ခံတွင်းကင်ဆာကြောက်စရာ ခြောက်လတစ်ခါစစ်ဆေးပါ
ပါးစောင်၊လျှာ၊သွားဖုံး၊အာခေါင်မိုး၊တံတွေးဂလင်း၊နှုတ်ခမ်း စတဲ့ အာခံတွင်းအစိတ်အပိုင်းနေရာတွေမှာဖြစ်တဲ့ကင်ဆာတွေကို ခံတွင်းကင်ဆာလို့ ခြုံပြီးခေါ်ဆိုပါတယ်။
သုတေသနစစ်တမ်းရလဒ်တွေအရ ခံတွင်းကင်ဆာဟာ အသက်၅၅နှစ်အထက်လူတွေမှာ ဖြစ်လေ့ရှိတယ်လို့ဖော်ပြထားပါတယ်။
သို့သော် အခုနောက်ပိုင်းမှာဆိုရင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဖြစ်တဲ့သူတွေကိုလည်း တွေ့လာရပါတယ်။
ခံတွင်းကင်ဆာဟာကြောက်ဖို့ကောင်းတဲ့ကင်ဆာပါ။
ခံတွင်းကင်ဆာဖြစ်ပါက အစာစားဖို့နေနေသာသာ အရည်တောင်မှ ကောင်းကောင်းမသောက်နိုင်ပါဘူး။
ကင်ဆာအနာကထွက်တဲ့ အနံအသက်ကလည်းတအားဆိုးဝါးလို့ ရောဂါဖြစ်တဲ့သူအနားကို ဘယ်သူမှသိပ်မကပ်ချင်ကြပါဘူး။
ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့
၁။ကွမ်းစားခြင်း
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကွမ်းစားတဲ့သူအရေအတွက်အရမ်းများပါတယ်။မြို့ကြီးပြကြီးတွေမှာဆိုရင် ကွမ်းယာဆိုင်တွေဟာ တပြကို နှစ်ဆိုင် သုံးဆိုင်လောက်ထိကိုရှိနေပါတယ်။
ကွမ်းစားတာက အာခံတွင်းထဲကအစိတ်အပိုင်းတွေမှာရှိတဲ့ ဆဲလ်တွေ၊တစ်သျှူးတွေကိုပျက်စီးစေပြီး လျှာကင်ဆာ၊ပါးစောင်ကင်ဆာ၊နှုတ်ခမ်းကင်ဆာစတဲ့ ခံတွင်းကင်ဆာတွေကိုဖြစ်ပွားနှုန်းခြေများစေပါတယ်။
အထူးသဖြင့် ဆေးရွက်ကြီးထည့်စားပြီး ကွမ်းကိုကြာရှည်စွာငုံထားတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။
၂။ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ငွေ့မှာပါတဲ့အဆိပ်ဓါတ်တွေဟာ အဆုတ်ကိုသာမက တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ဒုက္ခရောက်စေနိုင်ပါတယ်။ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာအပြင် ခံတွင်းကင်ဆာ၊လည်ချောင်းကင်ဆာ၊အစာအိမ်ကင်ဆာ စတဲ့ကင်ဆာရောဂါတွေကိုပါဖြစ်ပွားနိုင်ခြေများစေပါတယ်။
၃။အရက်သောက်ခြင်း
အရက်သောက်သူများသည် အရက်မသောက်သူများထက် ခံတွင်းကင်ဆာဖြစ်ပွားနိုင်ခြေပိုများပါတယ်။ခံတွင်းကင်ဆာဖြစ်တဲ့သူတွေကိုလေ့လာကြည့်တဲ့အခါမှာ ၁၀ယောက်မှာ ၇ ယောက်နီးပါးဟာ အရက်သောက်တာကိုတွေ့ရပါတယ်။အရက်ကိုရေရှည်နဲ့အလွန်အကျွံသောက်တဲ့သူတွေမှာ ပိုဖြစ်နိုင်ခြေများပါတယ်။
၄။ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှု
နေ့ခင်းဘက်ပူပြင်းတဲ့နေရောင်ခြည်အောက်မှာအလုပ်လုပ်ရသူတွေဟာ နေရောင်ခြည်ထဲမှာပါတဲ့ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့တာကြာလာတာနဲ့အမျှ နှုတ်ခမ်းကင်ဆာဖြစ်နိုင်ခြေပိုမိုမြင့်တက်လာနိုင်တယ်လို့ သုတေသနတခုကပြောထားပါတယ်။
၅။ဆစ်ဖလစ်ရောဂါပိုးရှိခြင်း
ခံတွင်းကင်ဆာနဲ့ကာလသားရောဂါဟာ ဘာမှမဆိုင်ဘူးထင်ရပေမယ့် အသက်ငယ်ငယ်နဲ့ ခံတွင်းကင်ဆာဖြစ်သူတွေကို လိုက်လေ့လာကြည့်တဲ့အခါမှာ ဆစ်ဖလစ်ရောဂါပိုးပါတွဲရှိနေတာကိုတွေ့ရပါတယ်။
ဒါ့အပြင် သုတေသနတခုအရ HIV / HPV Human papillomavirus စတဲ့ရောဂါပိုးရှိသူတွေဟာဆိုရင်လည်း ခံတွင်းကင်ဆာဖြစ်နိုင်ခြေများကြောင်းသိရပါတယ်။
၆။ချွန်ထက်သောသွားများ၊သွားတက်များရှိခြင်း
ချွန်ထက်သောသွားများရှိတဲ့သူတွေဟာ လျှာနဲ့သွားနဲ့ခဏခဏထိမိပြီး လျှာမှာခဏခဏဒဏ်ရာရတတ်တာကြောင့် ရေရှည်မှာ ခံတွင်းကင်ဆာဖြစ်နိုင်ခြေများတယ်လို့ လေ့လာမှုတခုကဆိုထားပါတယ်။
၇။ သွားနဲ့ခံတွင်းသန့်ရှင်းရေးကိုဂရုမစိုက်ခြင်း
ခံတွင်းကင်ဆာဟာ သွားနဲ့ခံတွင်းသန့်ရှင်းရေးကိုဂရုမစိုက်တဲ့သူတွေမှာပိုဖြစ်နိုင်ခြေများပါတယ်။
အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ကြောက်စရာကောင်းတဲ့ခံတွင်းကင်ဆာရောဂါမဖြစ်အောင် ကွမ်းစား၊ဆေးလိပ်သောက်၊အရက်သောက်တာတွေကိုရှောင်ပါ။အပျော်ပါးလည်းမလိုက်စားပါနဲ့။လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်တွေနဲ့သစ်သီးတွေကိုများများစားပါ။ပူပြင်းတဲ့အချိန် နေပူထဲမှာအချိန်ကြာမြင့်စွာအလုပ်လုပ်ရမယ်ဆိုပါက နေရောင်ကာနိုင်တဲ့ အနားကျယ်ဦးထုပ်၊ခမောက်ဆောင်းပါ။တတ်နိုင်ရင် နေရောင်ကာခရင်လိမ်းပါ။
သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ခြောက်လတခါလောက် သွားဆေးခန်းမှာသွားဆရာဝန်နဲ့စမ်းသပ်စစ်ဆေးပါလို့ အကြံပေးချင်ပါတယ်။
Dr. 528