လူထုကျန်းမာရေးစောင့်ရှောက်မှုမှာ ထိပ်ဆုံးကပါနေသော “ကိုယ်ဝန်ဆောင်နဲ့ မွေးစကလေး” ကျန်းမာရေးစောင့်ရှောက်မှုဘဲ ဖြစ်တယ်။ လူတစ်ယောက် ကျန်းမာရေးကောင်းမွန်ဖို့ဆိုတာ မွေးကင်းစမတိုင်မီ ကိုယ်ဝန်ဆောင်စဉ်ကတည်းက မိခင်ကိုယ်ဝန်ပြ၊ ဗိုက်အပ်ကတည်းက စတင်ပါတယ်။ ဒေသန္တရ ကျန်းမာရေး တပတ်တကြိမ်(သို့) သားဖွားမီးယပ်ပါရဂူ (အိုဂျီ) တွေထံ ဗိုက်အပ်ဗိုက်ပြကြရပါတယ်။ ဒေသန္တရဆေးခန်းက တစ်ပတ်တစ်ကြိမ် နှစ်ပတ်တစ်ကြိမ်ချိန်းတတ်ပါတယ်။ ဗိုက်နုစဉ်မှာ နှစ်ပတ် (၁) ကြိမ် မွေးခါနီးမှာ တစ်ပတ် (၁) ကြိမ်ချိန်းတတ်ပြီး သွေးတိုး၊ သားဦး သားနှောင်းကလေး သားကြောဖြတ်ဖို့ဆိုရင် မွေးကာနီးကာလမှာ ပိုမိုုပြသဖို့ လိုအပ်မှာဖြစ်တယ်။ သွေးဆင်းခြင်း၊ ဗိုက်အောင့်ခြင်း အရိအရွဲဆင်းခြင်း ကြုံရပါက ကလေးမလှုပ်တော့ပါက ချက်ချင်းလာရောက်ပြသဖို့ လိုအပ်မှာဖြစ်ပါတယ်။
ကလေးချက်ကြိုးရဲ့ လုပ်ဆောင်မှုက ကလေးအတွက် လိုအပ်တဲ့အောက်ဆီဂျင်ရဖို့ အစားအစာအတွက် အညစ်အကြေး စွန့်ထုတ်ဖို့အတွက် ချက်ကြိုးမှာရှိတဲ့ သွေးလွှတ်ကြော သွေးပြန်ကြောတွေက ဆောင်ရွက်ပေးတယ်။ ကလေးဖွံ့ဖြိုးရှင်သန်ဖို့ရာ မိခင်ရဲ့အစားအသောက်မှာ မှီခိုနေရပါတယ်။ လူ့လောကထဲ ရောက်လာရင်လည်း မိခင်နို့ရည်က မပူလွန်း၊ မအေးလွန်း၊ သာမန်အပူချိန်ရှိပြီး ပိုးမွှားကင်းတဲ့သန့်စင်အာဟာရ ပြီးပြည့်စုံတဲ့ သဘာ၀ ဖန်တီးပေးမှု ရရှိမှာပဲဖြစ်တယ်။
မိခင်နို့ရည်မှာ သံဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်အေစတဲ့ သက်စောင့်ဓာတ်၊ ကာဗိုဟိုက်ဒြိတ်နဲ့ ကိုယ်ခံအားကောင်းစေတဲ့ ပဋ္ဋိဇီဝပစ္စည်းတွေ ပါဝင်နေတယ်။ နို့ဦးရေ (Clostrum) မှာ ခုခံမှုစွမ်းရည် မြှင့်တင်ပေးတဲ့ပစ္စည်းတွေပါဝင်နေလို့ မွေးမွေးချင်းနာရီဝက်အတွင်း နို့ဦးရည်တိုက်ကျွေးဖို့ လိုပါတယ်။ ကလေး (၆) အရွယ်အထိ၊ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးလို့ရတယ်။ အသက်(၂) နှစ်ကျော်တဲ့တိုင် ဖြည့်စွတ်စာနဲ့အတူ မိခင်နို့တိုက်ကျွေးနိုင်ပါတယ်။
အမျိုးသမီးတွေ မွေးဖွားပြီးတဲ့နောက် ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းဓာတ်တစ်မျိုး သွေးကြောထဲရောက်ရှိသွားတယ်။ ယင်းဟော်မုန်းက သားအိမ်ကို ကျုံ့တွစေပြီး၊ ပုံမှန်အနေအထားရောက်ဖို့ ဆောင်ရွက်ပေးတယ်။ ဟော်မုန်းရဲ့ လုပ်ဆောင်ချက်က နို့သီးခေါင်းကို ကလေးစုပ်ယူလိုက်တာနဲ့ တစ်ပြိုင်နက် နို့ရည်ထွက်စေတယ်။ မိခင်နို့ရည်တိုက်ကျွေးရင် မိခင်နဲ့ကလေးချစ်ခြင်းမေတ္တာစီးဆင်းလာလေ နို့ရည်ပိုထွက်လာလေပဲဖြစ်တယ်။ ကလေးငိုတိုင်းတိုက် ဆာတိုင်းတိုက် အချိန်ရတိုင်း တိုက်ကျွေးရမယ်။
မွေးကင်းစအရွယ်မှာ အရပ်က လက်မ (၂၀) သို့ (၅၀) စင်တီမီတာ ရှိပြီး အလေးချိန် (၅) ပေါင်မှ (၉) ပေါင်အထိ (၅ဒသမ၅ ကီလိုဂရမ်ရှိတတ်ပြီး ချက်ကြိုးကတဆင့် လိုအပ်တဲ့အရေအတွက် ရရှိတယ်။
မွေးပြီးရင် ကလေးငယ်တစ်ယောက် ကြီးထွားဖွံ့ဖြိုးစေဖို့ ကလေးခန္ဓာကိုယ်တွင်း ဆဲလ်ပမာဏပေါ်မူတည်တယ်။ ဦနှောက်နဲ့ အာရုံကြောတွေ ရှင်သန်ဖွံ့ဖြိုးလာမယ်။ မိခင်နို့ရည်ကရတဲ့ အဆီက ကလေးခန္ဓာကိုယ် နွေးထွေးစေတယ်။
မွေးကင်းစအရွယ် ဦးခေါင်းကြီးထွားပြီး ဦးနှောက်ဖွံ့ဖြိုးဖို့ နေရာပေးရတယ်။ မွေးကင်းစအရွယ်နဲ့ ဦးနှောက်အရွယ်ပမာဏဟာ လူကြီးရဲ့ လေးပုံတစ်ပုံရှိတယ်။
ကလေးငယ်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ကယ်လိုရီက တစ်နေ့တာ (၅၀) ကယ်လိုရီဖြစ်တယ်။ ခန္ဓာကိုယ် (၈) ပေါင်ရှိတဲ့ ကလေးအတွက် လိုအပ်တဲ့ ကယ်လိုရီ (၄၀၀) ဖြစ်တယ်။ မိခင်နို့က တစ်ဆင့် ရရှိပါတယ်။
နို့မှုန့်တိုက်ကျွေးရင် ရေနွေးနဲ့ ဖျော် အအေးခံပြီး လေးနာရီခြားတစ်ကြိမ် တရက်ခြောက်ကြိမ် တိုက်ရမယ်။ အာဟာရပြည့်ဝမှ ဦးနှောက်နဲ့ အာရုံကြော ရှင်သန်ကြီးထွားပြီး ခန္ဓာကိုယ်အတွင်း အပြင်အင်္ဂါများ ဖွံ့ဖြိုးတိုးတက်လာပြီး ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်ဖြစ်လာပါတယ်။
မွေးစကလေး ပထမရက် သတ္တပတ် ဖြစ်တတ်တဲ့ရောဂါတွေက မွေးရာပါ အသားဝါခြင်း (Neonatul Jaundico) ဖြစ်တယ်။ မွေးကင်းစကလေးငယ်ရဲ့ (၆၀-၆၅%) ရောဂါဖြစ်တယ်။ အသားဝါရောဂါဖြစ်ခြင်းဟာ မွေးကင်းစ များစွာပါလာတဲ့ သွေးနီဥများ ပေါက်ကွဲပျက်စီးခြင်း သွေးနီဥသက်တမ်း လူကြီးလောက်မရှည်ခြင်း မွေးကင်းစ အသည်းလုပ်ငန်း မပြည့်ဝခြင်း၊ ဆီလီရှုဘင် (Billirubin) အဝါဓာတ်များကာ အသားဝါခြင်းတို့ ဖြစ်လာတတ်ပါတယ်။
အသားဝါတဲ့အကြောင်းရင်းတွေထဲမှာ မိခင်နဲ့ကလေး သွေးအုပ်စုမတည့်ခြင်း၊ မိခင်နို့ကြောင့် ကလေးဝါခြင်း ဆီးလမ်းကြောင်းပိုးဝင်ခြင်း သည်းခြေရည်ပြွန်ပိတ်ဆို့ခြင်း၊ မွေးကင်းစများ ပြုစုစောင့်ရှောက်မှုလိုခြင်းတို့ကြောင့် ဖြစ်တတ်တယ်။
အသားမဝါရအောင် မိခင်သွေးအုပ်စု စစ်ဆေးရမယ်။ မိခင်သွေးနဲ့ ကလေးရဲ့ သွေးအုပ်စုစစ်ဆေးခြင်း မိခင်များ အာအိပ်ချ် နဂ္ဂတစ် (Rh-ne) ပါခြင်းရှိရင် ချက်ချင်း သွေးလဲပေးရမယ်။ သွေးလဲမပေးရင် ဦးနှောက်သားမှာ ပုံရိပ်စွဲထင်ပြီး စီပီ (cp- lereberal palsy) ဖြစ်ဖို့များတယ်။ သွေးလဲတာကို မိခင်က ခွင့်ပြုရတယ်။ အသားဝါ၊ သံသယရှိကတည်းက ဆေးရုံပြန်ပြသင့်ပါတယ် (သို့) သွေးလဲလှယ်ပေးဖို့ရမယ့် ဆေးရုံတွေအနီး မွေးဖွားဖို့ စီစဉ်ထားရမယ်။
ပေါင်မပြည့် လမစေ့မွေးလို့ အမေနို့မဆို့နိုင်ပဲ အသားဝါခြင်းမျိုးလည်း တွေ့ကြုံရနိုင်ပါတယ်။ ကလေးအထူးကုနဲ့ ပြသရင်ပိုပြီး အကျိုးရှိနိုင်ပါတယ်။
ပေါင်မပြည့် လမပြည့်တိုင်း ကလေးအသက်မဆုံးရှုံးနိုင်ပါ။ ကလေးအထူးကု ကလေးပြုစုစောင့်ရှောက်မှုကောင်းရင် ကောင်းသလို အသက်ရှင် ကြီးထွားသန်မာလာမှာဘဲဖြစ်တယ်။ ပေါင်မပြည့် လမစေ့တာကတော့ သွေးလဲစရာမလိုတတ်ဘူး။ ဖိုဘိုသရာဖီ (Phototheraphy) လောက်နဲ့ ပြုစုုစောင့်ရှောက်တာလောက်နဲ့ ရောဂါကင်းရင် အဝါလျော့သွားရင် ဆေးရုံဆင်းနိုင်ကြပါတယ်။
မွေးစကလေး အသားဝါလို့ အမေနဲ့သွေးအုပ်စုမတူလို့ သွေးလဲလှယ်တာ အချိန်မီမလုပ်ရင် ကလေးဦးနှောက်ထိခိုက်ကာ တစ်ဘဝလုံး မှီခိုကလေးအဖြစ် ထိခိုက်ဆုံးရှုံးမှု တွေ့ကြုံနိုင်ပါတယ်။
ချက်ကြိုးကိုလည်း တစ်ခါသုံးဓါး (သို့) ပိုးသန့်စင်ထားတဲ့ ကက်ကြေး ဓါးတို့နဲ့ ဖြစ်သင့်ပါတယ်။ မွေးကင်းစကလေး ချက်ကြိုးဖျက်ရာမှာ မသန့်ရှင်းလို့ ချက်ကြိုးကတစ်ဆင့် ပိုးဝင်တတ်ပါတယ်။ ချက်ကြိုးကတစ်ဆင့် အဆင်မသင့်ဘဲ ဝင်နိုင်တာက မေးခိုင်ရောဂါနဲ့ ချက်တိုင်အနာဖြစ်ခြင်း၊ အဖျားဝင်ခြင်း၊ ချက်စိုခြင်းတို့ဖြစ်သည်။ ကလေးငယ်ဟာ နို့စို့မှုနည်းလာပြီး ခန္ဓာကိုယ်ရေဓာတ်ဆုံးရှုံးလာတယ်။ တစ်ကိုယ်လုံးဝါလာပြီး ကျောကို ကော့ကော့ပြီး ငိုပါတယ်။ မိခင်တွေ ကြိုတင်သိရှိပြင်ဆင်ထားသင့်ပါတယ်။
အဓိက ကူးစက်နိုင်တဲ့ မေးခိုင်ရောဂါမဝင်အောင် ချက်ကြိုးဖြုတ်ရာမှာ စနစ်တကျ ဖြစ်ဖို့ လိုအပ်တဲ့အပြင် ကိုယ်ဝန်ဆောင်ကာလ မေးခိုင်ကာကွယ်ဆေး (၂) ကြိမ် (သို့) (၃) ကြိမ် အပြည့်ထိုးနှံပေးရမယ်။ အချို့က သုံးကြိမ်မြောက်ကို မွေးပြီးပြီးချင်း မိခင်ကို ထိုးပေးတယ်။ ကလေးမှာ မေးခိုင်ရောဂါအတွက် ခုခံမှုစနစ်ပြီး သွားတယ်။ မေးခိုင်ပိုး ကာကွယ်ထားနိုင်တယ်။
ကလေးချက်တိုင်မှာ အနာဖြစ်ခြင်း မကျက်ခြင်း တစ်စုံတစ်ရာ ပြဿနာရှိခဲ့ရင် အသားဝါ သံသယရှိရင် ဆေးရုံအမြန်သွားပြီး ကုသမှု ချက်ချင်း ခံယူဖို့လိုတယ်။ သွေးလဲသင့်တာ မလဲပေးခဲ့ရင် ကလေးဦးနှောက် ပျက်စီးကာ (c-p-cerlebral pulsy) ဖြစ်တာကြောင့် အသိရှိဖို့လိုတယ်။
မိခင်တို့ဟာကလေးဘဝကာကွယ်ဆေးထိုးနှံပေးဖို့လိုတယ်။ ကလေးအသက်နှစ်လ၊ လေးလနဲ့ခြောက်လအရွယ်တွေဟာ ဆေးငါးမျိုးပါ ကာကွယ်ဆေး (သို့) ကြက်ညှာမေးခိုင် အသည်းရောင်ဘီနဲ့ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးထိုးပေးရမယ်။ ပိုလီယိုကာကွယ်ဆေး အစက်ချရာတွင် ကလေး (၂) လသားမှာ တီဘီကာကွယ်ဆေး (BCG) ထိုးရမယ်။ အသက် ၆ လနဲ့ တစ်နှစ်ခွဲအရွယ်မှာ ဝက်သက်ကာကွယ်ဆေး ထိုးနှံပေးဖို့ လိုအပ်ပြီး အခါအားလျော်စွာ ထိုးသင့်တဲ့ကာကွယ်ဆေးမျိုး ထိုးရမယ်။
Author – ဒေါက်တာရှင်းသန့်