ့တောင် ဥပုသ်ယူဖို့ ဘုန်ကြီးကျောင်း မသွား နိုင်ရှာတဲ့ အမေများရှိနေတယ်၊ အမေဟာသားသမီးကို ဘယ်တော့မှ အပြစ်မတင်ရှာပါဘူး။
မွေးမေမေတို့ဟာ အသက်အရွယ်ရလာတာနဲ့ သဘာဝအရည်အသွေးတွေ ကျလာတတ်တယ်။ ဇီဝကမ္မ ဆိုင်ရာ ဖြစ်စဉ်များ တဖြည်းဖြည်းပျက်စီးယိုယွင်း လျော့ပါးလာလို့ ပတ်ဝန်းကျင် ဖိစီးမှုတွေကို ကောင်းမွန်စွာ အသားတကျ မတုံ့ပြန်နိုင်တော့ဘူး။ ရောဂါရလွယ်လာတယ်။ အသက်အရွယ်အရ မလုပ်နိုင်တော့ရင် သားသမီးတွေက ပြန်ပြီး ကူညီကြစေလိုတယ်။အနောက်နိုင်ငံတွေမှာအသက်ကြီးရင့် အိုမင်းမစွမ်း ဖြစ်ရင်၊ နိုင်ငံတော်က ထောက်ပံ့ကြေး၊ အိုမင်း လစာပေးတယ်။ ညည်းသမီး ဘယ်လောက်ချမ်းသာနေနေ၊ မိဘကို အိမ်ခေါ်မထားကြဘူး။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များလို့ မိဘဆိုတာ ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး ရှိခိုးဦးချပြီးမှ အိပ်ရာဝင်တတ်တာ ကောင်းတဲ့ အမူအကျင့်ပါ။ မြန်မာ ဓလေ့ပါ။
မိခင်များ အိုမင်းခြင်းဖြစ်စေရာမှာ မျိုးရိုး၊ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ အစားအစာ၊ အလေ့အအထ၊ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း၊ အရင်ဖြစ်ခဲ့ဖူးတဲ့ ရောဂါများအပေါ် မူတည်တယ်။ နှစ်စဉ် ဆေးစစ်ပေးသင့် ဆဲလ်ကလာပါ စည်းများက ဒီအင်အေပျက်စီးမှု များလာတဲ့အခါ ဆဲလ်အိုမင်းခြင်း၊ ပျက်စီးခြင်းဖြစ်ကာ ဟော်မုန်းမထုတ်တော့ခြင်း၊ ရောင်ရမ်းခြင်း၊ လှုံ့ဆော်ပစ္စည်း မထွက်တော့ခြင်းများ ဖြစ်လာတယ်။
ပြင်ပက ခရမ်းလွန်ရောင်ခြည်အပါအဝင်ရောင်ခြည်များ၊ ဆေးလိပ်ငွေ့များ၊ လေထုအတွင်း အမှုန့်များ၊ ပိုးသတ် ဆေးများ၊ ဓာတ်မြေသြဇာနဲ့ စက်ရုံသုံး ဓာတုပစ္စည်းများ၊ ဆိုးဆေးများက ကင်ဆာဖြစ်စေတယ်။ ရင်သား ကင်သား၊ သားအိမ်ကင်ဆာ၊ သားအိမ် ခေါင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ နှလုံးနှင့် သွေးတိုးရောဂါရတယ်။
အသက်ကြီးလာရင်မှတဉာဏ်လျော့ပါး ( Dementia) ဖြစ်လာတယ်။ ပုံဆွဲခြင်း၊ စာဖတ်ခြင်း၊ စကားလုံး ဆက်ခြင်း စတဲ့ ဦးနှောက်သုံးတဲ့ လုပ်ငန်းမှာ ပြန်လေ့ကျင့် ခိုင်းရမယ်။ တရားဘာဝနာ ကျင့်ရမယ်။
ကိုယ်လက်လှုပ်ရှား အားကစားဟာ ခန္ဓာကိုယ်ထဲက အဆီတွေမစုအောင် လုပ်နိုင်သလို အကြောအဆစ်တွေ ကိုက်ခဲတာ ပြေလျော့စေတယ်။ နေ့စဉ် နာရီဝက် (အပြေး၊စက်ဘီးစီး၊ လက်းလျှောက်) လုပ်သင့်တယ်။
အာဟာရပြည့်ဝအောင် စားရမယ်။ အာဟာရပြည့်ဝရင် ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအစာဖြစ်ရင် သွေးပေါင်ချိန် ထိန်းသိမ်းခြင်း၊ ဦးနှောက်စွမ်းဆောင်မှုကောင်းခြင်းတို့ကို အထောက်အကူပြုစေတယ်။ ဆေးလိပ်၊ ကွမ်းယာဖြတ်သင့်သလို၊ရေဆာရင်ရေပဲသောက်သင့်ပြီး အချိုရည် သောက်ခြင်း ရှောင်ရှားသင့်ပါတယ်။ အိပ်ရေးမပျက် သင့်ဘူး။ သားသမီးအရေး၊ အိမ်ထောင်ရေး စဉ်းစားလို့ အိပ်မပျော်တတ်ကြဘူး။ အချိန်မှန် အိပ်ရမယ်။ အိပ်ချိန်မှန် ရမယ်။ အိပ်ရာဝင်ခါနီး အစာစားခြင်း၊ကော်ဖီ၊ လက်ဖက်ရည်သောက်ခြင်း ရှောင်ရမယ်။ နေ့စဉ်နာရီဝက် လေ့ကျင့်ခန်း လုပ်ပြီး ရေနွေး (ကြက်သီးနွေး)နဲ့ ရေချိုးသင့်တယ်။ ညအိပ်ရာဝင်ရင် တီဗီ၊ ကွန်ပျူတာတွေပိတ်ထားသင့်တယ် ။ အိပ်ရာဝင် သက်သောင့်သက်သာရှိရမယ်။ အိပ်ရာပေါ်မှာ မဂ္ဂဇင်းစာအုပ် မရှိသင့်ဘူး။ စိတ်တည်ငြိမ်စေဖို့ တရားထိုင်၊ ပုတီးစိပ်သင့်တယ်။ တရားခွေဖွင့်တရားနာသင့်တယ်။ အသက်ပြည့်စွာ ရှူသွင်းရှူထုတ်ပြီး ဝင်လေသိ ထွက်လေသိနဲ့ အသိကပ်ထားပြီး သတိနဲ့ ရှုမှတ်သင့်တယ်။ ဖြေလျှော့ရမယ်။
အမြင်၊ မျက်စိဟာ နေပူမိုးရွာမရှောင် လုပ်ခဲ့ရလို့ သက်ကြီးတွေမှာ အတွင်းတိမ် ဖြစ်နေတတ် တိမ်စွဲတာ ခွဲစိတ်ပြီးရင် အမြင်ပြန်ကောင်းသွားတယ်။ ကိုက်ညီတဲ့ မျက်မှန်တပ်ဆင်သင့်တယ်။ အသံနဲ့ပတ်သက်ပြီး နားဖာချေး ကလော်တာများလို့နားစည် ထိခိုက်ရင်၊ နားပြည်ယိုရင်နား၊နှာခေါင်း ဆရာဝန်နဲ့ ပြရမယ်။ ဆူညံသံက အကြား အာရုံကိုထိခိုက်စေလို့ ဆူညံသံနဲ့ ဝေးရာမှာနေသင့်တယ်။ အကြားအာရုံနည်းလာရင် နားကြားကိရိယာလိုမလို မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။
သွားနှင့်ခံတွင်းလည်း မကောင်းတတ်ကြဘူး။ အသက်ကြီးလာရင်သွားကျိုး သွားဆွေးလို့လိုအပ်ရင်နုတ်ပြီး ပြန်စိုက်သင့်တယ်။ မစိုက်ဘဲထားရင် ကောင်းတဲ့သွားတွေ ယိုင်လာပြီး သွားနဲ့လာကာမလိုအပ်ဘဲ အချိန်မတိုင်ခင် သွားတွေနုတ်ရလို့ “အံပုံ၊အံကပ်” တပ်ရတဲ့အထိ ဖြစ်လာတယ်။ သွားကို မနက်ည နှစ်ကြိမ်တိုက်၊ သွားကြားထိုးကြိုးကို အသုံးပြု၊ သကြားဓာတ်အချို့ပါတဲ့ အစာစာပြီးတိုင်းပလုတ်ကျင်းရမယ်။ အတုဘယ်လောက်ကောင်းကောင်း အစစ်ကိုတော့ မမီနိုင်လို့ သွားကျန်းမာရေးအတွက် တစ်နေ့တစ်ကြိမ်သွားတိုက်ရမယ်။
အသက်ကြီးလာရင် ဝမ်းချုပ်တတ်ပါတယ်။ ဝမ်းချုပ်တာ ကာကွယ်ဖို့ ရေများများသောက်ရမယ်။ တစ်ရက်ရေ ၈ခွက် သို့မဟုတ် နှစ်လီတာသောက်သင့်တယ်။အမျှင်ဓာတ်ပါတဲ့ဟင်းသီးဟင်းရွက်၊အသီးအနှံ၊ထောပတ်သီး၊ ဒူးရင်းသီး၊ မာလကာသီး၊ သစ်တော်သီး၊ စပျစ်သီး၊ လိမ္မော်သီး စားသင့်သလို ဆန်၊ ဂျုံ၊ ပြောင်း စားပေးရမယ်။အမျှင်ဓာတ် နည်းလွန်းရင် ဝမ်းပမာဏနည်းစေလို့ ဝမ်းချုပ်စေတယ်။ မနက်၆ နာရီ အိမ်သာတက်တဲ့ အကျင့်လုပ် သင့်သလို ဝမ်းသိပ်ချုပ်ရင် ဝမ်းနုတ်ဆေးအစား ဝမ်းပျော့ဆေး (Delux) တစ်ည နှစ်လုံးသောက်ပေး သင့်ပါတယ်။
ဆီးမထိန်းနိုင်။ မွေးဖွားစဉ် အရပ်လက်သည်နဲ့ အချိန်မတိုင်မီ တွန်းချခဲ့လို့ သားအိမ်ကျွံခြင်း၊ သားအိမ် လျှောကျခြင်းတို့ဖြစ်တတ်တယ်။ ဆီးခဏဏ မသွားသင့်ဘူး။ ကြွက်သားအားနည်းခြင်းနဲ့ ဆီး အိမ်ကြွက်သား အားနည်းခြင်းအပြင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အချို့ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ဆီးချိုရောဂါ တို့က ဆီးမထိန်းနိုင် ဖြစ်စေပါတယ်။
ဇက်ကြောတက်တာက တစ်ချိန်လုံး အလုပ်လုပ်ရလို့ လည်ပင်းကျီးပေါင်းတက်တာဖြစ်ပြီး ဇက်ကြော တက်ခြင်း၊ အဆစ်လှုပ်ရှားရခက်ခဲခြင်း၊ အာရုံကြောအားနည်းခြင်း၊ လက်များထုံကျဉ်ခြင်း၊ မူးဝေခြင်းတို့ ဖြစ်တယ်။ ခါးကျီးပေါင်းတမရင် ခါးနာခြင်း၊ အဆစ်လှုပ်ရှားမှု လေးလံခြင်း၊ အာရုံကြောအားနည်းခြင်း၊ လမ်းလျှောက် ခက်ခဲခြင်း၊ ခြေထောက်ထုံကျဉ်ခြင်း ဖြစ်လာတယ်။ ချော်လဲခြင်းစတဲ့ မတော်တဆမှုတွေ ရှိလာတယ်။
စိတ်သွားတိုင်း ကိုယ် မလိုက်နိုင်တဲ့အခါ မှတဉာဏ် ချို့တဲ့လာခြင်း၊ မျက်လုံး အားနည်းခြင်း၊ ကြွက်သား အားနည်းခြင်း၊ နာတာရှည် အဆစ်ရောင်ခြင်း၊ အရိုးကျီးပေါင်း တက်ခြင်း ဖြစ်တယ်။ ရေချိုခန်းမှာ လက်ကိုင်တပ်ထား တာ၊ မချော်နိုင်တဲ့ ကြမ်းခင်းထားတာ၊ ဘိုထိုင်အိမ်သာသုံးတာ၊ ကြမ်းပြင် ခြောက်အောင်ထားတာလိုတယ်။
အသက်ကြီးလာရင် အားဆေးလိုတယ်။ မိသားစုဆရာဝန်နဲ့ တိုင်ပင်သောက်သုံးသင့်ပါတယ်။
Author: Dr. လွင်သန့်