အမျိုးသမီးများတွင် ရင်သားကင်ဆာ၊ အူမကြီးနှင့် ဝမ်းဟောင်းအိမ်ကင်ဆာနှင့် အဆုတ်ကင်ဆာ တို့ပြီးလျှင် (က) သားအိမ်လည်တံကင်ဆာ (သားအိမ်ခေါင်းကင်ဆာ)၊ (ခ) မမျိုးဥအိမ် ကင်ဆာနှင့် (ဂ) သားအိမ်ကင်ဆာတို့လည်း အဖြစ်များကြောင်း တွေ့ရနိုင်ပါသည်။
သားအိမ်ခေါင်းကင်ဆာ
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ထက် ယနေ့အချိန်တွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုမှာ ထူးခြား သိသာစွာ လျော့နည်းသွားကြောင်းတွေ့ရသည်။ အမျိုးသမီး ၁၀၀,၀၀၀ တွင် ၁၀ ယောက်ခန့် ဖြစ်နိုင်ကြသည်။
သားအိမ်ခေါင်းကင်ဆာ အမျိုးအစား အမျိုးမျိုးရှိသည့်အနက် Squamous Cell Carcinoma နှင့် Adeno Carcinoma တို့ နှစ်မျိုးမှာ အဖြစ်အများဆုံးဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု၏ ၉၀ ရာခိုင်နှုန်းမှာ Human Papilloma Virus HPV ဗိုင်းရပ်စ် ကူးစက်မှုနှင့် ဆက်နွယ်မှုရှိကြောင်း တွေ့ရသည်။ HPV သည် လိင်အင်္ဂါများနှင့် အခြားနေရာတချို့၌ ကြွက်နို့များဖြစ်စေနိုင်သည်။ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်လေ့ ရှိသည်။
အသက်ငယ်ရွယ်ပြီး လိင်ဆန္ဒတက်ကြွသူများနှင့် အကာအကွယ်မဲ့လိင်ဆက်ဆံတတ်သူများတွင် HPV ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ပိုများသည်။ သားအိမ်ခေါင်းကင်ဆာကို ကြိုတင်သိရန် PAP Smear ခေါ် သားအိမ်အဝမှ အသားစခြစ်ယူစစ်ဆေးခြင်း ပြုလုပ်နိုင်သည်။ ပထမအကြိမ်၌ ရောဂါမရှိသည့်တိုင် နှစ်နှစ်၊ သုံးနှစ်လျှင် တစ်ကြိမ် စစ်ဆေးသင့်သည်။
ကုသရာတွင် ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် ကင်ဆာဆေးဝါးဖြင့် ကုသခြင်းတို့ကို အလျဉ်းသင့်သလို ပေါင်းစပ်ကုသပေးနိုင်သည်။ ကုသမှု၏ အောင်မြင်မှုအတိုင်းအတာမှာ ရောဂါ၏ အဆင့်ပေါ်တွင် အဓိကမူတည်သည်။ အကယ်၍ အကြိုအဆင့်၌ တွေ့ရလျှင် ခွဲစိတ်ကုသမှုတစ်ခုတည်းဖြင့် ၉၀ မှ ၉၉ ရာခိုင်နှုန်းအထိ အောင်မြင်မှုရနိုင်သည်။ အဆင့် (၁) ဖြစ်လျှင် ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ ကုသမှုအောင်မြင်နိုင်သည်။ အဆင့် (၃) နှင့် (၄) ဖြစ်ခဲ့လျှင် ဆေးဝါးကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံး ပေါင်းစပ်လင့်ကစား အောင်မြင်မှုမှာ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။
မမျိုးဥအိမ်ကင်ဆာ
မမျိုးဥအိမ်သည် မမျိုးဥ ထုတ်လုပ်ခြင်းနှင့် အမျိုးသမီးဟော်မုန်းများ အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်း (Estrogen နှင့် Progesterone) တို့ တည်ဆောက်ခြင်း အဓိကတာဝန်နှစ်ခုကို ထမ်းဆောင်ရသည်။
မမျိုးဥအိမ်ကင်ဆာဖြစ်ပွားမှုမှာ လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်အတွင်း တဖြည်းဖြည်း ပိုမိုများပြား လာကြောင်း တွေ့ရသည်။ လူ ၁၀၀,၀၀၀ တွင် ၁၁ ယောက် ဖြစ်တတ်သည်။ မမျိုးဥအိမ်ကင်ဆာကို အချိန်စောစွာ သိရှိရန်ခက်ခဲလေ့ရှိ၏။ လက္ခဏာသည် အမျိုးမျိုးဖြစ်နိုင်ပြီး အခြားရောဂါများ၏ လက္ခဏာတချို့နှင့် ဆင်တူနေတတ်သည်။ တချို့လူနာများတွင် ဝမ်းချုပ်ခြင်း၊ ဝမ်းဗိုက်ကယ်ခြင်း၊ မအီမသာ ဖြစ်ခြင်း စသည့် လက္ခဏာများ တွေ့ရတတ်ပါသည်။
တချို့အမျိုးသမီးများတွင် ဝမ်းဗိုက်အတွင်း လေးလံနေသကဲ့သို့ ခံစားရသဖြင့် သားဖွားမီးယပ်ဆရာဝန် များထံ ပြသကြ၍ စမ်းသပ်စစ်ဆေးရာမှ မမျိုးဥအိမ်ကင်ဆာကို တွေ့ရှိခဲ့ခြင်းဖြစ်တတ်သည်။ သွေးစစ်ခြင်းနှင့် အာထရာဆောင်းစစ်ဆေးခြင်းတို့ ပြုလုပ်သင့်သည်။
မမျိုးဥအိမ်ကင်ဆာရောဂါသည် မိသားစုရာဇဝင်ရှိပါက ဖြစ်ရန်အန္တရာယ်ပိုသည်။ ကုသမှုအပိုင်းတွင် ခွဲစိတ်ကုသမှုနှင့် ကင်ဆာဆေးဝါးများ ကုသခြင်းတို့ဖြစ်သည်။ နောက်ကျမှ သိရှိရခြင်းကြောင့် အမြစ်ပြတ် ပျောက်ကင်းရန် မလွယ်ကူကြောင်းတွေ့ရသည်။ နာတာရှည်ရောဂါ တစ်ခုသဖွယ် ဖြစ်ပေါ်ခံစားရလေ့ရှိသည်။
သားအိမ်ကင်ဆာ
သားအိမ်ကင်ဆာဖြစ်ပွားမှုမှာ အမျိုးသမီး ၁၀၀,၀၀၀ တွင် ၉.၄ ယောက်ဖြစ်၏။ ဖြစ်ပွားမှုနှုန်းမှာ မြင့်မားလာလျက်ရှိကြောင်း တွေ့ရသည်။
မီးယပ်သွေး ကမောက်ကမဖြစ်ခြင်းသည် အများဆုံးတွေ့ရတတ်သော လက္ခဏာဖြစ်သည်။ မီးယပ်သွေး မမှန်ခြင်းနှင့် သွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်းတို့ ကြုံတွေ့ရလေ့ရှိသည်။ သွေးစစ်ဆေးခြင်းနှင့် အာထရာဆောင်း စစ်ဆေးခြင်းကို ပြုလုပ်သင့်သည်။ သားအိမ်ကင်ဆာကို အချိန်မှီသိလျှင် ၈၀ ရာခိုင်နှုန်းထိ အောင်မြင်အောင် ကုသပေးနိုင်သည်။
အဝလွန်ကဲမှုနှင့် သွေးချို ဆီးချိုရောဂါတို့မှာ သားအိမ်ကင်ဆာဖြစ်ပေါ်မှုနှင့် ဆက်နွယ်ပတ်သက်သည်။ သားအိမ်ကင်ဆာသည် မျိုးရိုးဗီဇဆက်နွယ်မှုရှိသဖြင့် မိသားစုရာဇဝင် စစ်မေးရာတွင် သတင်းအချက်အလက် ရနိုင်သည်။ သားအိမ်ကင်ဆာသည် ဆေးဝါးတချို့ကြောင့်လည်း ဖြစ်နိုင်သည်။ ရင်သားကင်ဆာကု ဆေး တစ်မျိုးဖြစ်သည်။ Tamoxifen သည် သားအိမ်ကင်ဆာဖြစ်စေတတ်သည်။ လေ့လာမှုတစ်ခုတွင် အမျိုးသမီး ၁,၀၀၀ ၌ Tamoxifen ကြောင့် သားအိမ်ကင်ဆာဖြစ်စေတတ်သည်။ လေ့လာမှုတစ်ခုတွင် အမျိုးသမီး ၁,၀၀၀ ၌ Tamoxifen ကြောင့် သားအိမ်ကင်ဆာဖြစ်ရန် အန္တရာယ် (၇) ဦး၌ ရှိနေသည်။
သားအိမ်ကင်ဆာအတွက် အဓိကကုထုံးမှာ ခွဲစိတ်ကုသခြင်းဖြစ်၏။ အဆင့်အလိုက် ကုထုံးပြောင်းလဲ နိုင်ပါသည်။ ဆေးဝါးများဖြင့် ကုသခြင်းနှင့် ဓာတ်ရောင်ခြည်ကုထုံးတို့ကိုလည်း အလျဉ်းသင့်သလို အသုံးပြုနိုင်ပါသည်။ သားအိမ်ကင်ဆာကို ကုသရာ၌ အောင်မြင်မှုမှာ ရောဂါအဆင့်ပေါ်တွင် အဓိက မူတည်နေပါသည်။
အောက်ပါအခြေအနေတချို့ ကြုံတွေ့ရပါလျှင် သင်၏ ဆရာဝန်ထံသွားရောက်ပြသရန် လိုအပ်မည် ဖြစ်ပါသည်။
မီးယပ်သွေး သာမန်ဖြစ်စဉ်ကြား၊ သားမွေးလမ်းကြောင်းမှ သွေးဆင်းခြင်း
ကိုယ်အလေးချိန် တိုးလာခြင်း၊
ဝမ်းဗိုက်အတွင်း လေးလံသကဲ့သို့ ခံစားရခြင်း(အထူးသဖြင့် ဝမ်းဗိုက်အောက်ပိုင်း)
လိင်ဆက်ဆံစဉ် (သို့မဟုတ်) ဆက်ဆံပြီး သွေးဆင်းခြင်း၊
လိင်ဆက်ဆံစဉ် နာကျင်မှု ဝေဒနာခံစားရခြင်း၊
ဝမ်းချုပ်ခြင်း
မွေးလမ်းကြောင်း အကျိအချွဲအဖြူများ ဆင်းခြင်း၊ အနံ့အသက်ဆိုးဝါးခြင်း၊
Author: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)