ယားယံခြင်းကို ပေါ့မနေသင့် (ကိုယ်ဝန်ဆောင်ချိန် သည်းခြေလမ်းကြောင်းပိတ်ခြင်း)
အချို့သော အမျိုးသမီးကိုယ်ဝန်ဆောင်များအနေနှင့် ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ ယားယံခြင်း၊ မူးဝေခြင်းနှင့် နှာခေါင်းသွေးယိုခြင်းစသော လက္ခဏာများ ခံစားရတတ်ခြင်း၊ ကလေးမွေးလာလျှင်လည်း ကလေးအသေမွေးခြင်း၊ ကလေးတွင်လည်း ရောဂါထူပြောခြင်းစသည့် ပြဿနာများ အတွေ့များရသော်လည်း မိခင်တော်တော် များများမှာ မည်သည့်အကြောင်းကြောင့် ဖြစ်ပွားရသည်ကိုမသိကြပဲ မိမိနှင့် မထိုက်၊ ကလေးကုသိုလ်ကံဟူ၍သာ ကံအပေါ် အပြစ်ပုံချလေ့ရှိကြသည်။
အဖြစ်အများဆုံးနှင့် အသိနည်းသော ပြဿနာတခုမှာ ကိုယ်ဝန်ဆောင်ချိန် သည်းခြေလမ်းကြောင်း ပိတ်ခြင်းဟူသော ရောဂါပင်ဖြစ်သည်။ ရောဂါဖြစ်ပွားရခြင်းမှာ ကိုယ်ဝန်ဆောင်ချိန်တွင် များလာသော အမျိုးသမီး ဟော်မုန်းများ၏ အာနိသင်ကြောင့် သည်းခြေရည်များ အစာခြေလမ်းကြောင်းသို့ မရောက်နိုင်တော့ပဲ အဆိုပါရောဂါ ဖြစ်ပွားရခြင်းဖြစ်သည်။
သည်းခြေပိုက် ပိတ်ခြင်းကြောင့်ဖြစ်သော ယားယံခြင်းများသည် ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ယားယံခြင်းများတွင် အဖြစ်အများဆုံးနှင့် ယားယံမှု အပြင်းထန်ဆုံးခံစားရနိုင်ကာ ကိုယ်ဝန်ဆောင်ကာလ ၆လခန့်တွင် စတင်ခံစားရနိုင်ပြီး ကလေးမွေးဖွားပြီး ရက်အနည်းငယ်အတွင်း ပျောက်ကင်း သွားနိုင်သည်။
သည်းခြေလမ်းကြောင်းပိတ်ရောဂါ
အသည်းမှ ထုတ်ပေးသော အစာခြေဖျက်ခြင်းအတွက် လိုအပ်သော သည်းခြေရည်များကို သည်းခြေအိတ်များအတွင်း သိုလှောင်ထားပြီး ၎င်းမှတဆင့် အစာခြေလမ်းကြောင်း အတွင်းသို့ ပို့လွှတ်ပေးသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် များပြားလာသော Oestrogen, Progesterone စသည့် အမျိုးသမီး ဟော်မုန်းများ၏ အာနိသင်ကြောင့် အသည်းမှ ထွက်သော သည်းခြေရည်များ သည်းခြေအိတ်သို့ ပို့လွှတ်နိုင်ခြင်း မရှိတော့ပဲ အသည်းအတွင်းရှိ ဆဲလ်များအတွင်း ၎င်းသည်းခြေရည်များ များလာနိုင်သည်။
အဆိုပါ များလာသော သည်းခြေရည်များသည် အသည်းမှတဆင့် သွေးအတွင်းသို့ စီးဝင်သွားနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်ယားယံခြင်းနှင့် သန္ဓေသားတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်သဖြင့် အောက်ဖေါ်ပြပါ ရောဂါလက္ခဏာများ ခံစားရခြင်းရှိလည်း နီးစပ်ရာ ဆရာဝန် (သမားတော် (သို့) သားဖွားမီးယပ်) နှင့် အမြန်ဆုံးတိုင်ပင်ပြသကုသမှုခံရမည် ဖြစ်သည်။
အသည်းလမ်းကြောင်းပိတ်သည့် လက္ခဏာများ
အဖြစ်များသော လက္ခဏာများ
– ယားယံခြင်း (အထူးသဖြင့် လက်ဖဝါး၊ ခြေဖဝါးများတွင် ပိုမိုယားယံနိုင်ပြီး ညအချိန်တွင် ပိုဆိုးတတ်သည်)
– ဆီးအရောင်ရင့်ခြင်း
– ဝမ်းဗိုက်အပေါ်ပိုင်းနာကျင်ခြင်း
– ဝမ်းအရောင်ဖျော့ဖျော့သွားခြင်း
– အလွယ်တကူမောပန်းလွယ်ခြင်း
– အစားစားချင်စိတ်မရှိခြင်း
– စိတ်ဓာတ်ကျလွယ်ခြင်း
– မျက်စိဝါခြင်း
အဖြစ်နည်းသော်လည်း ဖြစ်နိုင်သောလက္ခဏာများ
– အသားဝါခြင်းမအီမသာဖြစ်ခြင်း
– နှာခေါင်းသွေးယိုခြင်း
– သွေးဆင်းတတ်ခြင်း
– ညပိုင်းများတွင် အိပ်မပျော်ခြင်း
အထက်ပါ လက္ခဏာများအနက် အဓိကအားဖြင့် ယားယံခြင်းကိုသာ အရင်ဦးစွာ ခံစားရသဖြင့် ကိုယ်ဝန်ဆောင်ချိန်ဖြစ်သော ယားယံခြင်းများကို ပေါ့ဆမနေသင့်ပေ။
ရောဂါဖြစ်ရန် အခွင့်အလမ်းများသူများ
ကိုယ်ဝန်ဆောင်ဦးရေ ၁၀၀၀တွင် အနည်းဆုံးတဦးအထိ ဖြစ်ပွားနိုင်သည်။ အများအားဖြင့် အောက်ဖော်ပြပါ ကိုယ်ဝန်ဆောင်များတွင် ပိုမို၍ ဖြစ်ပွားနိုင်သည်။
– အမွာကိုယ်ဝန်ဆောင်ထားသူများ
– အသည်းရောဂါအခံရှိသူမိခင် (သို့) အစ်မ/ညီမများတွင် အလားတူရောဂါဖြစ်ပွားဖူးသူများ
– ယခင်ကိုယ်ဝန်တွင် အလားတူရောဂါကို ဖြစ်ပွားခံစားဖူးသူများ
သည်းခြေလမ်းကြောင်းပိတ်ရောဂါကို ဘယ်လိုသိနိုင်မလဲ
သည်းခြေလမ်းကြောင်းပိတ်ခြင်းကို
– ရောဂါရာဇဝင်မေးခြင်း၊
– လူနာအား ဆရာဝန်မှ စေ့စပ်သေချာစွာ စမ်းသတ်ခြင်း၊
– သွေးအတွင်းရှိ အသည်းမှထွက်သောအင်ဇိုင်းများကို ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း စသည်တို့ပြုလုပ်ပြီးမှ ရောဂါဖြစ်ပွားသည်ဟု သတ်မှတ် နိုင်သည်။
Ultrasound ရိုက်၍ စစ်ဆေးခြင်းဖြင့် အခြားအကြောင်းများကြောင့်ဖြစ်သော သည်းခြေလမ်းကြောင်းပိတ်ခြင်း ဟုတ်/မဟုတ်ကိုလည်း စစ်ဆေးနိုင်သည်။ အသည်းအင်ဇိုင်းများကို စစ်ဆေးရာတွင် ပုံမှန်အတိုင်း ဖြစ်နေသော်လည်း ရောဂါမရှိဟု တပ်အပ်မပြောနိုင်သဖြင့် တပတ်ခြားစီ (သို့) နှစ်ပတ်ခြားစီ စစ်ဆေးနေသင့်သည်။
ကလေးအပေါ်တွင်ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ
သန္ဓေသားဖွံ့ဖြိုးမှုနှေးခြင်း၊
မွေးချိန်မတိုင်ပဲစော၍မွေးခြင်း၊
မမွေးဖွားမီ သားအိမ်အတွင်း ကလေးသေဆုံးခြင်းနှင့်ကလေးအသေမွေးခြင်း၊
မွေးလာသော ကလေးတွင်လည်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်း စသည်ဖြင့် ပြင်းထန်သာ နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်သည်။
ထို့ကြောင့် သည်းခြေလမ်းကြောင်းပိတ်သော (သို့) သည်းခြေလမ်းကြောင်းပိတ် လက္ခဏာရှိသော ကိုယ်ဝန်ဆောင်များတွင် မိခင်ကော ကလေးကိုပါ ဆရာဝန်ထံတွင် မကြာခဏ စမ်းသတ်စစ်ဆေးမှု ခံယူရန်လိုပြီး ကလေးအဆုတ် ဖွံ့ဖြိုးချိန်တွင် လိုအပ်သလို စော၍မွေးစေခြင်း ပြုလုပ်သင့်သည်။
ဘယ်လိုကုသမှုခံယူရမလဲ
အဓိကအားဖြင့် မနေနိုင်မထိုင်နိုင်အောင်ဖြစ်သော ယားယံခြင်းကို သက်သာစေရေး ကုသရမည်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် မည်သည့်ဆေးကိုမဆို မိမိပြသလျက် ရှိသော ဆရာဝန်မသိအောင် မသောက်ရန်လည်းလိုသည်။
ရေများများသောက်ပေးခြင်း
ရေအေးအေးဖြင့်ရေချိုးခြင်း (ရေခဲရေဖြင့်ရေချိုးခြင်း)
လတ်ဆတ်သော ဟင်းသီးဟင်းရွက်များစားသုံးခြင်း
အချိုဓာတ်များသော အစားအသောက်များ၊ ပဲနို့နှင့် ပဲထွက်ပစ္စည်းများ၊ အဆီများသော အစားအသောက်များ ရှောင်ကျဉ်ခြင်း၊
ယားယံခြင်းကိုသက်သာစေသော (Calamine, Caladryl) လူးဆေးများ လူးပေးခြင်း စသည့် အချက်များကို လိုက်နာခြင်းဖြင့် သည်းခြေလမ်းကြောင်း ပိတ်ခြင်းကြောင့်ဖြစ်သော ယားယံခြင်းများကို သက်သာစေနိုင်သည်။
ဆရာဝန်ညွှန်ကြားချက်အတိုင်းကုသမှုခံယူခြင်းသွေးတွင်း Bile Acid ကို လျော့နည်းစေသောဆေးများစတီးရွိုက်ပါသောသောက်ဆေးများ Vitamin “K” ဆေးဝါးများနှစ်ပတ်တကြိမ် ကိုယ်ဝန်နှင့် သန္ဓေသား၏ အခြေအနေစစ်ဆေးခြင်း၊ အသည်းအင်ဇိုင်းများ ပုံမှန်စစ်ဆေးခြင်းအသည်းအားဆေးများကို သောက်သုံးနိုင်သော်လည်း ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးရမည်။ (Cetrizine, Burmeton ခေါ် ယားယံခြင်းကိုသက်သာစေသည့် Antihistamine ဆေးဝါးများ သုံးစွဲခြင်းဖြင့် သည်းခြေလမ်းကြောင်း ပိတ်ခြင်းကြောင့်ဖြစ်သော ယားယံခြင်းကို မသက်သာနိုင်ရုံသာမက ကလေးရော မိခင်ပါ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်သဖြင့် သုံးစွဲခြင်းကို လုံးဝရှောင်ကျဉ်ရမည်)
ဆရာဝန်ငယ်များအနေနှင့်လည်း ကိုယ်ဝန်ဆောင်ချိန် သည်းခြေလမ်းကြောင်းပိတ် ဝေဒနာရှင်များအား ကုသမှုပေးရာတွင် အောက်ဖော်ပြပါ အချက်များနှင့်ယှဉ်ထိုး၍ စဉ်စားနိုင်သည်။
ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန်ဆောင်ကာလတလျောက် ကျန်းမာရေး (နဂိုရောဂါအခံ ရှိ/မရှိ)၊ လက်ရှိရောဂါအခြေအနေ(တိုးတက်လာခြင်း၊ ပိုဆိုးလာခြင်း)၊ ကုသမှုနှင့်ပတ်သတ်၍ လူနာ၏ ခံနိုင်ရည် (ဆေးဝါးများနှင့် ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများခံစားနေရခြင်း ရှိ/မရှိ)၊ ရောဂါအခြေအနေနှင့်ပတ်သတ်၍ မျှော်လင့်နိုင်သော အခြေအနေ(ကလေးအားဘယ်အရွယ်တွင် မွေးမည်)၊ လူနာ၏ ထင်မြင်ယူဆချက်ကိုယ်ဝန်ဆောင်ချိန်တွင် သည်းခြေလမ်းကြောင်းပိတ်သောရောဂါကို ခံစားဖူးသော မိခင်များအနေနှင့် နောက်ကိုယ်ဝန်များတွင်လည်း အလားတူရောဂါကို ထပ်မံခံစားရနိုင် သဖြင့် ကိုယ်ဝန်မဆောင်စဉ်ကပင် သားဖွားမီးယပ်ဆရာဝန် (သို့) သမားတော်နှင့် တိုင်ပင်ပြီး ညွှန်ကြားသော ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ဆေးဝါးများကို စနစ်တကျလိုက်နာပြီးမှ ကိုယ်ဝန်ထပ်မံယူသင့်ကြောင်း အကြံပေးလိုသည်။
တင့်တယ်