တိုးတက်မှုတွေများပြားနေတဲ့ ယနေ့ခေတ်ကြီးမှာ နေထိုင်စားသောက်မှုတွေ ပြောင်းလဲလာတာဟာလည်း ကျန်းမာရေးအတွက်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။အနောက်တိုင်းဆန်ဆန် စားသောက်မှုပုံစံတေကြောင့်ခန္ဓာကိုယ်ဝဖြိုးခြင်း၊ သွေးအတွင်းအဆီ ဓာတ်များပြားလာခြင်းတို့နဲ့အတူ ဆီးချိုရောဂါဖြစ်ပွားခြင်းတို့ကိုပါ တိုးပွားလာစေပါတယ်။ ယနေ့ဆီးချိုရောဂါရှင်သန်းတစ်ရာမှ ခရစ်နှစ် ၂၀၂၅ မှာ သန်းသုံးရာရှိလာလိမ့်မယ်လို့ သုတေသီတွေက ခန့်မှန်း ထားကြပါတယ်။
ဆီးချိုရောဂါဆိုတာ အခါးဓာတ်ချို့တဲ့ခြင်းကြောင့် အစားအစာတွေကို ကောင်းစွာချေဖျက်ပေးနိုင်တဲ့ အင်ဆူလင်ဟိုမုန်းမထုတ်နိုင်ခြင်းကြောင့်ရရှိလာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါ့ပြင် မျိုးရိုးလိုက်ခြင်း၊ ခန္ဓာကိုယ်အဝလွန်ခြင်း၊ အသက်အရွယ်၊ လိင်၊ လူမျိုး၊လှုပ်ရှားမှုမရှိခြင်းနဲ့ စိတ်ဖိစီးမှုစတဲ့အခြေအနေတွေကြောင့်လည်း ဆီးချိုသွေးချိုရရှိစေနိုင်ပါတယ်။
ဆီးချိုသွေးချိုရောဂါကို အင်ဆူလင်မှီခိုအသုံးပြုရတဲ့ ဆီးချိုနဲ့ အင်ဆူလင်မှီခိုမှုမရှိတဲ့ဆီးချိုဆိုပြီး နှစ်မျိုးနှစ်စားခွဲခြားထားပါတယ်။ အမျိုးအစား- ၁ ဟာ ကလေးတွေနဲ့ သက်လတ်ပိုင်းတွေမှာ ဖြစ်လေ့ရှိပြီး အမျိုးအစား- ၂ ကတော့ ၃၅ နှစ်ကျော်အရွယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။ အမျိုးအစားမှာ အင်ဆူလင်ထုတ်လုပ်မှု လုံလောက်ပေမဲ့လည်း ခန္ဓာကိုယ်မှာရှိတဲ့ကလပ်စည်းတွေ အသုံးမပြုနိုင်ဘဲ ရောဂါ ဖြစ်လာရတာဖြစ်ပါတယ်။
အင်ဆူလင်ဟာ ကျွန်တော်တို့ နေ့စဉ်စားလိုက်တဲ့အထဲမှာ ပါတဲ့သကြားဓာတ် (Glucose) တွေကို စွမ်းအင်အဖြစ်ပြောင်း လဲအသုံးပြုနိုင်ဖို့ ဆဲလ်တွေဆီ အရောက်ပို့ပေးပါတယ်။ ဒါကြောင့် လူတစ်ယောက်မှာ အင်ဆူလင်မထုတ်နိုင်ရင်ပဲဖြစ်ဖြစ် အင်ဆူလင်ထွက်တာမလုံလောက်ရင်ပဲဖြစ်ဖြစ် သကြားဓာတ်တွေဟာ ဆဲလ်တွေဆီမရောက်တော့ဘဲ သွေးထဲမှာတင်စုပုံလာပါတော့တယ်။ သွေးထဲမှာ သကြားဓာတ်တွေ အဆမတန်များပြားလာခြင်းဟာ နှလုံးဆီကိုသွားတဲ့သွေးကြောလေးတွေနဲ့ အာရုံကြောတွေကို ဖျက်ဆီးပစ်နိုင်တာကြောင့် လေဖြတ်တာ၊ နှလုံးဖောက်တာ၊ ကျောက်ကပ်အားနည်းတာ၊ အမြင်လွှာပျက်ဆီးတာ၊ အမြင်အာရုံချို့တဲ့တာတွေအပြင် မျက်စိကွယ်တဲ့အထိပါ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် လူ့ခန္ဓာကိုယ်ထဲကို အသံတိတ်ချဉ်းနင်းဝင်ရောက်လာတတ်တဲ့ ဆီးချိုရောဂါဟာ ပေါ့ဆလို့မရတဲ့ရောဂါတစ်ခုပါပဲ။ သူ့ကိုကုသဖို့အတွက် အနောက်တိုင်းဆေးမျိုးစုံရှိပေမဲ့လည်း အနောက်တိုင်းဆေးတစ်မျိုးတည်းနဲ့ကုသခြင်းထက် သဘာဝအသီး အရွက်တွေနဲ့ တွဲဖက်အသုံးပြုတာက ပိုမိုထိရောက်ကြောင်းသိရှိလာကြပါတယ်။ သက်တမ်းနုသေးတဲ့ဆီးချိုရောဂါအတွက်ဆိုရင် သဘာဝ နည်းတစ်မျိုးတည်းနဲ့ သက်သာပျောက်ကင်းနိုင်ကြောင်းတွေ့ရှိရပါတယ်။
ဆီးချိုရောဂါအတွက် ဆေးဖက်ဝင်သဘာဝအပင်တွေထဲမှာမှ သိကြားမကိုဋ်ပင် (Java Tea) ဟာလည်း တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ သိကြားမကိုဋ်ပင်ဟာ ဆီးချိုရောဂါအတွက် သိသိသာသာကောင်းကျိုးပေးနိုင်တဲ့အတွက် သူ့ကိုဆီးချိုပင်လို့တောင်ခေါ်ကြပါသေးတယ်။
သိကြားမကိုဋ်ဟာ သေးငယ်ပြီးဖြူပြာရောင်အပွင့်တွေ အခိုင်လိုက်ပွင်တဲ့ ပင်ပျော့အမျိုးအစားအပင်ဖြစ်ပါတယ်။ နေရာမရွေးစိုက်ပျိုးပေါက်ရောက်နိုင်တဲ့ အပင်ဖြစ်လို့ မြန်မာနိုင်ငံမှာလည်း နေရာအနှံ့အပြားမှာ ပေါက်ရောက်နိုင်ပါတယ်။
အရင်ကသိကြားမကိုဋ်ကို အရိပ်ထဲမှာအခြောက်လှန်းပြီး လက်ဖက်ခြောက်လို ရေနွေးမှာခပ်ပြီးသောက်သုံးခြင်းဖြင့် ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်အမျက်ကိုက်ရောဂါတွေမှာ သုံးလေ့ရှိပါတယ်။ သိကြားမကိုဋ်ပင်ဟာ ဆီးရွှင်စေတဲ့အာနိသင်ရှိတာကြောင့်လည်း အချို့ကဆီးနည်းတာတွေအတွက် အစိမ်းအတိုင်းပြုတ်သောက်ကြတာတွေ့ရပါတယ်။ ဒီလိုဆီးများများသွားစေတဲ့အတွက် သွေးတိုးသမားတွေနဲ့လည်း သင့်တော်ပါတယ်။ သွေးပေါင်ကျစေတဲ့အပြင် နှလုံးခုန်နှုန်းကိုလည်း ကျဆင်းလျော့နည်းစေနိုင်ပါတယ်။ ဒါ့ပြင် ဆီးလမ်းကြောင်းပိုးဝင်တာအတွက်လည်း သုံးနိုင်ပါသေးတယ်။ အခုနောက်ပိုင်းမှာတော့ သိကြားမကိုဋ်အရွက်ရဲ့ အလွန်ခါးတဲ့အရသာကြောင့် ဆီးချိုရောဂါအတွက် အဓိကသုံးလာကြပါတယ်။
သိကြားမကိုဋ်ပင်တွေမှာ သွေးတွင်းသကြားဓာတ်ကိုကျစေနိုင်တဲ့ Glucoside တစ်မျိုးဖြစ်တဲ့ Orhtosiphonin နဲ့ တခြားဆေးဖက်ဝင်တစ်မျိုးဖြစ်တဲ့ Saphonins၊ Tanin၊ Alkaloids Flavonoids အဓိက (Sinensetin)နဲ့ Essential Oilတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။
ဆီးချိုရောဂါအတွက် သိကြားမကိုဋ်ကိုမှီဝဲတဲ့အခါ သဘာဝထုတ်တဲ့ ဆီးချိုကျဆေးတွေဖြစ်ဖြစ်၊ အနောက်တိုင်းဆီးချိုကျဆေးတွေနဲ့ဖြစ်ဖြစ် တွဲသောက်ရင် သွေးတွင်းရှိအချိုဓာတ်ကို ပိုကျစေတာတွေ့ရပါတယ်။ အဲဒီအထဲမှာမှ အနောက်တိုင်းဆီးချိုကျဆေးတွေနဲ့ တွဲဖက်သောက်သုံးမယ်ဆိုရင်တော့ အနောက်တိုင်းဆေးရဲ့ အချိန်အဆကိုလျှော့ချဖို့လိုတဲ့အတွက် တတ်ကျွမ်းတဲ့သမားတော်တွေနဲ့တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။