fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

ကမ္ဘာ့ငှက်ဖျားရောဂါနေ့ (World Malaria Day)

ကမ္ဘာ့ငှက်ဖျားရောဂါနေ့မှာ နှစ်စဉ်ဧပြီလ(၂၅)ရက် ဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အနှစ်(၆၀)ပြည့်မေလမှာ ငှက်ဖျားရောဂါနဲ့ပတ်သက်ပြီး ရက်တစ်ရက်သတ်မှတ်ကာ ကျန်းမာရေးပညာပေးခြင်း၊ ငှက်ဖျားကြိုတင်ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းစတဲ့လုပ်ငန်းစဉ်တွေ မမေ့မလျော့စေဖို့ရည်ရွယ်ကာ (၂၀၀၇)ခုနှစ်မေမှစတင်ပြီး နှစ်စဉ်ဧပြီလ(၂၅)ရက်နေ့ကို ကမ္ဘာ့ငှက်ဖျားနေ့လို့ သတ်မှတ်ပါတယ်။ အာဖရိကမှာ (WHO)ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရက်မသတ်မှှတ်ရသေးခင် ဧပြီလ(၂၅)ရက်နေ့ကို ငှက်ဖျားနေ့အဖြစ် (၂၀၀၁)ဧပြီလ(၂၅)ကစပြီး ကျင်းပခဲ့တယ်သိရတယ်။ အာဖရိကတိုက်(၄၄)နိုင်ငံမှာ ငှက်ဖျားဖြစ်ပွားပြီး ကမ္ဘာအနှံ့(၁၀၆)နိုင်ငံမှ လူ(၃ဒသမ၃)ဘီလျံဟာ(၂၀၁၂)ခုနှစ်မှာ ငှက်ဖျားဒဏ်ခံစားရပြီး လူ(၆၂၇,၀၀၀)ယောက်သေဆုံးခဲ့ရတယ်။ အထူးသဖြင့် အာဖရိကနဲ့အရှေ့တောင်အာရှကလေးတွေ လက်တင်အမေရိကကလေးတွေ အရှေ့အလယ်ပိုင်းနိုင်ငံအချို့နဲ့ ဥရောပအချို့အစိတ်အပိုင်းတွေမှာ ငှက်ဖျားရောဂါခံစားကြရပါတယ်။

ကမ္ဘာ့ငှက်ဖျားနေ့ဟာ ကမ္ဘာ့ကျန်းမာရေးနေ့၊ ကမ္ဘာ့သွေးလှူရှင်များနေ့၊ ကမ္ဘာ့ကာကွယ်ဆေးထိုးရက် သတ္တပတ်ကမ္ဘာ့တီဘီနေ့၊ ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့၊ ကမ္ဘာ့အသည်းရောဂါနေ့နဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါနေ့တွေလို အမှတ်တရနေ့စာရင်းဝင်ခဲ့ပါပြီ။

ငှက်ဖျားရောဂါလက္ခဏာတွေက ကိုယ်ပူကြီးခြင်း၊ ချမ်းတုန်ခြင်း၊ အလွန်ချွေးထွက်ခြင်းနဲ့ အခြားရောဂါလက္ခဏာတွေက ကိုယ်လက်ခြေထောက် နာကျင်ကိုက်ခဲခြင်း၊ မူးဝေခေါင်းကိုက်ခြင်းတို့ခံစားရပြီး ချက်ချင်းမကုသရင်ရောဂါပြင်းထန်ပြီး အသက်ဆုံးရှုံးတဲ့အထိဖြစ်တက်တယ်။ ငှက်ဖျားပိုး သယ်ဆောင်ထားတဲ့ခြင် (၁)ကြိမ်ကိုက်ရုံနဲ့ ငှက်ဖျားရောဂါကူးစက်နိုင်ပါတယ်။ ခြင်ကိုက်ခံရမှသာ ငှက်ဖျားဖြစ်တယ်။ ကိုယ်ပူလို့ ငှက်ဖျားရောဂါဖြစ်တယ်ယူဆရင် ဆေးဆိုင်မှာစပ်ဆေးမဝယ်ပဲ ဆေးခန်း(၂၄)နာရီအတွင်းပြသဖို့လိုအပ်ပါတယ်။

ငှက်ဖျားပိုးရှိမရှိ ငှက်ဖျားစစ်ကရိယာ(Malaria stick)နဲ့ အပူချိန်တက်ချိန်သွေးတစ်စက်ဖောက်ပြီး ငှက်ဖျားချစ်(chip)ပေါ်တင်၊ သွေးရည်ကြည်ကို တုထားတဲ့ဆေးရည်ထည့်ပေးပြီး အနီချောင်းနှစ်ချောင်းပေါ်ရင် ငှက်ဖျား၊ တစ်ချောင်းပေါ်ရင်ငှက်ဖျားမရှိဘူး(သို့) ဖယ်ဆီပါရမ်ငှက်ဖျားမရှိဘူးလို့ေ ယဘူယျပြောနိုင်တယ်။ အန္တရာယ်ပေးနိုင်တဲ့ဖယ်ဆီပါရမ်ကို(၁၅)မိနစ်အတွင်း လျင်မြန်တိကျစစ်နိုင်တယ်။ မြန်မာနိုင်ငံမှာ ဖယ်ဆီပါရမ်(Faciparum)နဲ့ ဗိုင်ဗက်(vivex)နှစ်မျိုးပေါင်း(Mix-type)တွေ့နိုင်တယ်။

ယခုအခါ ငှက်ဖျားဆေးယဉ်ပါးမှုများပြားလာလို့ ပေါင်းစပ်ဆေးများ တီထွင်အသုံးပြုကုသပေးနေပြီဖြစ်တယ်။ ပေါင်းစပ်ငှက်ဖျားဆေးမှာအာတီမီတာ(Artemether) (သို့) အာတီဆူနိတ်(Artesunate)နဲ့ပူးတွဲဆေး မက်ဖလိုကွင်၊ လက်မီဖန်သရင်၊ အမိုဒါကွင်း (mefloquine, Lumefantrine, Amodiaquine)ပူးတွဲပါရှိပါတယ်။
ပေါင်းစပ်ငှက်ဖျားဆေးဟာ လိုအပ်တဲ့ဆေးပမာဏကိုသိပ္ပံနည်းကျတွက်ချက်ထားလို့ ညွှန်ကြားတဲ့အတိုင်းသောက်သုံးဖို့လိုအပ်ပါတယ်။ ဆေး(၂)မျိုးပေါင်းသောက်နည်းပုံစံပြရရင် အာတီဆူနိတ်(၂၀၀)မီလီဂရမ်(၄)ပြား၊ မက်ဖရိုကွင်း(၇၅၀)မီလီဂရမ်(၃)ပြားကိုပထမရက်မှာ၎င်း ၊အာတီဆူနိတ်(၂၀၀)မီလီဂရမ်(၄)ပြား၊ မက်ဖရိုကွင်း(၅၀၀)မီလီဂရမ်(၂)ပြားကိုဒုတိယရက်၊ အာတီဆူနိတ်(၂၀၀)မီလီဂရမ်(၄)ပြားကိုတတိယနေ့၊ စုစုပေါင်းအာတီဆူနိတ်(၁၂)ပြားနဲ့မက်ဖရိုကွင်း(၅)ပြားကို(၃)ရက်နဲ့တိုက်ရမယ်။
နောက်တစ်နည်းကပထမနေ့အာတီဆူနိတ်(၄)ပြားနှင့်အမိုဒါကွင်း(၂)ပြား၊ ဒုတိယနေ့ယင်းအတိုင်း၊ တတိယနေ့ယင်းအတိုင်းစုစုပေါင်း(၃)ရက်မှာအာဆီဆူနိတ်(၁၂)ပြား၊အမိုဒါကွင်း(၆)ပြား (သို့) အာတီဆူနိတ်(၆၀၀)မီလီဂရမ်နှင့်အမိုဒါကွင်း(၁၅၀၀)မီလီဂရမ်ကို(၃)ရက်နဲ့အပြီးတိုက်ရပါမယ်။
နေ့စဉ်သောက်ရမယ့်ငှက်ဖျားဆေးကိုကုန်စင်အောင်မသောက်ခဲ့ရင် ဆေးညွှန်းအတိုင်းမသောက်ခဲ့ရင်ငှက်ဖျားရောဂါအမြစ်မပြတ်ပဲ ပြန်ဖြစ်နိုင်ပါတယ်။ ငှက်ဖျားဆေးဟာကြီးကျယ်တဲ့ဆိုးကျိုးမဖြစ်နိုင်ပါ။ အနည်းငယ်မူးဝေပျို့အန်ခြင်း၊ဗိုက်အောင့်ခြင်း၊ဝမ်းသွားခြင်းဖြစ်တက်တယ်။ပျို့အန်လို့ဆေးရပ်ဖို့မလိုပါ။

ငှက်ဖျားဒေသသို့သွားဖူးတဲ့ရာဇဝင်ရှိပြီး ငှက်ဖျားလို့ထင်ရင် သွေးစစ်ပြီး ငှက်ဖျားပိုးတွေ့ပြီးမှဆေးသောက်သင့်ပါတယ်။စိတ်မှန်းနဲ့ကုသခြင်းမျိုးကမှားယွင်းတက်ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေမှာလည်းငှက်ဖျားကုသဆေးသောက်နိုင်ပါတယ်။ရင်သွေးအတွက်လည်းသင့်တော်တဲ့
ဆေးပမာဏကို တွက်ချက်ပြီးပေးနိုင်တယ်။ ဆေးတိုက်ဖို့ကူညီနိုင်တယ်။ငှက်ဖျားရောဂါမဖြစ်အောင်ခြင်မကိုက်ခံသင့်ဘူး။
ခြင်တစ်ခါကိုက်ရုံနဲ့ငှက်ဖျားရောဂါရနိုင်ပါတယ်။ မိမိနဲ့မိသားစုပြည်သူအတွက်အကောင်းဆုံးကာကွယ်နိုင်တာ ဆေးစိမ်ခြင်ထောင်အသုံးပြုခြင်းဖြစ်တယ်။
ခြင်မကိုက်အောင် ခြင်ဆေးရည်(Repeto)လိမ်းခြင်း၊ ခြင်ဆေးဖြန်းခြင်း၊ မှုတ်ခြင်း ခြင်မပေါက်နိုင်အောင်စီမံခြင်းလုပ်ရမယ်။ငှက်ဖျားရောဂါဟာငှက်ဖျားပိုး
သယ်ဆောင်တဲ့ခြင်ကိုက်ခံရခြင်းကြောင့်ကူးစက်ခံရတယ်။ ငှက်ဖျားပိုးသယ်တဲ့ခြင်ဟာအင်နိုဖိလစ်(Anophilic)ခြင်မျိုးဖြစ်ပြီးညအခါကိုက်လေ့ရှိတယ်။
ညဘက်ခြင်ကိုက်မခံရအောင်ဂရုစိုက်ဖို့လိုတယ်။ ညအခါခြင်မကိုက်အောင်အဝတ်အစားလုံလုံခြုံခြုံဝတ်ဆင်ရမယ်။ခြင်ဆေးရည်စိမ်ထားတဲ့ခြင်ထောင်နဲ့နေ့/ညအိပ်ရမယ်။
အဝတ်အစားနဲ့လွတ်နေတဲ့လက် ခြေ မျက်နှာတို့ကိုခြင်မကိုက်တဲ့ခြင်ဆေး(Repeto)လိမ်းပေးနိုင်တယ်။

ခြင်နှိမ်နင်းရေးဟာငှက်ဖျားခြင်မကိုက်နိုင်အောင်ကြိုတင်ကာကွယ်ခြင်းပဲဖြစ်တယ်။
(၁)ခြင်ခိုအောင်းနိုင်တဲ့အိမ်အနီး၌ ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းထားရမယ်။ပြတင်းပေါက်ဖွင့် အလင်းဖွင့်ပါ။
(၂)ရပ်ကွက်ကျေးရွာအနီး၌စိမ့်စမ်းမြေ၊ချောင်းဘေးနေသူတွေ ရေစီးရေလာကောင်းအောင်လူထုအနေနဲ့စုပေါင်းဆောင်ရွက်သင့်တယ်။
ရေစီးရေလာကောင်းတဲ့ရေ လှုပ်ရှားနေတဲ့ရေမှာ ခြင်မပေါက်နိုင်ပါ။
(၃)ပိုးလောက်လန်းစားငါး(ဒေါင်းငါး၊ဇလားဗီးယားငါး)များကိုရေတွင်းရေကန်တွေမှာ ထည့်ပြီးမွေးရမယ်။
(၄)ငှက်ဖျားရောဂါဟာအသက်အရွယ်မရွေးဖြစ်ပွားနိုင်တယ်။ငှက်ဖျားရောဂါကင်းစင်တဲ့ဒေသ(မြို့ကြီးများ)မှ
ငှက်ဖျားရောဂါဖြစ်ပွားတဲ့ဒေသများကိုသွားရောက်နေထိုင်အလုပ်လုပ်ကိုင်သူများမှာရောဂါပိုမိုဖြစ်ပွားလွယ်ပြီး
ဖြစ်ပွားရင်ရောဂါပြင်းထန်တယ်။ကိုယ်ဝန်ဆောင်မိခင်ဖြစ်ပွားရင် သားပျက်ခြင်း ပေါင်မပြည့် လမစေ့မွေးခြင်း မိခင်မှာငှက်ဖျားဆေးကြောင့်လျောမွေးခြင်းစတဲ့
အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ ဆေးရုံ၊ဆေးခန်းတွေမှာစနစ်တကျမွေးဖွားပေးသင့်ပါတယ်။
(၅)ငှက်ဖျားရောဂါပြင်းထန်ရင်အကူအညီမပါပဲ မထနိုင် မထိုင်နိုင် လမ်းမလျှောက်နိုင်ဖြစ်ကာ ဆေးမသောက်နိုင်အောင်အန်ခြင်း မှိန်းခြင်း ဂနာမငြိမ်ဖြစ်ခြင်း သတိလစ် တက်ခြင်းတို့ဖြစ်နိုင်ပါတယ်။ငှက်ဖျားလုံးဝမဖြစ်ပွားသူ (ကိုယ်ဝန်သည်နဲ့ခုခံမှုနည်းတဲ့ကလေးတွေ ငှက်ဖျားဖြစ်ပွားရင်ဦးနှောက်ငှက်ဖျားကြောင့် (Cerebral malaria) သေဆုံးနိုင်လို့ ယင်းတို့မဖြစ်ပွားရေးဂရုစိုက်သင့်ပါတယ်။
(၆)ငှက်ဖျားဆေးယဉ်ပါးမှုဖြစ်ပွားနေတာကြောင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ
ငှက်ဖျားဆေးတစ်မျိုးတည်းထုတ်လုပ်ခြင်းထက်နှစ်မျိုး(သို့)သုံးမျိုးပေါင်းထုတ်လုပ်ကာငှက်ဖျားဆေး
ယဉ်ပါးငှက်ဖျားမဖြစ်ပေါ်နိုင်ရေးကုသမှုများ ဦးဆောင်ညွှန်ကြားပေးလျက်ရှိပါတယ်။ဆေးကုမ္ပဏီတွေကလည်း
ဆေးဝါးတစ်မျိုးတည်းမထုတ်လုပ်စေပဲ နှစ်မျိုး(သို့)သုံးမျိုးပေါင်းစပ်ထုတ်လုပ်လာတာတွေ့ရတယ်။
(၇)ယခုအခါသီရိလင်္ကာနိုင်ငံမှာ(၂၀၁၆)ခုနှစ်ကစပြီး ငှက်ဖျားကင်းလွတ်နိုင်ငံသတ်မှတ်နိုင်ခဲ့သလို
မြန်မာနိုင်ငံကလည်း ခရစ်သက္ကရာဇ်(၂၀၂၀)မှာငှက်ဖျားကင်းစင်တဲ့နိုင်ငံအဖြစ်ကြေညာ
နိုင်အောင်ငှက်ဖျားနှိမ်နင်းရေးစီမံချက်များ စနစ်တကျချမှတ်ဆောင်ရွက်ကာ ကုသရေးများစနစ်တကျလုပ်ကိုင်နေပါပြီ။

Author: Dr.လွင်သန့်