ကိုယ်ဝန်ပျက်ကျခြင်း မဖြစ်စေဖို့ ကာကွယ်နိုင်သော နည်းလမ်းများ
ကိုယ်ဝန်ပျက်ကျခြင်းသည် မိခင်များအတွက် စိတ်အထိခိုက်ဆုံးဝေဒနာတစ်ခုပါ။ ထို့ကြောင့် မိမိရင်သွေးငယ်လေးကို မဆုံးရှုံးစေဖို့ ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း လိုက်နာသင့်သည့် အကြောင်းအရာလေးတွေကို ပြောပြပေးလိုပါတယ်။ ကိုယ်ဝန်ဆောင်စဉ် မိခင်များသည် မိမိကိုယ်ကို ကျန်းမာအောင်ပြုမှုနေထိုင်ခြင်း၊ စနစ်တကျစားသုံးခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အနေအထားမှန်မှန်ဖြင့် အိပ်စက်အနားယူခြင်း အစရှိသည့်နည်းလမ်းများဖြင့် ကိုယ်ဝန်ပျက်ကျခြင်းမရှိအောင် ကာကွယ်နိုင်ပါတယ်။
ကိုယ်ဝန်မဆောင်ခင်အချိန်တွင် ပြုလုပ်ပေးရမယ့် အကြောင်းအရာလေးတွေရှိပါတယ်။ ၎င်းတို့မှာ-
– ကူးစက်ရောဂါများရှိ မရှိစစ်ဆေးခြင်း
လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများဖြစ်သည့် ဂနိုရောဂါ၊ ကာလသားရောဂါ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ စသည့်ရောဂါများ ရှိ၊မရှိကို ကိုယ်ဝန်မရှိခင်ကတည်းက စစ်ဆေးသင့်ပါတယ်။ ထိုရောဂါများကူးစက်ခံနေရပါက ကိုယ်ဝန်ပျက်ကျမှုနှုန်းပိုများပါတယ်။
– ကာကွယ်ဆေးထိုးခြင်း
ကိုယ်ဝန်မဆောင်ခင် ထိုးသင့်သည့် ကာကွယ်ဆေးများကို သေချာစွာ ထိုးထားသင့်ပါတယ်။ အရင်က ကာကွယ်ဆေးများ ထိုးသည်၊ မထိုးသည် မသေချာပါက အစအဆုံး ပြန်လည်စစ်ဆေး၍ ကာကွယ်ဆေးများကို ထိုးထားသင့်ပါတယ်။
– တစ်ချို့သော ရောဂါများသည် ကိုယ်ဝန်ပျက်ကျနိုင်ခြင်း
လည်ပင်းရောဂါ၊ အတက်ရောဂါနှင့် တစ်ချို့သော သွေးရောဂါများသည် ကိုယ်ဝန်ပျက်ကျခြင်းကိုဖြစ်စေနိုင်ပါတယ်။ သို့သော် သေချာစွာ ဆေးကုသမှုခံယူထားပါက ပျက်ကျခြင်းမဖြစ်နိုင်ပါဘူး။ မိမိတွင်သာမက မိမိ မိသားစုထဲတွင်လည်း မျိုးရိုးလိုက်တတ်သော ရောဂါများ ရှိ၊ မရှိကို ဆရာဝန်နှင့်သေချာစွာ စစ်ဆေးထားသင့်ပါတယ်။
– သံဓာတ်အားဆေးသောက်သုံးခြင်း
ကလေးယူဖို့ အစီအစဉ်ရှိသည်နှင့် ကိုယ်ဝန်မဆောင်ခင် နှစ်လမှစ၍ သံဓာတ်အားဆေးကို နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။ သံဓာတ်အားဆေးသောက်သုံးပေးခြင်းဖြင့် မိမိမွေးဖွားလာမယ့်ကလေးများတွင် မွေးရာပါရောဂါများ ပါလာခြင်းမှ ကာကွယ်နိုင်ပါတယ်။
– caffeineဓာတ်ပါဝင်သောအရည်များကို ရှောင်ခြင်း
ကိုယ်ဝန်မဆောင်ခင်အချိန်ကတည်းက caffeineဓာတ်ပါဝင်သော ကော်ဖီကို တစ်နေ့ ၂ကြိမ်ထက်ပိုမသောက်သင့်ပါဘူး။ caffeineဓာတ်သည် အမျိုးသမီးဟော်မုန်းများကိုလျော့နည်းစေပြီး ကလေးကို ထိခိုက်နိူင်ပါတယ်။
အထက်ပါ ကိုယ်ဝန်မဆောင်ခင် လိုက်နာရမယ့်အချက်များရှိသကဲ့သို့ ကိုယ်ဝန်ဆောင်စဉ်အတွင်း ပြုလုပ်ရမယ့်အရာများလည်း ရှိပါသေးတယ်။ ၎င်းတို့မှာ-
– ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း
ပြင်းထန်သော လေ့ကျင့်ခန်းမျိုးမဟုတ်ပဲ တစ်နေ့နာရီဝက်မျှ လမ်းလျှောက်ပေးခြင်း၊ ကိုယ်ဝန်ဆောင်ယောဂလေ့ကျင့်ခြင်း စသည့် ပေါ့ပါးသော အားကစားများကိုသာ လုပ်ပေးသင့်ပါတယ်။ ပြင်းထန်သော လေ့ကျင့်ခန်းသည် ကိုယ်ဝန်ပျက်ကျစေပါတယ်။ အဘယ်ကြောင့်ဆိုသော် ကိုယ်အပူချိန်ကို မြင့်တက်စေပြီး ကလေးဆီသို့ သွေးစီးဆင်းမှုနည်းစေပါတယ်။ ချော်လဲခြင်းမဖြစ်အောင်လည်း သတိထားသင့်ပါတယ်။ ဆိုင်ကယ်စီးခြင်း၊ လမ်းကြမ်းသောနေရာများသို့ ကားစီး၍သွားခြင်း စသည်တို့ကိုလည်း ရှောင်သင့်ပါတယ်။
– အသားစိမ်း၊ ငါးစိမ်းများ၊ မသန့်ရှင်းသော နို့နှင့်နို့ထွက်ပစ္စည်းများကို မစားသင့်ပါ။ ၎င်းတို့ထဲမှ ပိုးမွှားများသည် ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပြီး ကလေးကိုထိခိုက်စေနိုင်ကာ ကိုယ်ဝန်ပျက်ကျသည်အထိ အန္တရာယ်ရှိပါတယ်။ ထို့ကြောင့် အစားအစာများကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။
– အရက်၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်းမှ ရှောင်ကြဉ်ရပါမယ်။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးများ သောက်သုံးခြင်းသည် ကိုယ်ဝန်ဆောင်မိခင်အတွက်လည်း အန္တရာယ်ရှိသကဲ့သို့ ကလေးကိုပါ ထိခိုက်နိုင်ပြီး နောက်ဆုံးကိုယ်ဝန်ပျက်ကျသည်အထိဖြစ်နိုင်ပါတယ်။
– ကိုယ်ဝန်ဆောင်စဉ် တစ်ကိုယ်လုံး မည်သည့် နေရာမှ ဓာတ်မှန်မရိုက်ရပါ။ ဓာတ်ရောင်ခြည်များသည် ကလေးကိုထိခိုက်စေပါတယ်။ ဒါ့အပြင် ခဲ၊ သတ္တု၊ သံထည်ပစ္စည်းများနှင့်လည်း ဝေးဝေးရှောင်သင့်ပါတယ်။
– စိတ်ဖိစီးမှုဒဏ်မှ ကင်းဝေးအောင်နေပါ။ စိတ်ဖိစီးမှုများခြင်းကြောင့် ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်း၊ ခေါင်းမူးခြင်းတို့ ခံစားရတတ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် စိတ်အပန်းဖြေသည့် နည်းလမ်းများဖြစ်သည့် အသက်ရှူခြင်းလေ့ကျင့်ခန်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ပန်းချီဆွဲခြင်း၊ အပင်စိုက်ပျိုးခြင်း စသည်တို့ကို ပြုလုပ်ပေးသင့်ပါတယ်။
– သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို နေ့စဉ်စားသုံးပါ။ လတ်ဆတ်တယ်ဆိုတဲ့နေရာမှာ သဘာဝအတိုင်းပေါက်သော ဟင်းသီးဟင်းရွက်များကို ဆိုလိုပါတယ်။ ဓာတ်မြေဩဇာ၊ ရွက်ဖျန်းဆေးများသုံးထားသော ဟင်းသီးဟင်းရွက်များကို စားသုံးပါက ကလေးကော မိခင်ပါ ထိခိုက်နိုင်ပါတယ်။
– သေချာချက်ပြုတ်ထားသော အသားများ၊ Omega-3 ပြည့်ဝစွာပါဝင်သော အရိုးပါဝါးစားလို့ရသည့် ငါးသေးသေးလေးများကို စားသုံးပါ။ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးကိုလည်း စားသုံးနိုင်ပါတယ်။
– ချိုသော အစားအစာများ၊ ဂတ်စ်ပါသော အချိုရည်များသောက်သုံးခြင်းမှရှောင်ကြဉ်ပါ။
– နောက်ဆုံးတစ်ချက်အနေနဲ့ ရေများများသောက်ပါ။ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးအနေနဲ့ တစ်နေ့ကို ရေ ၂.၂လီတာ သောက်သုံးသင့်တယ်လို့ ဆိုပါတယ်။ ရေသန့်(သို့) သေချာစွာဆူပွက်အောင်တည်ထားသော ရေကျက်အေးကိုသာ သောက်သုံးပေးပါ။
အပေါ်မှာပြောပြခဲ့သော အကြောင်းအရာများကို သေချာစွာ သိရှိနားလည်ပြီး ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ လိုက်နာစေလိုပါတယ်။ မလိုအပ်ပဲ မိမိရင်သွေးရတနာလေးများကို မဆုံးရှုံးစေဖို့၊ မိခင်ကော ကလေးပါ ကျန်းမာစေဖို့ ရည်ရွယ်၍ရေးသားလိုက်ရပါသည်။
Dr.သီတာလှိုင်(ဆေး-၂)