ဆောင်းတွင်းမှာ အသားအရေဝင်းလက်စိုပြေနေအောင် ဘယ်လိုလုပ်ကြမလဲ ?
ယနေ့ခေတ်မှာ မိတ်ကပ်ကြောင့်လှတဲ့ အလှအပထက် သဘာဝအတိုင်း ဝင်းလက်စိုပြေတောက်ပနေတဲ့ အသားအရေကို ပိုတန်ဖိုးထားလာကြပါတယ်။
အထူးသဖြင့် အခုလိုဆောင်းရာသီမှာဆိုရင် နဂို အသားမခြောက်တတ်တဲ့သူတောင် အနည်းနဲ့အများ အသားအရေခြောက်သွေ့တက်ကြပါတယ်။
အသားအရေခြောက်သွေ့တဲ့အခါ အရေပြား အက်ကွဲခြင်း၊ ယားယံခြင်း၊ အနာဖြစ်ခြင်း၊ အနာများမှတဆင့် ပိုးဝင်ခြင်း၊ နှင်းခူကဲ့သို့သော အရေပြားရောဂါများဖြစ်ခြင်း၊ အနာဖြစ်ပါက အမာရွတ်ကျန်ခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါ ဖြစ်တတ်တာမို့ အလှအပရေးရာအတွက်ရော အရေပြားကျန်းမာစေရန်အတွက်ပါ အရေးကြီးပါတယ်။
လူငယ်တွေမှာ အရေပြားပြဿနာက အထက်ကပြောခဲ့သလိုပဲ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ အရေးကြီးသလို အသက်ကြီးတဲ့ အဖိုးအဖွားတွေ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေမှာလည်း အရေပြားခြောက်သွေ့ပြီး အနာတွေဖြစ်လာတာမျိုးရှိတတ်ပါတယ်။
ဒါကြောင့် အရေပြားခြောက်သွေ့ခြင်းဟာလည်း ပေါ့ဆလို့မရတဲ့ ကျန်းမာရေးပြဿနာ တစ်ခုဖြစ်လာပါတယ်။
အသားအရေစိုပြေခြင်းဟာ လူတိုင်းလိုချင်တဲ့ ဆုလာဘ်ဖြစ်တာမို့ မျက်နှာအသားအရေအတွက်ရော ခန္ဓာကိုယ်အသားအရေအတွက်ပါ ထိန်းသိမ်းလို့ရတဲ့ နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။
၁။ အသားအရေစိုပြေစေမဲ့ Vitamin E ပါဝင်တဲ့ အစိုဓာတ်ထိန်း အလှကုန်တစ်မျိုးမျိုးကို မနက်နဲ့ ညတွေမှာ ပုံမှန်သုံးပေးပါ။
၂။ ရေချိုးတဲ့ကြာချိန်ကိုလည်း နဂိုထက်လျှော့ချပေးပါ။
၃။ နူးညံ့တဲ့ မျက်နှာသုတ်ပုဝါကိုရွေးချယ် အသုံးပြုပေးပါ။
၎။ မျက်နှာနှင့် ကိုယ်ခန္ဓာကို ပိုမိုခြောက်သွေ့စေမဲ့ ချေးချွတ်ခြင်း (Scrubing) ကိုလည်း တတ်နိုင်သမျှ ရှောင်ပေးပါ။
၅။ ရေချိုးပြီးပြီးချင်း အစိုဓာတ်ထိန်း Lotion အမြဲလိမ်းပေးပါ။
၆။ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း မလိမ်းမီ အစိုဓာတ် (Moisturizer Cream) တခုခု လိမ်းပေးပါ။
၇။ ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝစေရန် ရေများများသောက်ပေးပါ။
၈။ ဆောင်းတွင်းလေအေးတွေဟာ အသားအရေကို ခြောက်သွေ့စေတာမို့ ထူထဲသော အဝတ်အစားများ ဝတ်ခြင်းဖြင့် ကာကွယ်ပါ။
ဒါကြောင့် အလှအပအတွက်ရော မလိုလားအပ်တဲ့ အရေပြားပြဿနာမျိုးတွေပါ မဖြစ်ရလေအောင် အရေပြားကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းရင် နိဂုံးချုပ်ပါရစေ။