ညဘက် ကျောအောင့်ခြင်းဝေဒနာဟာ ကျောရိုးဆစ်တွင် ဆိုးရွားသော ပြဿနာရှိကြောင်း ဖော်ပြနေခြင်းဖြစ်ပါတယ်။
သို့သော် ၎င်းရောဂါဝေဒနာဟာ လေ့ကျင့်ခန်းလုပ်ခြင်း၊ အနားယူခြင်းတို့ကို ပြုလုပ်လိုက်မယ်ဆိုရင် ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာပျောက်ကင်း နိုင်ပါတယ်။
ထိုရောဂါဝေဒနာခံစားရသူများဟာ နာကျင်မှုကြောင့် ညဘက်တွင် လုံလောက်သော အနားယူမှုကို ရရှိရန်ခက်ခဲတတ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် နေ့ဘက်အချိန်တွင် လုံးဝမနာကျင်ပဲ ညအိပ်ချိန်ရောက်မှသာ လုံးဝအိပ်စက်မရလောက်တဲ့အထိ နာကျင်တတ်ခြင်းကြောင့် ဖြစ်ပါတယ်။
အောက်ပါအချက်များဟာ ကျောအောင့်ခြင်းဖြစ်နိုင်သောအကြောင်းရင်းများဖြစ်ပါတယ်။
၁။ အဖြစ်အများဆုံး အကြောင်းရင်းမှာ ကျောရိုးဆစ်ကြားရှိ အချပ်ပြားပျက်စီးခြင်းကြောင့် ဖြစ်ပြီး သက်ကြီးရွယ်အိုများတွင် ပို၍ အဖြစ်များသော အကြောင်းရင်းဖြစ်ပါတယ်။
၂။ ချော်လဲခြင်း နှင့်မတော်တဆ ထိခိုက်မှုကြောင့် ကျောရိုးဆစ်ကျိုးခြင်း၊ အက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၃။ ကြောရိုးကောက်ဝေဒနာ၊ ကြောရိုးတိုင် ကျဉ်းမြောင်းခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ သားအိမ်တွင်းဆဲလ်နေရာလွဲခြင်း၊ အဆစ်အမြစ် ရောင်ရောဂါများဟာလည်း ကျောအောင့်ခြင်းရဲ့ အကြောင်းရင်းများဖြစ်ပါတယ်။
၄။ အချို့ကင်ဆာရောဂါများနှင့် ကျောရိုးအကျိတ်များဟာလည်း အကြောင်းရင်းတစ်ခုဖြစ်နိုင်သလို အကျိတ်များ၊ကျောရိုးတွင် စတင်ဖြစ်ပွားသော မူလ အကျိတ်နှင့် ခန္ဓာကိုယ် အခြားနေရာများမှ ကျောရိုးဆီသို့ ပျံ့နှံ့ လာသောဆင့်ပွားအကျိတ်ဟူ၍ နှစ်မျိုးရှိပါတယ်။
၅။ ကျောရိုးဆစ်တွင်း ရောဂါပိုးဝင်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။
ကျော့အောင့်နေစဉ် အတောအတွင်း အောက်ပါအချက်များကို သတိပြုရန် လိုအပ်ပါတယ်။
ကျောအောင့်ခြင်းဟာ ခြေထောက် တစ်ဖက် သို့မဟုတ် နှစ်ဖက်သို့ ပျံနှံ့ သွားခြင်း။
ခြေထောက်များအားနည်းလာခြင်း၊ ထုံကျင် လာခြင်း။
ဆီးနှင့်ဝမ်းဆိုင်ရာဝေဒနာများ ဖြစ်ပေါ်လာခြင်း။
ဝမ်းဗိုက်တွင်ထိုးအောင့်ခြင်း။
ကိုယ်ပူခြင်း။
ခန္ဓာကိုယ် အလေးချိန်ကျဆင်းခြင်း။
ယခင်က ကင်ဆာ ရောဂါဖြစ်ဖူးသော ရောဂါရာဇဝင် ရှိခြင်း။
ခုခံအားကျဆင်းစေသော အခြားရောဂါရာဇဝင် ရှိခြင်း။
ထိခိုက်ဒဏ်ရာရဖူးသော ရာဇဝင်ရှိခြင်း စသော အချက်များနှင့် ကျောအောင့်ခြင်းကို တွဲ၍ ခံစားရလျှင်၊ အထူးသဖြင့် ကင်ဆာရောဂါရာဇဝင် ရှိခဲ့လျှင် ဆရာဝန်နှင့်ချက်ချင်း ပြသသင့်ပါတယ်။
Author : Dr. မိုးမိုးလွင် ( ဆေး ၁)