အမျိုးသမီးတွေ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ သားအိမ်ကျွံခြင်း
သားအိမ်ကျွံခြင်းအကြောင်းမပြောမီ ဦးစွာ သားအိမ်အကြောင်းကို အနည်းငယ်ရှင်းပြချင်ပါတယ်။
သားအိမ် ကို ဆေးပညာအရ Uterus လို့ခေါ်ပါတယ်။ သားအိမ်ဟာ မမျိုးပွားအင်္ဂါအဖွဲ့အစည်းရဲ့ အရေးကြီးတဲ့ အင်္ဂါတခုဖြစ်ပြီး ပုံမှန်အားဖြင့် (ဆိုလိုတာက ကိုယ်ဝန်မရှိတဲ့အချိန်တွေမှာ) တင်ပဆုံကွင်း (Pelvis) ထဲမှာရှိပါတယ်။
သားအိမ်ရဲ့ရှေ့မှာ ဆီးအိမ်၊ သားအိမ်ရဲ့ နောက်မှာ အစာဟောင်းအိမ်ရှိပြီး သားအိမ်ရဲ့ အောက်ဘက်မှာတော့ မအင်္ဂါနဲ့ မိန်းမကိုယ်လမ်းကြောင်းဟာ သားအိမ်ခေါင်းနဲ့ တဆက်တည်းတည်ရှိပါတယ်။ တင်ပဆုံကွင်းထဲမှာ သားအိမ်ဟာ ဒီအတိုင်းရှိနေတာမဟုတ်ပါဘူး။
သားအိမ်ဟာ မိန်းမကိုယ်လမ်းကြောင်း မအင်္ဂါတို့နဲ့ တဆက်တည်းရှိနေတာကြောင့် သားအိမ်ကို မိန်းမကိုယ်လမ်းကြောင်းကနေတဆင့် အပြင်ကို လျှောကျ (ကျွံ့ကျ) တာတွေမဖြစ်အောင် သားအိမ်အောက်ကနေ Pelvic diaphragm, urogenital diaphragm စတဲ့ တင်ပဆုံကြွက်သားတွေကနေ ပင့်တင်ပေးထားပြီး ဘေးပတ်ပတ်လည်ကနေလဲ Utero-sacral ligament,Transverse ligament, pubocervical fascia စတဲ့ တင်ပဆုံအရွတ်တွေနဲ့ ထိန်းထားပါတယ်။
ဒီလိုသားအိမ်ကို သူ့နေရာမှာရှိအောင်ထိန်းပေးထားတဲ့ ကြွက်သားတွေနဲ့အရွတ်တွေဟာ အကြောင်းတခုခုကြောင့် အားနည်းတာမျိုးဖြစ်လာခဲ့ရင်တော့ သားအိမ်ဟာ မိန်းမကိုယ်လမ်းကြောင်းကနေတဆင့် အပြင်ကိုကျွံတာ ကျတာတွေဖြစ်လာနိုင်ပါတယ်။
သားအိမ်ကို ထောက်ပံပေးထားတဲ့ ကြွက်သားတွေအရွတ်တွေကို အားနည်းစေပြီး သားအိမ်ကျခြင်းဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ ကလေးအများကြီးမွေးတာ၊ ကလေးမွေးချိန်ကြာတာ၊ မွေးတဲ့ကလေးက အရမ်းကြီးနေတာ၊ မွေးတဲ့အချိန်မှာ ညှပ်ဆွဲရတာ၊ လေစုပ်ရတာ၊ ချောင်းအကြာကြီး ရေရှည်ဆိုးတာ၊ ဝမ်းချုပ်တာ၊ တအားဝတာ၊ အလေးအပင်တွေမရတာ၊ ရေဖျဉ်းစွဲတာ၊ သားအိမ်အသားလုံး၊ သွေးလုံး စတဲ့အလုံးအကျိတ်တွေရှိတာ
အသက်ကြီးလာလို့ သွေးဆုံးပြီးနောက် အီစတိုဂျင်ဟော်မုန်းပမာဏနည်းသွားတာ ကော်နက်တစ် တစ်သျှူးခေါ် တွယ်ဆက်တစ်သျှူးတွေအားနည်းတဲ့ မွေးရာပါရောဂါရှိတာ (Congenital weakness of connective tissue) စသဖြင့်ပဲဖြစ်ပါတယ်။
သားအိမ်ကျွံတာကို မိန်းမကိုယ်လမ်းကြောင်းထဲမှာပဲ ကျွံတာ၊ သားအိမ်ခေါင်းက မိန်းမကိုယ်လမ်းကြောင်းအဝမှာ ရောက်ပြီးကျွံတာ၊ သားအိမ်တခုလုံး မိန်းမကိုယ်အပြင်ဘက်ထွက်ပြီး ကျွံတာဆိုပြီး အဆင့် ၃ ဆင့်ခွဲထားပါတယ်။
သားအိမ်ကျွံတဲ့အခါ ကျတဲ့အခါမှာ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ မိန်းမကိုယ်အဝမှာ တစ်ဆို့ကြီးဖြစ်နေတာ၊ ခါးကိုက်တာ၊ အမျိုးသားနဲ့အတူနေတဲ့အခါမှာ နာတာတွေဖြစ်နိုင်ပါတယ်။
ကျွံတဲ့သားအိမ်က သူ့ရှေ့ကပ်လျက်ကဆီးအိမ်ကို သွားဆွဲချသလိုဖြစ်တဲ့အခါမှာ ဆီးသွားရခက်တာ၊ ဆီးကျန်သလိုဖြစ်တာ၊ ဆီးခဏခဏသွားချင်တာ၊ ဆီးမလုံတာ (တအားရယ်လိုက်တဲ့အခါ၊ နှာချေတဲ့အခါမှာ ဆီးထွက်တာ) တွေနဲ့ သူ့နောက်ကပ်လျက်က အစာဟောင်းအိမ်ကို သွားဆွဲချသလိုဖြစ်တဲ့အခါမှာ ဝမ်းသွားရခက်တာ၊ ဝမ်းကျန်သလိုဖြစ်တာတွေ ခံစားရနိုင်ပါတယ်။
ဒါ့အပြင် သားအိမ်ခေါင်းက မိန်းမကိုယ်အဝမှာထွက်ပြီး ကျွံတာနဲ့ သားအိမ်တခုလုံး မိန်းမကိုယ်အပြင်ရောက်ပြီးကျွံတဲ့ အဆင့်တွေမှာဆိုရင် ကျွံတဲ့အစိတ်အပိုင်းက အနာဖြစ်ပြီး ပြည်၊သွေးထွက်တာတွေ ဖြစ်နိုင်ပါတယ်။ သားအိမ်ကျွံတာနဲ့ပတ်သက်ပြီး လူနာတွေအမေးများတဲ့ မေးခွန်းကတော့ သားအိမ်ကျွံရင် ဘာဆေးသောက်ရမလဲဆိုတဲ့ မေးခွန်းပါ။
သားအိမ်ကျွံတာ၊ အူကျတာ၊ လိပ်ခေါင်းထွက်တာတွေက ဆေးသောက်လို့ပျောက်တဲ့ရောဂါတွေ မဟုတ်ပါဘူး။ ခွဲစိတ်ကုသမှုခံယူဖို့ လိုပါတယ်။ သားအိမ်ကျွံတာကို ပြန်ပြင်ပေးတဲ့ ခွဲစိတ်ကုသမှုဆိုတာကတော့ မိန်းမကိုယ်လမ်းကြောင်းကနေတဆင့် ခွဲစိတ်ပြီး ကျနေတဲ့သားအိမ်၊ ဆီးအိမ်၊အစားဟောင်းအိမ်တွေကို ပြန်တင်ပေးကာ လျော့ရဲနေတဲ့ကြွက်သားတွေ၊ အရွတ်တွေကို တင်းတင်းရင်းရင်းဖြစ်အောင်ပြန်ချုပ်တာပါ။ အကြောင်းကြောင်းကြောင့် မခွဲစိတ်ချင်တဲ့ ခွဲစိတ်ဖို့မသင့်တော်တဲ့ အမျိုးသမီးတွေအနေနဲ့ကတော့ ကွင်းထည့်တာဆိုတဲ့ (Pessaries treatment) ကုသမှုနည်းလမ်းကို သုံးနိုင်ပါတယ်။
ဘယ်လိုကုသမှုနည်းလမ်းကိုသုံးသုံး ပြန်မဖြစ်အောင်၊ ပြန်ဖြစ်ပွားနိုင်ခြေနည်းအောင်ကတော့ ဖြစ်စေတဲ့ အကြောင်းရင်းတွေကိုလည်းရှာပြီး ကုသဖို့လိုပါတယ်။ (ဥပမာ ရေရှည်ချောင်းဆိုးရာကနေ ဖြစ်တာဆိုရင် ချောင်းမဆိုးအောင်ကုတာ၊ ဝမ်းချုပ်တာကနေဖြစ်တာဆိုရင် ဝမ်းမချုပ်အောင်ကုတာ စသဖြင့်ပါ) အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ သားအိမ်ကျွံခြင်းရဲ့ လက္ခဏာတွေခံစားနေရပြီဆိုရင် မပေါ့ဆပဲ အတိအကျသိရအောင် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်ပါလို့ အကြံပေးချင်ပါတယ်။
Dr 528