လူ့ဘဝကို ရသည်နှင့် မည်သူမဆိုပင် ရောဂါတစ်ခုမဟုတ် တစ်ခုကို ခံစားရလေ့ရှိသည်မှာ
ဓမ္မတာတစ်ရပ်ပင် ဖြစ်ပါသည်။ ရောဂါတစ်ခုမျှ မခံစားရဖူးသူ ဟူ၍ မရှိပါ။ ထိုရောဂါများထဲတွင်မှ
ရေတိုကုသ၍ ပျောက်ကင်းသောရောဂါ၊ ရေရှည်ကုသမှ ပျောက်ကင်းနိူင်သောရောဂါ၊
အသက်ရှင်နေစဉ် ကာလပတ်လုံး ဆေးဝါးအကူအညီယူကာ ကုသနေရသောရောဂါနှင့်
အသက်ရှင်ရန်အတွက် လုံးဝကုသ၍ မရနိူင်သော ရောဂါဟူ၍ အမျိုးမျိုး ကွဲပြားနေလျက်ရှိပါသည်။
ရောဂါတစ်ခုဖြစ်လာပါက ရောဂါခံစားနေရသူလူနာနှင့် ထိုရောဂါကို ကုသပေးသူ ဆိုပြီး နှစ်မျိုးနှစ်စား
ရှိပါသည်။ မည်သူမဆိုပင် ရောဂါဝေဒနာတစ်ခု ခံစားရပြီဆိုသည်နှင့် မိမိတို့၏ အသိစိတ်နှင့် ဖြစ်စေ၊
ပတ်ဝန်းကျင်မှ တိုက်တွန်းအကြံပေး၍ ဖြစ်စေ၊ ထိုရောဂါများကို ကုသမှုခံယူလေ့ရှိကြပါသည်။
ထိုအခါတွင်လည်း ပတ်ဝန်းကျင်မှ အကြံပေးမှုများကြောင့် လူနာကိုယ်တိုင် ဇဝေဇဝါဖြစ်ရသည့်
အဖြစ်မျိုးလည်း ကြုံတွေ့ရနိူင်ပါသည်။
အချို့ကလည်း နိူင်ငံရပ်ခြားကုထုံးဖြစ်သည့်
ဆရာဝန်နှင့်လည်းကောင်း၊ အချို့ကလည်း တိုင်းရင်းဆေးဝါးဖြင့် ကုသပေးသည့်
ဆေးဆရာများနှင့်လည်းကောင်း၊ အကြံပေးလေ့ရှိတတ်ရာ လူနာကိုယ်တိုင်ပင် မည်သူနှင့်
ကုသရမည်လည်း ဆိုသည်ကို မဝေခွဲနိူင်မှုလည်း ကြုံတွေ့ရနိူင်ပါသည်။ အချို့လူနာများသည်လည်း
ငွေကြေးမတတ်နိူင်သောကြောင့် ငွေကုန်ကြေးကျသက်သာမည့် ဆရာနှင့်သာ ကုသမှုကို
ခံယူတတ်ကြပါသည်။ အချို့သည်လည်း ငွေကြေးတတ်နိူင်၍ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအပြင်
နိူင်ငံခြားသို့ပါ သွားရောက်ပြသ၊ ကုသမှု ခံယူတတ်ကြပါသည်။
အထက်တွင် ပြောပြခဲ့သည့်အတိုင်း ပတ်ဝန်းကျင်မှ အကြံဉာဏ်ပေးမှုများကြောင့် ရန်ကုန်၊
မန္တလေးစသည့် မြို့ကြီးများရှိ အထူးကုများထံ သွားရောက်ပြီး ကုသမှုခံယူရာတွင် နယ်မှ
လူနာအများစု ဖြစ်ကြပါသည်။ အချို့လူနာတို့သည်လည်း ငွေကြေးချမ်းသာ၍ မတွက်သော်လည်း
မိမိတို့၏ အသက်ကို ထိခိုက်မည် စိုးရိမ်ကာ ရှိသမျှလေး ထုခွဲ၊ ပေါင်နှံ၊ ရောင်းချကာ
အထူးကုဆရာဝန်များနှင့် ပြသ၍ ကုသမှု ခံယူတတ်ကြပါသည်။ ငွေတိုးများ ချေးယူကာ နောင်ခါလာ
နောင်ခါဈေးပဲဟု ခံယူလျက် မိမိတို့ရောဂါ ပျောက်ကင်းရန်အတွက် ထိုအထူးကု ဆရာဝန်ကြီးများနှင့်
ကုသမှု ခံယူကြရ ရှာပါသည်။ ထိုရောဂါများအထဲတွင်မှ HIV လိုရောဂါများနှင့်
ကာလသားရောဂါများကိုဖြင့် လူသိခံပြီး ဆေးရုံများ၌ ကုသမှုမခံရဲကြသဖြင့် အထူးကုများထံ ကုသမှု
ခံယူလေ့ရှိကြပါသည်။
ပြင်ပဆေးခန်းနှင့် ပုဂ္ဂလိက ဆေးရုံများ၌ ဆေးခန်းထိုင်ပြီး ကုသပေးသူ
ထိုအထူးကုများကလည်း သူတို့ဆီ လာရောက်ကုသခံယူသူ မှန်သမျှသည် ငွေကြေးတတ်နိူင်သဖြင့်
လာရောက်ကုသနေသူများဟု ထင်မှတ်နေကြပါသည်။ အမှန်တကယ်တွင်မူ လူသိမခံလိုသော
ရောဂါဖြစ်နေခြင်း၊ တစ်ပါးသူများက ညွှန်ပို့ပေးခြင်းကြောင့်သာဖြစ်နေပြီး တစ်သက်တာလုံး
စွဲမြဲစွာသောက်ရမည့် ဆေးဝါးများနှင့် ကုသမှုစရိတ်များကို မတတ်နိူင်ကြသူက အများစု
ဖြစ်နေကြပါလေတော့သည်။ ထိုအခြေအနေများကို ထိုအထူးကု ဆရာဝန်များက မေးမြန်းခြင်း၊
သုံးသပ်ခြင်း၊ မလုပ်ကြတော့ဘဲ သူတို့ညွှန်ကြားသည့် ဓာတ်ခွဲစမ်းသပ်မှုများ ဆေးဝါးများကိုသာ
ညွှန်ကြားပေးလေ့ရှိတတ်ကြပါသည်။
လူနာနှင့် မိသားစုဝင်တို့မှာမူ ဆရာဝန် ညွှန်ကြားချက်အတိုင်းသာ လိုက်၍ ပြုလုပ်လေ့ရှိကြပြီး
မေးမြန်းမှုလည်း မလုပ်ရဲကြသလို မေးမြန်းရန် အချိန်လည်းမရ ဖြစ်ကြရပါသည်။
ဆရာဝန်များကလည်း ခေတ်မီသော ဈေးနှုန်းကြီးမြင့်သော ဓာတ်ခွဲ စမ်းသပ်မှု အခြေအနေများဖြင့်သာ
အလုပ်လုပ်နေကြပါတော့သည်။ ယခင်ခေတ်မှ ဆရာဝန်ကြီးများကဲ့သို့ လူနာ၏ ရာဇဝင်နှင့်
ရောဂါအခြေအနေများကို မေးမြန်းမှု၊ စမ်းသပ်မှု သုံးသပ်မှု အားနည်းနေကြသည်မှာ အမှန်ပင်
ဖြစ်ပါသည်။ လူနာတစ်ဦး နယ်မှလာ၍ ဆေးကုသမှု ခံယူသည်ဆိုသည်နှင့် လူနာနှင့်
အဖော်လိုက်လာသူများ၏ စားစရိတ်၊ နေစရိတ်၊ ခရီးသွားလာစရိတ် စသည့် အထွေထွေ
ကုန်ကျမှုများက လူနာ၏ မိသားစုဝင်များအတွက် ဝန်ထုပ်ဝန်ပိုးတစ်ရပ် ဖြစ်နေသည်။
အချို့သည်လည်း မိတ်ဆွေများ၊ အမျိုးများနှင့် ဘုန်းကြီးကျောင်းများတွင် တည်းခိုနေထိုင်လျက်
ဆေးကုသခံယူရသူများလည်း ရှိတတ်ကြပါသည်။ ရေရှည် ဆေးကုသမှုခံယူရမည့် HIV ပိုး
ရောဂါမျိုးအတွက် သူ့အသက်မသေလျှင်သော်မှ ကုန်းကောက်စရာမရှိလောက်အောင်
ဖြစ်သွားနိူင်ပါသည်။ ထိုအခြေအနေများကို မည်သည့်အထူးကုကမျှ လူနာဘက်မှနေ၍
စဉ်းစားချင့်ချိန်ပေးရန် အချိန်မပေးနိူင်သည်များကို ကြုံတွေ့နေရပါသည်။ HIV ကဲ့သို့ ရောဂါရှိသည့်
လူနာတစ်ဦးအတွက် ဓာတ်ခွဲစမ်းသပ်မှု အထွေထွေက အမျိုးစုံ လှသလို ငွေကုန်ကြေးကျများသည့်
စမ်းသပ်မှုများလည်း ရှိနေပါသည်။
HIV နှင့်ပတ်သက်ပြီး လူနာ၏ အခြေအနေကို သုံးသပ်လျှက် လိုအပ်သည့်
ဓာတ်ခွဲစမ်းသပ်များကို ငွေမည်မျှ ကုန်ကျပါစေ မဖြစ်မနေ စမ်းသပ်ရမည် ဖြစ်သော်လည်း
မလိုအပ်သည့် ငွေကုန်ကြေးကျ များသော ဓာတ်ခွဲစမ်းသပ်မှုများကို ဆရာဝန်မှ သိလို၍
စမ်းသပ်ခိုင်းခြင်းမျိုးသည် လူနာအား ငွေကြေးဝန်ပိမှုမျိုးသာ ဖြစ်စေပါတော့သည်။ ဥပမာအားဖြင့်
ယခင်အခါက HIV ရှိနေသော လူနာကို ခုခံအားစနစ်ဖြစ်သည့် CD4 အခြေအနေနှင့် OI
ရောဂါအခြေအနေများကို ဓာတ်ခွဲစမ်းသပ်ပြီး ကုထုံးစတင်ခဲ့ရပါသည်။ ယနေ့ခေတ်အခြေအနေတွင်
Test and Treat ဟု ခေါ်သည့် HIV ရှိသည်နှင့် ART ဆေးတိုက်ရန် ညွှန်ကြားမှု ရှိနေသဖြင့်
အခြေအနေ မည်မျှရှိပါစေ လူနာမှာ သောက်လိုစိတ်နေသဖြင့် CD4 အခြေအနေ မည်မျှရှိပါစေ
လူနာမှသောက်လို စိတ်နှင့် ငွေကြေးတတ်နိူင်ပါက သောက်စေရုံသာ ဖြစ်ပါတော့သည်။
သို့မှသာ OIရောဂါဟုခေါ်သော နောက်ဆက်တွဲ အခွင့်အရေးယူ ဝင်ရောက်လာသော ရောဂါများကို
တားဆီးနိူင်မည်သာ ဖြစ်ပါသည်။ လူသိမခံလိုသော ရောဂါဖြစ်သောကြောင့် ART ဆေး
မြန်မြန်သောက်လျှင် လူမသိလေ ဖြစ်ပါသည်။ ထို့အပြင် CD4 အခြေအနေကောင်းမွန်နေပါက
ပိုးကောင်ရေ နည်းနေမည်ဖြစ်ပြီး ကျဆင်းပါက HIV ပိုးကောင်ရေ များနေမည်သာ ဖြစ်သည်။ CD4
စစ်ဆေးမှုသည် ကျပ်နှစ်သောင်းဝန်းကျင်သာ ဖြစ်ပြီး ပိုးကောင်ရေ စစ်ဆေးမှုသည်
ကျပ်တစ်သိန်းဝန်းကျင် ဖြစ်နေသည်။ ထို့ကြောင့် ကုသနေသည့် အခြေအနေကို သုံးသပ်ပြီးမှသာ
ဆုံးဖြတ်ချက်များ ချပေးသင့်ပါကြောင်း ရေးသားလိုက်ရပါတော့သည်။
Author: လှိုင် (PEER) , Healthcare Journal