ခါးနာခြင်းဆိုတာခန္ဓာကိုယ်ရင်အုပ်ပိုင်းနံရိုးတွေရဲ့အနောက်၊ အောက်ဘက်မှာနာကျင်ကိုက်ခဲပြီးမကုန်းနိုင်မကွနိုင်ခါးကြီးတန်းပြီး နေရတဲ့အခြေအနေမျိုးကိုကြုံရခြင်းဖြစ်ပါတယ်။
ထိုင်လို့မရ၊ထလို့လည်းမကောင်း၊ နေရတာ အတော့်ကိုဆိုးဝါးစေပါတယ်။ ခါးနာလို့ ထိုင်လို့မရ၊ ထမရမို့ ရုံးပျက်၊ ကျောင်းပျက်ဖြစ်ရတဲ့အကြောင်း ကလည်း ပြသနာတစ်ရပ်ပါပဲ။ ကောင်းတာတစ်ချက်ကတော့ခါးနာတာဟာသူ့ဘာသာသူပြန်ကောင်းလာတတ်ပါတယ်။တကယ်လို့ခါးနာတာနာတာရှည်လာပြီးမသက်သာလာဘူးဆိုရင်ထိထိရောက် ရောက်ဆေးကုသမှုခံယူဖို့လိုပါတယ်။
ခါးနာရခြင်းအကြောင်းအရင်း
အခြေအနေအမျိုးမျိုးကြောင့် ဖြစ်စေတတ်ပါတယ်။ စပြီး နာခါစမှာ မသိမသာနာတာတာလေးပါပဲ။ တချို့ကျတော့ဆုပ်ဆွဲထားသလို၊ဒါမှမဟုတ်ထိုးကိုက်သလိုမျိုးဖြစ်စေတတ်ပါတယ်။လှုပ်ရှားရတာလည်းနာထရင်လည်းနာ၊ ထိုင်ရင်လည်းနာ၊ ခါးဆန့် ရင်လည်းနာ၊ မတ်တတ်ရပ်ရင်လည်းနာဖြစ်နိုင်သလို ရုတ်တရက် ချက်ချင်းလည်းနာလာတတ်ပါတယ်။အားကစားသမားတွေမှာလည်းခန္ဓာကိုယ်ပြေးလွှားလှုပ်ရှားကစားရတဲ့အတွက် ရုတ်တရက်နာကျင် လာတတ်ပါတယ်။ ထို့အတူ အလေးအပင်တွေမခြင်း၊ ခန္ဓာကိုယ် အနေအထားလွဲမှားခြင်းတို့ကြောင့်လည်း ဖြစ်စေတတ်ပါတယ်။ ဘယ်လိုအကြောင်းအရာမျိုးကြောင့်ပင်ဖြစ်စေ ခါးနာကျင်တာ သုံးလထက်ပိုမိုကျော်လွန်လာပြီဆိုပါက နာတာရှည်ခါးနာဖြစ်ပြီလို့ သိရှိနိုင်ပါတယ်။ ခါးစတင်နာကျင်ကိုက်ခဲလာတာ ၇၂ နာရီကျော် လို့မှမသက်သာရင် ဆရာဝန်နဲ့တိုင်ပင်ပြသဖို့လိုအပ်ပါတယ်။
အောက်ပါအကြောင်းအရင်းတွေကြောင့် ခါးနာခြင်း ကိုလည်း ဖြစ်စေတတ်ပါတယ်။
ကြွက်သားဒဏ်ပိခြင်း၊ ဒါမှမဟုတ် အကြောညပ်ခြင်း
အလေးအပင်တွေကိုမနိုင်ဘဲ မလိုက်၊ ထမ်းလိုက်ပြုလုပ်မိ ပါကလည်း ခါးနာတတ်ပါတယ်။ တချို့ကျတော့ လေ့ကျင့်ခန်းလုပ် ရင်း၊ ခါးကိုဟိုလှည့်ဒီလှည့်လုပ်ရင်းနဲ့ ခါးရိုးမှာရှိတဲ့အရွတ်ပြားဝိုင်းကို ထိခိုက်မိပြီးခါးအကြောကိုဖိမိတဲ့အတွက်ကြောင့်ခါးနာတတ်ပါတယ်။အဲဒီလိုအခါမျိုးမှာတင်ပါးတစ်ဖက်ဖက်ကခါးစနာပြီး ခြေသလုံးအထိနာကျင်ကိုက်ခဲစေတတ်ပါတယ်။
ခါးနာစေတဲ့တရားခံများ
မိမိလုပ်ရတဲ့အလုပ်ဟာ ကျောရိုးကိုတွန့်လိမ်စေနိုင်တဲ့ ပစ္စည်းမရ၊ သယ်ရခြင်းဖြစ်ပါကလည်း ခါးနာစေနိုင်ပါတယ်။ဒါ့ပြင်တစ်နေကုန်စားပွဲရှေ့ထားထိုင်ရသူတွေ၊ကားမောင်းရတဲ့သူတွေ၊ထိုင်ရတဲ့ခုံကိုက မြင့်လွန်းရင်ဖြစ်စေ၊နိမ့်လွန်းရင်ဖြစ်စေခါးနာတတ်ပါတယ်။ ပခုံးပေါ်မှာ လေးလံတဲ့အိတ်တွေကိုသယ်ဆောင်ခြင်း ကလည်းခါးနာခြင်းကိုဖြစ်စေနိုင်ပါတယ်။ နှစ်ဖက်လွယ်ရတာမဟုတ်ဘဲတစ်ဖက်တည်းအားစိုက်လွယ်ရတဲ့အိတ်မျိုးကိုကိုင် ဆောင်သူတွေမှာပိုမိုအဖြစ်များစေပါတယ်။အဲဒီကြားထဲအိတ်ထဲကိုစာအုပ်ထူထူကြီးတွေထည့်လွယ်ပြီဆိုရင် ခါးအောက်ပိုင်းပေါ်ဒဏ်ပိပြီး ခါးနာခြင်းကိုဖြစ်စေပါတယ်။
ခန္ဓာကိုယ်အနေအထား
ခါးနာခြင်းရန်ကနေကာကွယ်ဖို့အတွက် ခန္ဓာကိုယ်အနေ အထားကိုတည့်တည့်ရပ်ခြင်းကလည်း များစွာအထောက်အကူပေး နိုင်ပါတယ်။တည့်တည့်ရပ်၊ခါးကိုမတ်မတ်ထိုင်ခြင်းအားဖြင့်ခါးရော နောက်ကျောပါ တောင့်ခြင်းတင်းခြင်းနည်းစေသလိုခါးနာခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ ခြေထောက်ကိုခုံနိမ့်နိမ့်လေး ပေါ်ထားလိုက်ရင်ပိုပြီးတောင်စမတ်ကျကာကိုယ်နေဟန်ထားကို သက်တောင့်သက်သာဖြစ်စေပါတယ်။ ဒါကြောင့် မတ်တတ်ရပ်တဲ့ အခါ ခြေနှစ်ဖက်ပေါ်မှာ ဟန်ချက်ညီအောင်ထိန်းထားဖို့လိုပါတယ်။
ဒါ့ပြင်နာတာရှည်ရောဂါသည်တွေမှာ အာရုံကြောစနစ် တွေချို့ယွင်းလာတဲ့အတွက်ဖြစ်စေ၊ ကျောရိုးဆစ်အတွင်းရှိအရွတ် တွေဆုတ်ပြဲသွားလို့ဖြစ်စေ၊ အရိုးတည်ဆောက်ပုံမမှန်တဲ့အတွက် ခါးအတွင်းရှိ ကျောရိုးတိုင်အဆစ်တွေရောင်ရမ်းခြင်းကြောင့်ဖြစ်စေ ခါးနာစေနိုင်ပါတယ်။
ခါးနာရောဂါဖြစ်နိုင်ချေများသူများ
လူအများစုကတော့ အသက် ၃၀ ရောက်ရင် ခါးနာဖူးပြီး ဖြစ်နေတတ်ပါတယ်။ အသက်ရလာတာနဲ့အမျှ ခန္ဓာကိုယ်စနစ်တွေ ချို့ယွင်းလာမှုနဲ့အတူ ခါးနာလာတတ်ပါတယ်။ ကိုယ်အလေးချိန် တိုးပြီး ဝလာတဲ့သူတွေ၊ ငြိမ်ငြိမ်လေးအထိုင်များတဲ့သူတွေ၊အလေး အပင်တအားမရတဲ့သူတွေမှာ ခါးနာရောဂါဖြစ်နိုင်ခြေပိုများပါတယ်။
ခါးနာသက်သာအောင် (ခါးမနာအောင်) ဘယ်လိုလုပ်ရမလဲ
ခါးကြွက်သားပေါ်ဒဏ်ဖြစ်လို့ ခါးနာရတာဆိုရင်တော့ အလိုလိုသက်သာသွားနိုင်ပါတယ်။ ကြပ်ထုပ်ထိုး၊ ရေနွေးအိတ်တင်ခြင်းဖြင့်လည်း ခေတ္တခဏသက်သာသွားစေနိုင်ပါတယ်။ခါးနာ ရောဂါခံစားရသူအများစုဟာအိပ်ရာပေါ်ကမထချင်ကြတော့ပါဘူး။ လေ့လာချက်တွေအရခါးနာတယ်ဆိုပြီးအိပ်ရာပေါ်ကမထဘဲတစ်ရက်၊ နှစ်ရက်လောက်နေလေခါးနာတာပိုဆိုးလေပါပဲ။မလှုပ်မရှားနေလေ ြွကက်သားတွေရဲ့အား ပျော့ပျောင်းသွားလေဖြစ်ကာ အလိုက်သင့်နေလို့မရဖြစ်လေဖြစ်လာပါတော့တယ်။
၁။ ယောဂလုပ်ပါ
ခါးနာတာသုံးလကြာတဲ့အထိ မသက်သာသေးဘူးဆိုရင် ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်းအားဖြင့် သက်သာသွားစေနိုင်ပါ တယ်လို့ လေ့လာချက်တွေအရတွေ့ရှိရပါတယ်။ ယောဂလေ့ကျင့် ခန်းတွေထဲမှာ ခါးဆန့်ထုတ်လေ့ကျင့်ခန်းတွေပါပါတယ်။တကယ်လို့ခါးနာဝေဒနာကိုခံစားနေရတယ်ဆိုပါကသင်တန်းဆရာကိုကြိုတင် ပြောပြထားဖို့လိုအပ်ပါတယ်။ဒါမှသာအနေအထားဘယ်လို နေထိုင်လေ့ကျင့်ရမလဲဆိုတာကို ပြောပြပေးနိုင်မှာဖြစ်ပါတယ်။
၂။ နှိပ်နယ်ပေးခြင်း
နာတာရှည်ခါးနာရောဂါရှိတဲ့သူတွေမှာ ခါးကို ကျွမ်းကျင် ပညာရှင်ကနှိပ်နယ်ပေးပါက လုံးဝသက်သာသွားနိုင်ပါတယ်။ ဒါပေမဲ့ လူတိုင်းအတွက် အဆင်ပြေချင်မှတော့ပြေနိုင်ပါလိမ့်မယ်။
၃။ အပ်စိုက်ကုထုံး
အပ်စိုက်ကုပြီး နာကျင်မှုတွေသက်သာသွားအောင်လည်း ပြုလုပ်နိုင်ကြပါတယ်။ သက်သာသွားတဲ့သူတွေကတော့ ဝမ်းသာ အားရ တစ်ဦးနဲ့တစ်ဦးသတင်းပေးကြတာပါပဲ။
၄။ အကိုက်အခဲပျောက်ဆေးများ
တော်ရုံခါးနာတာလောက်ကတော့ အကိုက်အခဲပျောက် ဆေးတွေဖြစ်တဲ့ Acetaminophen ၊ Buprofen ၊ Naproxen စတဲ့အကိုက်အခဲပျောက်ဆေးတွေသောက်ရုံ၊ လိမ်းဆေးတွေလိမ်း ရုံနဲ့သက်သာသွားနိုင်ပါတယ်။အရမ်းပြင်းထန်ဆိုးဝါးရင်တော့ဆရာဝန်နဲ့သေချာပြပြီးအတိအကျဆေးကုသဖို့လိုအပ်ပါတယ်။
၅။ ဆေးထိုးခြင်း
တကယ်လို့ ရိုးရိုးကုထုံးလေးတွေဖြစ်တဲ့ ဆေးစား၊ ယောဂ လုပ်စတာတွေနဲ့မသက်သာရင် ဆရာဝန်က နာနေတဲ့ခါးဆစ်ရိုးထဲ ဆေးထိုးပေးတတ်ပါတယ်။ဓာတ်မှန်ထဲမှာဒုက္ခပေးနေတဲ့အကြောကိုတွေ့အောင်ရှာပြီးထိုးပေးလိုက်တာပါ။
၆။ ကိုယ်ကာယကုထုံးတွေပြုလုပ်ခြင်း
ခါးနာတဲ့သူတွေဟာ အများအားဖြင့် မလှုပ်ရှားရဲကြပါဘူး။ မလှုပ်လေပိုဆိုးလေမို့ ခါးရိုးတွေပြန်လည်သန်စွမ်းအောင်ထူထောင် လေ့ကျင့်ခန်းတွေလုပ်ရပါမယ်။ ကိုယ်ကာယကုပညာရှင်တွေက ဆန့်ထုတ်လေ့ကျင့်ခန်းတွေနဲ့ နှလုံးသွေးကြောဆိုင်ရာအပေါ့စား လေ့ကျင့်ခန်းတွေလုပ်နိုင်ဖို့သင့်ကိုလမ်းညွှန်ဦးဆောင်လုပ်ကိုင်ပေး ပါလိမ့်မယ်။ သင့်နောက်ကျောနဲ့ ခါးကိုဒဏ်မပိစေအောင်၊ ကြံ့ခိုင် လာအောင် လမ်းညွှန်ပေးပါလိမ့်မယ်။
အထက်ပါနည်းလမ်းတွေအပြင် လိုအပ်လာပါက သက်ဆိုင်ရာဆရာဝန်တွေနဲ့ပြသပြီး လိုအပ်တဲ့ကုသမှုကိုခံယူသင့် ပါတယ်။
ခါးနာတာကိုကာကွယ်ဖို့အတွက်ကတော့ ခါးနာခြင်း ဖြစ်နိုင် ခြေတွေကိုသတိထားဖို့လိုအပ်ပါတယ်။ လုပ်နိုင်တာတွေကတော့
– ကိုယ်အလေးချိန်မတိုးအောင် နေထိုင်စားသောက်ပါ
– လေ့ကျင့်ခန်းနေ့စဉ် မှန်မှန်ပြုလုပ်ပါ
– အလေးမရင် ခြေထောက်နဲ့မပါ။ ခါးနဲ့အားစိုက်မမပါနဲ့ ရုတ်တရက် ဆတ်ခနဲမလိုက်ခြင်းကိုလည်းရှောင်ကြဉ်ပါ။
– အလုပ်ထဲမှာ၊ ရုံးမှာ၊ စားပွဲမှာထိုင်ရင် ခါးမတ်မတ်ထား ထိုင်ပါ။ အနေအထားမကောင်းရင် ခါးနာတတ်ပါတယ်။
အရေးပေါ်ကုသမှုလိုကြောင်းပြသတဲ့လက္ခဏာတွေ
လဲကျလို့၊ဒါမှမဟုတ်မတော်တဆထိခိုက်ဒဏ်ရာရလို့ ခါးတအားနာကျင်ကိုက်ခဲလာပြီဆိုရင် ပေါ့ဆလို့မနေပါနဲ့။ဆရာဝန်နဲ့ပြပြီးလိုအပ်တဲ့စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ဖို့လိုပါတယ်။တခြားလက္ခဏာတွေကတော့ဆီးမထိန်းနိုင်၊ဝမ်းမထိန်းနိုင်ဖြစ်လာခြင်း၊ ခြေထောက်လမ်းမလျှောက်နိုင် အင်အားချည့်နဲ့လာခြင်း၊ အဖျား တက်ခြင်း၊ ချောင်းဆိုးလိုက်ရင်၊ ဒါမှမဟုတ် ဆီးသွားလိုက်ရင် ခါး တအားနာခြင်းစတဲ့ဝေဒနာတွေဟာ အရေးပေါ်ကုသမှုလိုအပ်တာ ကြောင့် သက်ဆိုင်ရာဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ဆွေးနွေးကုသမှု ခံယူသင့်ပါတယ်။