သဘာဝအတိုင်း မျက်တောင်လေးတွေရှည်လာစေဖို့ ဆောင်ရရှောင်ရမည့်အချက်များ
မျက်တောင်ဆိုတာဟာ မျက်လုံးရဲ့မျက်ခမ်းနေရာ (Eye lids) မှာ ပေါက်တဲ့အမွှေးဖြစ်ပါတယ်။ အင်္ဂလိပ်လို Eyelash လို့ခေါ်ပါတယ်။
မျက်တောင်မွှေးဟာ မျက်လုံးကိုအမှုန်အမွှားတွေကနေကာကွယ်ပေးနိုင်ပြီး
ရှည်လျားကေ့ာညွန့်ထူတဲ့မျက်တောင်တစုံဟာဆိုရင် အလှအပဆိုင်ရာ စွဲဆောင်မှုတခုအနေနဲ့ အသိအမှတ်အပြုခံရပါတယ်။
မိန်းကလေးအားလုံးနီးပါး အလှအပစွဲဆောင်မှုအတွက် ရှည်လျားကော့ညွန့်ထူတဲ့မျက်တောင်တစုံကိုပိုင်ဆိုင်ချင်ကြပါတယ်။
အခုခေတ်ဟာတိုးတက်နေပြီဖြစ်တဲ့အတွက် မျက်တောင်အတုတပ်တာ၊မျက်တောင်မွှေးစိုက်တာ စတဲ့နည်းတွေရှိပေမယ့်လည်း မိန်းကလေးတချို့တဝက်က ဒီလိုလုပ်ခြင်းကြောင့်ဘေးထွက်ဆိုးကျိုးရှိမှာကိုကြောက်ကြပြီး သဘာဝနည်းအတိုင်းရှည်တာကိုပဲ သဘောကျကျပါတယ်။
ဒါကြောင့်ဒီတပတ်မှာ မျက်တောင်လေးတွေရှည်လျားကေ့ာညွန့်ထူစေရန် ဆောင်ရရှောင်ရမယ့်အချက်များအကြောင်းကို သိသလောက်ရေးသာတင်ပြလိုက်ရပါတယ်။
၁။ သံလွင်ဆီ သို့မဟုတ် အုန်းဆီ သို့မဟုတ် ကြက်ဆူဆီလိမ်းပေးပါ။
သံလွင်ဆီ၊ အုန်းဆီ၊ ကြက်ဆူဆီတွေထဲမှာ မျက်တောင်မွှေးကိုအစိုဓါတ်နဲ့ အာဟာရဓါတ်တွေဖြည့်ပေးနိုင်တဲ့ အာနိသင်တွေပါပါတယ်။
ညအိပ်ရာမဝင်ခင် သံလွင်ဆီ သို့မဟုတ် အုန်းဆီ သို့မဟုတ် ကြက်ဆူဆီ တမျိုးမျိုးကို လက်လေးပေါ်တို့ကာ မျက်တောင်၊ မျက်ခမ်းအပေါ်ပါးပါးလိမ်းအိပ်ပြီး မနက်မှမျက်နှာသစ်ပေးခြင်းဖြင့် မျက်တောင်မွှေးများကို သန်စွမ်းရှည်လျားစေပြီး မျက်တောင်မွှေးပေါက်နှုန်းကိုလည်း အားကောင်းစေနိုင်ပါတယ်။
ညစဉ်ပုံမှန်ပြုလုပ်ပေးပါက တလကျော်လောက်ဆိုရင်သိသာလာနိုင်ပါတယ်။
၂။ ဗီတာမင်အီးအဆီ လိမ်းပေးပါ။
သံလွင်ဆီ၊ ကြက်ဆူဆီ၊ အုန်းဆီ တွေကိုမကြိုက်တတ်တဲ့သူတွေအနေနဲ့ဆိုရင်လည်း ညအိပ်ခါနီး ဗီတာမင်အီးအဆီကို မျက်တောင်၊ မျက်ခမ်းနေရာတွေအပေါ် ပါးပါးလိမ်းအိပ်ပြီး မနက်မှမျက်နှာသစ်ပေးခြင်းဖြင့် မျက်တောင်မွှေးများကိုသန်စွမ်းရှည်လျားစေပြီး မျက်တောင်မွှေးပေါက်နှုန်းကောင်းလာနိုင်ပါတယ်။
၃။ Green Tea လိမ်းပေးပါ။
အဆီဆိုဘာဆီမှမကြိုက်တတ်တဲ့သူများအနေနဲ့ Green Tea အရည် လိမ်းပေးနိုင်ပါတယ်။
Green Tea လုပ်ဖို့အတွက် ဦးစွာဖန်ခွက်ထဲ ရေနွေးထဲပါ။ ထို့နောက် လက်ဖက်စိမ်းရွက်ကို ရေနွေးထဲထည့်ကာ ရေအေးသွားထိစောင့်ပါ။လက်ဖက်စိမ်းရွက်ထည့်ထားတဲ့ရေအေးသွားပြီဆိုပါက အဆိုပါရေကို ဂွမ်းလေးနဲ့တို့ပြီး မျက်တောင်နဲ့မျက်ခမ်းနေရာတွေပေါ်လိမ်းပေးပါ။
Green Tea မှာ သင့်ရဲ့မျက်တောင်မွှေးတွေသန်စွမ်းပြီးများလာဖို့အတွက် များစွာအထောက်ကူပြုတဲ့ဓါတ်တွေပါပါတယ်။
၄။ Vitamin E (ဗီတာမင်အီး) သို့မဟုတ် Biotin (ဘိုင်အိုတင်) ပါသော အားဆေးတောင့် ဖြည့်စွက်စာများကို မကြာခဏစားသောက်ပေးပါ။
ဗီတာမင် အီး နဲ့ ဘိုင်အိုတင်ဟာ ကျွန်တော်တို့မှာရှိတဲ့ ဆံပင်မွှေး၊မျက်တောင်မွှေး၊မျက်ခုံးမွှေး စတဲ့အမွှေးတွေကိုထူထဲသန်စွမ်းစေကာ အမွှေးကျွတ်ခြင်းကို နည်းစေပါတယ်။
၅။ မျက်တောင်ကိုဖြီးပေးပါ။
ဒီလိုရေးလို့ တချို့ကတော့ အံ့သြနိုင်ပါတယ်။ ဆံပင်ဖြီးသလို မျက်တောင်ကိုဖြီးလို့ရတဲ့ Brush လေးတွေရှိပါတယ်။
မျက်တောင်ဖြီးတယ်ဆိုတာအမှန်တော့ မျက်တောင်ဖြီးတဲ့ Brush လေးသုံးပြီး မျက်တောင်ပေါ်မှာကပ်တင်နေတဲ့ ဖုန်တွေ အမှုန်တွေ အညစ်အကြေးတွေကို ညင်သာစွာပွတ်ဆွဲဖယ်ရှားတာဖြစ်ပါတယ်။
မျက်တောင်ကိုနေ့စဉ်ဖြီးပေးခြင်းဖြင့် မျက်တောင်ပေါ်က အညစ်အကြေးတွေကင်းစင်ပြီး မျက်စိကျန်းမာရေးကိုကောင်းမွန်စေနိုင်ရုံသာမက မျက်တောင်ပေါက်နှုန်းကိုလည်း အထောက်အကူပြုနိုင်ကြောင်းလေ့လာမှုတွေအရသိရပါတယ်။
၆။ မိတ်ကပ်သေချာဖျက်ပါ။
မျက်နှာကမိတ်ကပ်တွေ၊မျက်လုံးနားက mascara တွေ၊ eyeshadow တွေကို ညအိပ်ရာမဝင်ခင်မှာသေချာပြောင်အောင်ဖျက်ပေးဖို့လိုပါတယ်။ အဲ့ဒါတွေကသင့်မျက်တောင်တွေကို ကျွတ်စေပြီး မျက်တောင်မွှေးပေါက်နှုန်းကိုထိခိုက်စေနိုင်လို့ပါ။ ဖျက်တဲ့အခါမှာလည်း သေချာပြောင်အောင်ဆိုပြီး ကြမ်းတမ်းစွာပွတ်ဖျက်တာမျိုးကိုရှောင်ပါ။ စိတ်ရှည်လက်ရှည်နဲ့အချိန်ပေးပြီး ညင်သာစွာပြောင်အောင်ဖျက်ပေးပါ။
၇။ မျက်တောင်တုတွေမကြာခဏတပ်တာ၊မျက်တောင်ကော့ဆေးတွေ မကြာခဏသုံးတာတွေကိုရှောင်ပါ။
မျက်တောင်တုတွေနေ့တိုင်းတပ်တာ၊မျက်တောင်ကော့ဆေးတွေနေ့တိုင်းသုံးတာက သင့်မျက်တောင်မွှေးတွေကို ပိုပြီးထိခိုက်ပျက်စီးစေနိုင်ပါတယ်။
ဒါကြောင့်မျက်တောင်တုတွေ၊မျက်တောင်ကော့ဆေးတွေ မကြာခဏသုံးတာကိုရှောင်သင့်ပါတယ်။
Dr 528