သောကလုံးဝကင်းစင်သောလူဟူ၍ ရှိမည်မဟုတ်ပါ။ နည်းခြင်း၊ များခြင်းသာ ကွာခြားပါလိမ့်မည်။ အများအားဖြင့် သောကဖြစ်ပေါ်မှုမှာသဘာဝပင်ဖြစ်သည်။ ဖိစီးမှု၏ တုံ့ပြန်မှုတစ်ရပ်သာဖြစ်သည်။ သာမန်အားဖြင့်ကျန်းမာရေးကိုထိခိုက်စေမည် မဟုတ်ပါ။ သောကခံစားရမှုသည် ပြင်းထန်လွန်ကဲလာလျှင် လူတို့၏သာမန်နေထိုင်မှုဘဝကိုထိခိုက်စေမည်ဖြစ်ပြီးကျန်းမာရေးအတွက်ဆိုးကျိုးများလည်း ဖြစ်လာနိုင်မည်ဖြစ်သည်။ စိုးရိမ်မှု၊ သောကခံစားရမှုမှာစိတ်ပိုင်းဆိုင်ရာဖိစီးမှု သို့ စိတ်ကျဝေဒနာအပေါ် တုံ့ပြန်မှုတစ်ခုဟုဆိုနိုင်သည်။လူ၁၀၀ ယောက်မှ၁၅ ယောက်ခန့်သည် သောကဝေဒနာခံစားနေကြရသည်။
တစ်နည်းဆိုရ သော် သောကသည်အတိုင်းအတာထက်လွန်ကဲ၍ ဝေဒနာအသွင်ဖြစ်နေပေသည်။ သောကဝေဒနာခံစားရသူသည်တစ်ချိန်လုံးပူပင်စိုးရွံ့မှု၊ ကြောက်လန့်မှု၊အားငယ်မှုနှင့်ဝမ်းနည်းကြေကွဲမှုတို့ ခံစားနေရလိမ့် ရှိသည်။ ရုပ်ပိုင်းဆိုင်ရာအနေဖြင့် ဂနာမငြိမ်ဖြစ်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ နှလုံးခုန်မြန်ခြင်း (ရင်တုန် မောပန်းခြင်း)၊ ပါးစပ်အာခြောက်ခြင်း၊ ခန္ဓာကိုယ်ဖြေလျှော့၍ မရနိုင်ခြင်းစသည်တို့တွေ့ရနိုင်သည်။ သောကဝေဒနာခံစားရသူများအတွက်တစ်ခါတစ်ရံအကြောက်လွန်ကဲမှု ဖြစ်နေကြောင်းတွေ့ရသည်။ အမှန်တကယ် ကြောက်စရာမလိုဘဲကြောက်ရွံ့နေတတ်ခြင်းဖြစ်သည်။ အကြောက်လွန်ကဲမှုကြောင့် တစ်ခါ တစ်ရံ မိမိကိုယ်မိမိ သေတော့မည်ဟုပင် မှတ်ယူမှုများ၊ ခံစားမှုများ ဖြစ်လာတတ်သည်။ ရုပ်ပိုင်းအနေဖြင့် အကြောက်လွန်ကဲမှုကြောင့် ရင်တုန်ခြင်း၊ မူးဝေခြင်း၊ ရင်ဘတ်နာကျင်ခြင်း(ရင်ဘတ်အောင့်ခြင်း)နှင့်အမှန်တကယ်မဟုတ်သောခံစားမှုများခံစားရခြင်းတို့ဖြစ်တတ်ပါတယ်။ စိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာအပေါ် အကျိုး သက်ရောက်မှုများသာဖြစ်၍ ရုပ်ပိုင်းဆိုင်ရာ ပြဿနာအစစ်အမှန်များမဟုတ်ကြပေ။ ဝေဒနာခံစားရမှုမှာ မိနစ် အနည်းငယ်သာ ကြာမြင့်တတ်သည်။မကြာခဏပြန်ဖြစ်လေသည်။Phobia ခေါ်အကြောက်လွန်ဝေဒနာတစ်မျိုးမှာလည်းသောကဝေဒနာနှင့် ဆက်နွယ်မှုရှိသည်။ အရာဝတ္ထုတစ်ခု၊ လှုပ်ရှားမှှုတစ်ခု၊ ပြုမူမှုတစ်ခု၊ အခြေအနေတစ်ခုသည် အမှန်တကယ် ကြောက်စရာ မဟုတ်ဘဲ ကြောက်နေခြင်းဖြစ်သည်။ သာမန်လူတိုင်းအဖို့ ကြောက်စရာမဟုတ်သောအရာကို ကြောက်နေ ခြင်းဖြစ်သည်။ဥပမာ- လေယာဉ်စီးရမည်ကြောက်ခြင်း၊ အမြင့်ကြောက်ခြင်း၊ လူများသည့်နေရာကြောက်ခြင်း၊ ပိုးဟပ်ကြောက်ခြင်း၊ မလုပ်ရလျှင် မနေနိုင်သောစိတ်ဝေဒနာတစ်ခုသည်လည်းသောကဝေဒနာတစ်ခုနှင့် ဆက်နွယ်မှုရှိသည်။ စိတ်အာရုံတွင် ပယ်ဖျက်၍မရနိုင်သောခံစားမှုကြောင့် အပြုအမူတစ်ခုကိုလုပ်ဆောင်ခြင်း Obsessive compulsive disorder မျိုးရှိသည်။ ဥပမာအားဖြင့် မိမိ၏လက်သည် ညစ်ပေနေသည် သို့ ပိုးမွှားများကပ်ငြိနေသည်ဟု ထင်မှတ်ကာ လက်ကို အကြိမ်ကြိမ် ဆေးကြောခြင်းဖြစ်သည်။ ပြတင်းတံခါးများပိတ်ထားပြီးပါလျက် မပိတ်ရသေး၊ ချက်မချရသေးဟု ထင်မှတ်ကာမကြာခဏစစ်ဆေးခြင်းမျိုးဖြစ်ပါသည်။ တစ်ချို့လူနာများတွင် ကြီးမားသော တစ်စုံတစ်ခုသော ထိခိုက်မှု၊ သို့မဟုတ် အန္တရာယ်ကြုံတွေ့မှုကြောင့် ထိုသို့ခံစားရပြီးနောက်ပိုင်းတွင် ပူပင် သောကဝေဒနာခံစားရမှုများ အမြဲကြုံတွေ့နေရတတ်သည်။
Post-traumatic disorderဟုခေါ်သည်။ကြုံတွေ့ခဲ့ရသောအန္တရာယ်ကို ပြန်မြင်ယောင်နေခြင်း၊ ပြန်လည်သတိရနေခြင်းနှင့် တွေးမိခြင်းတို့အကြိမ်ကြိမ် ဖြစ်နေတတ်သည်။ ကောင်းစွာအိပ်စက်မရခြင်း၊ မှတ်ဉာဏ်ဆုတ်ယုတ်သွားခြင်း၊ အာရုံစူးစိုက်မှုနည်းခြင်း၊ ပတ်ဝန်းကျင်အား စိတ်ဝင်စားမှုမရှိတော့ခြင်း၊ တစ်ဦးတစ်ယောက်တည်းနေတတ်ခြင်းစသည့်လက္ခဏာများအားလည်းတွေ့ရနိုင်သည်။
သောကကိုဖြေဖျောက်လိုလျှင်စိတ်ဖြေလျှော့နည်းကျင့်သုံးပါ။
တရားထိုင်ပေးပါ။ –
အစားအစာကိုဂရုစိုက်စားသုံးပါ။ –
အားလပ်ရက်များတွင်အပန်းဖြေရန်အိမ်ပြင်ပထွက်ပါ။ အသက်ရှူရာတွင် ပြင်းပြင်းရှူသွင်း၍ ပြင်းပြင်းရှူထုတ်ပါ။ အသက်ရှူခြင်းကိုအာရုံစူးစိုက်၍လုပ်ဆောင်ပေးပါ။ –
ယောဂ၊ ထိုက်ကျိ၊ တရားထိုင်ခြင်းစသည့် စိတ်တည်ငြိမ်မှုရစေသည့် နည်းများလုပ်ဆောင်ကြည့်ပါ။ – နှစ်သိမ့်ဆွေးနွေးပညာပေးသူ၊ သို့မဟုတ် စိတ်ပညာရှင်၏ အကူအညီရယူပါ။ – လိုအပ်ပါကအောက်ပါကုသမှုများရယူနိုင်ပါသည်။
စိတ်ကုထုံးနည်း Psychotherapy သို့မဟုတ် အပြုအမူပိုင်းဆိုင်ရာကုထုံး Behavioral therapy သို့မဟုတ် အိပ်မွေ့ချကုထုံး Hypnotherapy ကိုအသုံးပြု၍ ကုသပေးနိုင်ပါသည်။ ဤသည်မှာ စိတ်ကျန်းမာရေးဆရာဝန် သို့ စိတ်ပညာရှင်၏ တာဝန်ဖြစ်သည်။ ဆေးပညာရှင်များက လိုအပ်ပါက ဆေးဝါများလည်း ညွှန်ကြားပေးလိမ့်မည် ဖြစ်သည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)