အမျိုးသမီးတွေမှာ အရိုးပွတာ ဘာတွေကြောင့်လဲ
အရိုးပွတယ်ဆိုတာကို ဆေးပညာအရ osteoporosis လို့ခေါ်ပါတယ်။ အရိုးထဲမှာရှိတဲ့ အရိုးထု တစ်ဖြည်းဖြည်းနည်းလာတာပါ။ အရိုးတစ်ခုမှာ အထဲကထုနည်းလာတော့ ခံနိုင်ရည်အားနည်းလာပြီး အသုံးပြုပါများလေ နာလာလေဖြစ်လာတတ်တယ်။ အရိုးထုနည်းတဲ့ပမာဏများလာတယ်ဆိုရင် နည်းနည်းလေးထိရုံနဲ့ ကျိုးလွယ်လာတတ်ပါတယ်။
အရိုးပွခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ အသက်ကြီးလာတာကြောင့် နောက်ဆက်တွဲ ဖြစ်လာတာပါ။ အသက် ၅၀ ကျော်အရွယ်တွေမှာ အလိုလိုနေရင်းကိုအရိုးပွစေလာပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်၊ သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာ ကိုယ်ခန္ဓာကနေ အီစထရိုဂျင်ဟော်မုန်းထွက်တာနည်းလာတာကြောင့် အရိုးပွလွယ်တတ်ပါတယ်။ အစားအသောက်အာဟာရမပြည့်တာတွေကနေလည်း ဖြစ်နိုင်ပါတယ်။
ဒုတိယအကြောင်းအရင်းကတော့ တစ်ခြားသောရောဂါတွေဖြစ်ရာကနေ နောက်ဆက်တွဲ အရိုးပွလာတာပါ ကယ်လ်စီယမ်နည်းလာတဲ့ ရောဂါတွေမှာ ပိုဖြစ်တတ်တယ် Paget’s disease လို့ခေါ်တဲ့ အသက်ကြီးပိုင်းတွေမှာဖြစ်တတ်တဲ့ အရိုးနဲ့ဆိုင်တဲ့ရောဂါမှာလည်းဖြစ်နိုင်ပါတယ် သိုက်ရွိုက် ပါရာသိုက်ရွိုက်ရောဂါတွေမှာလည်း ဖြစ်နိုင်ပါတယ် တစ်ချို့သောသောက်ဆေးတွေကလည်းအရိုးပွခြင်းကို ဖြစ်လွယ်စေပါတယ် ဥပမာအားဖြင့် steroid ဆေးတွေပါ။ ကိုယ်ခန္ဓာမှာ ရှိသမျှ အရိုးအဆစ်တိုင်းအရိုးပွနိုင်ပါတယ်။ ကျောရိုးဆစ်တွေမှာလည်း ဖြစ်နိုင်တယ် ခြေထောက်နဲ့ လက်ကအရိုးတွေမှာလည်း ဖြစ်နိုင်ပါတယ်။
အရိုးပွခြင်းကို ပိုပြီးဖြစ်စေတတ်တဲ့အကြောင်းတွေလည်း ရှိပါတယ်။ အရက်သောက်လွန်းတဲ့ သူတွေ ကိုယ်အလေးချိန်ပုံမှန်ထက်နည်းနေတဲ့သူတွေ၊ အဆစ်ယောင်ရောဂါရှိနေသူတွေ၊ ကောင်းမွန်စွာမလှုပ်ရှားနိုင်တဲ့သူတွေ နဲ့ မိဘဆွေမျိုးတွေမှာ အရိုးပွခြင်းဖြစ်တဲ့သူရှိတာတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ အရိုးပွတာကသူ့ဘာသာဆို နာတာကိုက်တာလောက်ပဲ ဖြစ်တတ်တယ်။ အရိုးပွတဲ့ပမာဏများလွန်းလာရင်တော့အလိုလိုကျိုးတာတွေ ထိမိရုံနဲ့ကျိုးတာတွေဖြစ်လာတတ်ပါတယ်။ အရိုးကျိုးတဲ့အခါ ကျိုးတဲ့အရိုးပေါ်မှာမူတည်ပြီး ရောဂါဝေဒနာတွေ ခံစားရတတ်ပါတယ်။
ကျောရိုးခါးရိုးတွေမှာ အရိုးကျိုးတာက တစ်ခါတစ်လေ လူနာတောင်မသိလိုက်ပါဘူ။း နာနေတာကြောင့် ဓာတ်မှန်ရိုက်ဖြစ်လိုက်တာမျိုးမှ တွေ့တာလည်းရှိတယ်။ လမ်းလည်းပုံမှန်လိုပဲလျှောက်လို့ရနေတတ်တယ် ဘာမှမခံစားရပေမယ့် အရေးကြီးပါတယ်။ ကျောရိုးဆစ်တွေ ကျိုးလာတဲ့အခါအရိုးက ပြားပြီး ကျောရိုးထဲမှာ ရှိနေတဲ့ အာရုံကြောတွေ ဖိမိလာတတ်တယ်။ အစမှာဘာမှမဖြစ်ပေမယ့် နောက်ပိုင်းတွေမှာ ခြေတွေကောင်းကောင်းလှုပ်မရတာတွေ အောက်ပိုင်းသေတာတွေ ထုံကျင်နေတာတွေ ဖြစ်တတ်တယ်။ ဆီးဝမ်းမထိန်းနိုင်တာ သွားချင်ပေမယ့် မသွားနိုင်တာတွေလည်းဖြစ်နိုင်တယ်။
အရိုးပွတာက ပေါင်ရိုးတွေမှာဖြစ်နေတယ်ဆိုရင်တော့ နည်းနည်းလေးထိမိလိုက်တာ၊ ချော်လဲတာ၊ လှေကားအတက်အဆင်းလေးလုပ်ရုံကနေလည်း အရိုးကျိုးသွားနိုင်ပါတယ်။ ပေါင်ရိုးနဲ့ တင်ပဆုံရိုးအဆက်မှာ ကျိုးလေ့ရှိပါတယ်။ ပေါင်ရိုးကျိုးပြီဆိုရင်တော့ မတ်တပ်လည်းရပ်မရပါဘူ။း လမ်းလည်းလျှောက်မရပါဘူး။ လှုပ်တာနဲ့ နာတတ်ပါတယ်။ ကျိုးတဲ့အရိုးကို ပြန်အစားထိုးဖို့ဆိုတာက ထင်သလောက်မလွယ်ပါဘူ။း ကျောရိုးတွေမှာဖြစ်တာက အနားယူပေးရတတ်တယ်။ အာရုံကြောပြဿနာတွေ ပါလာတယ်ဆိုရင် ခွဲစိတ်ဖို့လိုလာတတ်တယ်။ ကျောရိုးမှာ အစားထိုးဖို့က ခက်ပါတယ်။ ပေါင်ရိုးကျိုးတယ်ဆိုရင်တော့ စတီးလ်အစားထိုးထည့်တတ်ကြတယ်။ ဒီလိုထည့်လည်းအချိန်အတိုင်းအတာတစ်ခုထိတော့ အနားယူဖို့လိုတတ်ပါတယ်။ အရိုးပွလို့ကျိုးတယ်ဆိုရင် နောက်ထပ်အရိုးတွေလည်း ကျိုးနိုင်ချေရှိနေတာကိုပါ ထည့်တွေးထားဖို့ လိုပါတယ်။
အရိုးပွနေလားဆိုတာကို ကြိုပြီးစစ်ဆေးလို့ရပါတယ်။ Dexa scan ရိုက်ရတာပါ။ သတ်မှတ်ချက်တွေကိုကြည့်ပြီး အရိုးပွနေလား၊ ဘယ်တော့ပြန်ရိုက်ဖို့လိုလဲ၊ ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲ ဆိုတာ သိနိုင်ပါတယ်။ ရိုးရိုးဓာတ်မှန်မှာတော့ မမြင်ရပါဘူး။ ကယ်လ်စီယမ် calcium, ဖော့စ်ဖိတ် phosphate စတာတွေကိုလည်း သွေးကနေစစ်ကြည့်လို့ရပါတယ်။ အသက်ငယ်ငယ်မှာ အရိုးပွရောဂါဖြစ်နေတယ်ဆိုရင်တော့ ဘာကြောင့်ဖြစ်နေတာလဲဆိုတဲ့အကြောင်းကိုပါ သေချာရှာပေးဖို့လိုပါတယ် ။
အရိုးပွနေပြီဆိုရင်တော့ လိုအပ်တဲ့ဆေးတွေသောက်ပေးရမှာပါ။ တစ်သက်လုံးစွဲသောက်ရမှာပါ။ အရိုးပွတာက အပြီးပြန်မပျောက်ပါဘူး။ ဆေးနဲ့ပဲတောက်လျှောက် ထိန်းသွားရမှာပါ။ တစ်ခါတစ်လေမှာဟော်မုန်းဆေးတွေပြန်ဖြည့်တာလည်း လိုအပ်တတ်ပါတယ်။
အရိုးပွခြင်းကို ကြိုတင်ကာကွယ်လို့တော့ရပါတယ်။ ဆေးလိပ်အရက်သောက်တတ်တဲ့သူတွေ ဆေးလိပ်ဖြတ်ပါ။ အရက်လျှော့သောက်ပါ။ အစားအာဟာရပြည့်အောင်စားပါ၊ calcium နဲ့ဗီတာမင် ဒီပါတာတွေ အဓိကသေချာစားပါ။ ပုံမှန်လေ့ကျင့်ခန်းတွေလုပ်ပါ။ ထိုက်ကျိလိုဟန်ချက်ထိန်းပေးတဲ့ အားကစားတွေလုပ်ပါ။ အိမ်မှာလည်း ချော်မလဲစေဖို့အတွက်ကြိုတင်ပြင်ဆင်ထားပေးလို့ရပါတယ် ။
Dr. CST