ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ ရမရ။
ကိုယ်ဝန်ဆောင်သည် တယောက်ဖြစ်လာရင် ပြည့်စုံမျှတတဲ့ အစာအာဟာရရရှိဖို့ အရေးကြီးပါတယ်။
ကိုယ်ဝန်မရှိခင်က ဘာစားစား ဘာသောက်သောက်ရပေမယ့် ကိုယ်ဝန်ရှိတဲ့အခါမှာ ပိုစားရမယ့်အစားအသောက်တွေ ရှောင်ရမယ့်အစားအသောက်တွေ ရှိလာပါတယ်။
ကိုယ်ဝန်ရှိတဲ့အခါမှာ သင့်ရဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေ၊ အရပ်ထဲကသူတွေ ဆီကနေ စားတာ သောက်တာနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း ယုံရခက် မယုံရခက် စကားတွေကြားရတတ်ပါတယ်။
ကိုယ်ဝန်ရှိတဲ့အခါ ဘာစားရင် ယောက်ျားလေးဖြစ်မယ်၊ ဘာစားရင်မိန်းကလေးဖြစ်မယ်၊ ဘာစားရင် အမြွှာဖြစ်မယ်၊ ဘာစားရင် ကလေးမှာဘာဖြစ်တတ်တယ်၊ ဘာစားရင် ကိုယ်ဝန်ပျက်တယ် ဆိုတာမျိုးတွေကိုလည်း ကြားရလေ့ရှိနိုင်ပါတယ်။
အရပ်ထဲက အမျိုးသမီးကြီးတွေ ကိုယ်ဝန်ဆောင်တွေကို အများဆုံးပြောလေ့ရှိတာကတော့ ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးမစားဖို့ပါ။
ကိုယ်ဝန်ဆောင်ချိန်သင်္ဘောသီးစားရင် ကိုယ်ဝန်ပျက်ကျတာ၊ မွေးချိန်မတန်ဘဲ ဗိုက်နာပြီးမွေးတာ ဖြစ်တတ်တယ်လို့ ပြောကြလေ့ရှိပါတယ်။
ဒီလိုပြောတာတွေကိုကြားပြီး ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရမရ လာလာမေးကြတဲ့ကိုယ်ဝန်ဆောင်သည်တွေ အများကြီးရှိပါတယ်။
အဖြေကိုပြောရရင်တော့ စားလို့ရတယ်။ စားလို့မရဘူးလို့ နှစ်မျိုးဖြေရမှာပါပဲ။
ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်တွေအတွက် သင်္ဘောသီး အမှည့်ဟာ ကောင်းကျိုးတွေပေးနိုင်ပြီး မမှည့်တဲ့ သင်္ဘောသီး (သင်္ဘောသီးအစိမ်း) ကတော့ ဆိုးကျိုးတွေပေးနိုင်လို့ပါ။
သင်္ဘောသီးအမှည့်မှာ ဘီတာကယ်ရိုတင်း၊ ကိုလင်း၊ ဖောလိတ်၊ အမျှင်ဓါတ်၊ ပိုတက်ဆီယမ်ဓါတ်၊ ဗီတာမင်အေ၊ ဘီ၊ စီတွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေကို
– ကိုယ်ခံအားကိုကောင်းစေကာ ပြင်ပမှ ရောဂါတွေဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ခြင်း
– မကောင်းတဲ့အဆီဓါတ်ကို လျော့နည်းစေကာ သွေးကြောကျဉ်းရောဂါနဲ့ ဆီးချိုရောဂါဖြစ်ပွားမှုကို လျော့နည်းစေနိုင်ခြင်း
– ဝမ်းချုပ်ခြင်းကင်းစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်မှုကို လျော့နည်းစေနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေများစွာပေးစွမ်းနိုင်ပါတယ်။
သင်္ဘောသီးအစိမ်းမှာတော့ အစေးဓါတ် နဲ့ Papain ဓါတ်က ကြွယ်ဝများပြားစွာပါဝင်နေပါတယ်။
ထိုဓါတ်တွေဟာ သားအိမ်ကို ကျုံညှစ်စေတဲ့ အစွမ်းသတ္တိရှိပြီး အချိန်မတိုင်ခင်ကလေးမွေးတာ၊ကိုယ်ဝန်ပျက်ကျတာ တွေကိုဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် သန္ဓေသားရဲ့ ဖွံ့ဖြိုးကြီးထွားမှုတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးကိုစားလို့ရလားလို့မေးရင် သင်္ဘောသီးအမှည့်ဆိုရင်တော့ စားလို့ရပြီး သင်္ဘောသီးအစိမ်း (မမှည့်တဲ့သင်္ဘောသီး) ဆိုရင်တော့ စားလို့မရဘူးလို့ ဖြေရမှာပါ။
ကိုယ်ဝန်ဆောင်များအနေနဲ့ သင်္ဘောသီးထောင်း၊ သင်္ဘောသီးသုပ်တွေကို လုံးဝမစားသင့်ပါ။
တချို့ကိုယ်ဝန်ဆောင်တွေအနေနဲ့ကတော့ စိုးရိမ်လွန်တဲ့အတွက် သင်္ဘောသီးအမှည့်ကော၊ အစိမ်းကော ကို ကိုယ်ဝန်ရှိချိန်မှာ လုံးဝရှောင်ကြပါတယ်။
ဒါဟာလည်း ပြဿနာမရှိပါဘူး။ ဘာလို့လဲဆိုတော့ သင်္ဘောသီးမှည့်ကရတဲ့ကောင်းကျိုးတွေကို တခြားသစ်သီးတွေစားခြင်းဖြင့်လည်း ရရှိနိုင်လို့ဖြစ်ပါတယ်။
Dr သီတာနွယ်(အမရပူရ)