လူတိုင်းစိတ်ဓာတ်ကျခြင်းကို မလွဲမသွေခံစားကြရတယ်။ ကိုယ့်ရည်မှန်းချက်မပြည့်ဝခြင်း၊ စားဝတ်နေရေးကျပ်တည်းခြင်း၊ လုပ်သလောက်အောင်မြင်မှုမရခြင်း၊ စာမေးပွဲကျခြင်း၊ စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊ သွေးသားရင်းထဲမှ တစ်ဦးဦးရုတ်တရက်သေဆုံးခြင်းတို့မှာ စိတ်ဓာတ်ကျတတ်ကြတယ်။
လူနဲ့ပတ်ဝန်းကျင်ဟာ အပြန်အလှန်ထိတွေ့ဆက်ဆံရာက ဖြစ်ပေါ်လာတဲ့ တုံ့ပြန်ခံစားမှုအပေါ် မကောင်းမြင်ခြင်း(သို့)ဖြေမဆည်နိုင်ခြင်းဟာ စိတ်ဓာတ်ကျခြင်းအခြေခံပဲဖြစ်တယ်။
စိတ်ဓာတ်ကျတိုင်း ဆိုးကျိုးချည်းမဟုတ်ပါဘူး။ အချို့စိတ်ဓာတ်ကျတာဟာ နောက်ထပ်အဆိုးကို မလုပ်မိစေဖို့ ရှောင်လွဲသွားစေတယ်။ ကျန်းမာပျော်ရွှင်တဲ့မိသားစုဘဝကိုတည်ဆောက်သွားနိုင်ပါတယ်။ စိတ်ဓာတ်ကျခြင်း ဘယ်ကစသလဲဆိုရင် မိမိရဲ့စိတ်နေသဘောထားနဲ့ လူ့အောက်ကျို့ဆက်ဆံခြင်းပတ်ဝန်းကျင်ကြားဂေဟစနစ်တို့ကနေ စပါတယ်။
သိမ်ငယ်စိတ်၊ အရှက်အကြောက်ကြီးလွန်းခြင်း၊ ဝါကြွားခြင်း၊ ခေါင်းမာတစ်ယူသန်ခြင်း၊ မနာလိုဝန်ခြင်း၊ သံသယလွန်စိတ်၊ လောဘဒေါသကြီးလွန်းခြင်းစတဲ့စိတ်နေသဘောထားတွေဟာ စိတ်ဖိစီးမှုစတင်တဲ့ စိတ်ဓာတ်ကျခြင်း ဖြစ်စေတဲ့အကြောင်းရင်းခံတွေပါပဲ။
မိမိစိတ်နဲ့ လူအချင်းချင်းဆက်ဆံရာမှာ စိတ်ဆင်းရဲကိုယ်ဆင်းရဲ အရှက်ကွဲအကျိုးနည်းရင် စိတ်ဖိစီးမှုလွန်ကဲလာကာ စိတ်ဓာတ်ကျခြင်းခံစားကြရတယ်။ ပတ်ဝန်းကျင်ဂေဟစနစ်အရ လူတို့ရဲ့ရုပ်ပိုင်းစိတ်ပိုင်းဟာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး စတဲ့ ပတ်ဝန်းကျင်ဂေဟစနစ်နဲ့ ကင်းပြီးမနေနိုင်ပါ။ ယင်းပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ရင် အနှေးနှင့်အမြန်စိတ်ဓာတ်ကျခြင်းဖြစ်စေတယ်။
နည်းပညာတွေကြောင့်လည်း စိတ်ဓာတ်ကျခြင်းဖြစ်တတ်ပါတယ်။ လျင်မြန်စွာတိုးတက်လာတဲ့ နည်းပညာအကျိုးကျေးဇူးတွေကြောင့် ရုပ်မြင်သံကြား၊ အင်တာနက်၊ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်အခြား အီလက်ထရွန်နစ်ဆက်သွယ်ရေးစနစ်တွေဟာ လူတို့ရဲ့ကောင်းကျိုးသာမက ဆိုးကျိုးများကြုံတွေ့ကြရတယ်။
အတူနေချစ်သူ(သို့) အိမ်ထောင်ကျနှစ်ဦးသား နေထိုင်စဉ်က အမှတ်တမဲ့ရိုက်ယူထားမိတဲ့`ရုပ်ပုံတွေ ဗီဒီယိုဖိုင်တွေဖေ့စ်ဘွတ်ခ်ပေါ်တင်ပြီး အရှက်ကွဲလို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံလောက်အောင် စိတ်ဓာတ်ကျခြင်းကြုံရနိုင်တယ်။ တချို့လည်း ဖေ့စ်ဘွတ်ခ်ကနေဆဲရေးတိုင်းထွာခံရလို့ အရှက်ကွဲလို့ စိတ်ဓာတ်ကျရတယ်။
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို သာမန်ဖတ်ရုံလောက် သတင်းစာဖတ်သလောက်ထားသင့်တယ်။ ကိုယ့်ရဲ့ထင်မြင်ချက်တွေရေးသားမှုတွေဟာ ကိုယ့်ဖက်ပြန်လှည့်လာရင် ခံနိုင်ရည်မရှိတဲ့အခါစိတ်ဓာတ်ကျတယ်။ အချို့အချိန်အားရတိုင်းဖုန်းပွတ်နေတာမျိုး ဂိမ်းဆော့နေတာမျိုးဟာ ကိုယ့်စိတ်ကိုတည်ငြိမ်အောင် ချုပ်ထိန်းထားနိုင်တာမှန်ပေမဲ့ အတိုင်းထက်အလွန်စွဲလန်းကာအအိပ်ပျက် အစားပျက်ရင်စိတ်ဓာတ်ကျလာတယ်။ ပတ်ဝန်းကျင်မှာ ကိုယ်တစ်ယောက်တည်းနေရသူများဆိုရင် ကိုယ့်ကိုယ်ကိုကုစားဖို့ခက်လာတယ်။
စိတ်ဓာတ်ကျခြင်းကို ကုစားရာမှာရှောင်ရှားခြင်း(Avoid)၊ ပုံစံပြောင်းခြင်း(Alter)၊ ပြောင်းလွယ်ပြင်လွယ်ခြင်း(Adapt)၊ ကျေကျေနပ်နပ်လက်ခံခြင်း (Accept) ဆိုပြီးရှိတယ်။
-ရှောင်ရှားခြင်း (Avoid)
သိပ္ပံပညာရှင်အိုင်းစတိုင်းက “ပြဿနာတစ်ရပ်ဖြေရှင်းလိုပါရင် ယင်းပြဿနာ စတင်ဖြစ်ပေါ်စဉ်ကထားရှိတဲ့ စိတ်နေစိတ်ထား အယူအဆ အမြင်ဝါဒထက် ပိုမိုကြီးမြတ်မြင့်မားတဲ့ စိတ်သဘောထားအမြင်သစ်နဲ့ချဉ်းကပ်ပါ” လို့ဆိုခဲ့တဲ့အတိုင်းရင်ဆိုင်ဖြေရှင်းရမယ်။
-အမြင်သစ်အယူအဆသစ်နဲ့ ပုံပြောင်းပြီးချဉ်းကပ်ဖြေရှင်းသင့်ပါတယ် (Alter)
-ပြောင်းလွယ်ပြင်လွယ်စိတ် (Adapt)
ပြောင်းလွယ်ပြင်လွယ်စိတ်ဟာ တစ်ဖက်မှာအယူအဆ ပန်းတိုင်ကိုပြောင်းလဲခြင်းမျိုးမှာ မသုံးသင့်ပဲ ဝင်ငွေထွက်ငွေမမျှပါက ဝင်ငွေထွက်ငွေမျှအောင် မိမိရဲ့နေထိုင်မှုစနစ်ပုံစံကို အလိုက်သင့်ပြောင်းပစ်ဖို့လိုတယ်။
-ကျေကျေနပ်နပ်လက်ခံ (Accept)
ကျေကျေနပ်နပ်လက်ခံခြင်းဆိုတာ လူတိုင်းကျင့်သုံးသင့်တယ်။ မိမိအစွမ်းရှိသလောက် ရင်ဆိုင်ဖြေရှင်းပါ။ ရရှိမှုအပေါ် ကျေကျေနပ်နပ်လက်ခံသင့်တယ်။ တက္ကသိုလ်ဝင်တန်းမှာ အမှတ်ကောင်းကောင်းနဲ့မအောင်လို့ စိတ်ဓာတ်ကျနေမယ့်အစား ရရှိတဲ့အမှတ်နဲ့ မေဂျာဘာသာတွဲတစ်ခုခုမှာ ထူးချွန်အောင်ကြိုးစားပါ။
စိတ်ဓာတ်ကျခြင်းကို “C” စီသုံးလုံး လူ(Community)၊ ပရဟိတ (Contribution)၊ အကြင်နာ (Compassion) ထားတတ်ရင်ကုစားနိုင်တယ်။
လူ (Community) – မိသားစု၊ အိမ်နီးချင်း၊ မြို့ရွာ၊ နိုင်ငံ၊ လူမျိုး၊ ဘာသာအပေါ် သဟဇာတဆက်ဆံရေး တည်ဆောက်ဖို့လိုတယ်။ ဒါမှပျော်ရွှင်တဲ့ဘဝတည်ဆောက်နိုင်မယ်။
ပရဟိတ (Contribution Service) – မိမိတက်စွမ်းသမျှလူမှုရေးအလုပ်တွေလုပ်ပေးသင့်တယ်။ ယင်းပတ်ဝန်းကျင်အဖွဲ့အစည်းက သင်စိတ်ဓာတ်ကျတဲ့အချိန်မှာ ဖေးဖေးမမကူညီ လက်တွဲခေါ်ယူမှာဖြစ်တယ်။
အကြင်နာ (Compassion) – စိတ်ဓာတ်ကျခြင်းကုစားရာမှာ ‘အကြင်နာတရား’ ကသာကုစားနိုင်လိမ့်မယ်။
တစ်နည်းအားဖြင့်ဆပ်ပြာ (SOAP) နဲ့သဘောချင်းတူတယ်။
S (Social) – လူမှုဝန်းကျင် (Social) အတွင်းဝင်ဆံ့ရမယ်။
O (Optimistism) – အကောင်းမြင်စိတ် (Optimistism) ရှိရမယ်။ အရာရာကို အကောင်းမြင်ခြင်းဟာ အပြုသဘောဆောင်တယ်။
A (Appreciate) – ပူဇော်ခြင်း (Appreciate) ဆိုတာမိဘ၊ ဆရာသမားတွေအပေါ် ပူဇော်ဦးညွှတ်ခြင်းဟာ “မင်္ဂလာ” ဖြစ်တယ်။ ဆရာမိဘတွေဟာ စိတ်ဓာတ်ကျခြင်းကို ကုစားပေးတယ်။
P (Purpose driven life) – ကြံ့ကြံ့ခံမှု (Purpose driven life) ဆိုတာရည်မှန်းချက်ပန်းတိုင်အပျောက်မခံပဲ ခိုင်ခိုင်မာမာထားကာ မရောက်ရောက်အောင်သွားရောက်ခြင်းပဲဖြစ်တယ်။
နောက်ကုစားမှုတစ်မျိုးက ဘာသာတရား ရှုမှတ်ခြင်းဖြစ်တယ်။ ဘာသာတရားတွမှာ နှလုံးသွင်းမှန်တဲ့ကျင့်စဉ်ရှိတယ်။ ဝင်လေထွက်လေမှာ အမှတ်စိပ်လာရင်စိတ်က ဘယ်မှမသွားပဲ ငြိမ်းအေးချမ်းသာရရှိစေပါတယ်။
Author: Dr. လင်းသန့်