fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 12,425 Total Cases
😥 284 Deaths
😇 3,391 Recovered

ခံတွင်းကင်ဆာကြောက်စရာ ခြောက်လတစ်ခါစစ်ဆေးပါ

ခံတွင်းကင်ဆာကြောက်စရာ ခြောက်လတစ်ခါစစ်ဆေးပါ

ပါးစောင်၊လျှာ၊သွားဖုံး၊အာခေါင်မိုး၊တံတွေးဂလင်း၊နှုတ်ခမ်း စတဲ့ အာခံတွင်းအစိတ်အပိုင်းနေရာတွေမှာဖြစ်တဲ့ကင်ဆာတွေကို  ခံတွင်းကင်ဆာလို့ ခြုံပြီးခေါ်ဆိုပါတယ်။
သုတေသနစစ်တမ်းရလဒ်တွေအရ ခံတွင်းကင်ဆာဟာ အသက်၅၅နှစ်အထက်လူတွေမှာ ဖြစ်လေ့ရှိတယ်လို့ဖော်ပြထားပါတယ်။

သို့သော် အခုနောက်ပိုင်းမှာဆိုရင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဖြစ်တဲ့သူတွေကိုလည်း တွေ့လာရပါတယ်။

ခံတွင်းကင်ဆာဟာကြောက်ဖို့ကောင်းတဲ့ကင်ဆာပါ။
ခံတွင်းကင်ဆာဖြစ်ပါက အစာစားဖို့နေနေသာသာ အရည်တောင်မှ ကောင်းကောင်းမသောက်နိုင်ပါဘူး။
ကင်ဆာအနာကထွက်တဲ့ အနံအသက်ကလည်းတအားဆိုးဝါးလို့  ရောဂါဖြစ်တဲ့သူအနားကို ဘယ်သူမှသိပ်မကပ်ချင်ကြပါဘူး။

ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့

၁။ကွမ်းစားခြင်း

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကွမ်းစားတဲ့သူအရေအတွက်အရမ်းများပါတယ်။မြို့ကြီးပြကြီးတွေမှာဆိုရင် ကွမ်းယာဆိုင်တွေဟာ တပြကို နှစ်ဆိုင် သုံးဆိုင်လောက်ထိကိုရှိနေပါတယ်။

ကွမ်းစားတာက  အာခံတွင်းထဲကအစိတ်အပိုင်းတွေမှာရှိတဲ့ ဆဲလ်တွေ၊တစ်သျှူးတွေကိုပျက်စီးစေပြီး လျှာကင်ဆာ၊ပါးစောင်ကင်ဆာ၊နှုတ်ခမ်းကင်ဆာစတဲ့ ခံတွင်းကင်ဆာတွေကိုဖြစ်ပွားနှုန်းခြေများစေပါတယ်။

အထူးသဖြင့် ဆေးရွက်ကြီးထည့်စားပြီး ကွမ်းကိုကြာရှည်စွာငုံထားတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။

၂။ဆေးလိပ်သောက်ခြင်း

ဆေးလိပ်ငွေ့မှာပါတဲ့အဆိပ်ဓါတ်တွေဟာ အဆုတ်ကိုသာမက တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ဒုက္ခရောက်စေနိုင်ပါတယ်။ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာအပြင် ခံတွင်းကင်ဆာ၊လည်ချောင်းကင်ဆာ၊အစာအိမ်ကင်ဆာ စတဲ့ကင်ဆာရောဂါတွေကိုပါဖြစ်ပွားနိုင်ခြေများစေပါတယ်။

၃။အရက်သောက်ခြင်း

အရက်သောက်သူများသည် အရက်မသောက်သူများထက် ခံတွင်းကင်ဆာဖြစ်ပွားနိုင်ခြေပိုများပါတယ်။ခံတွင်းကင်ဆာဖြစ်တဲ့သူတွေကိုလေ့လာကြည့်တဲ့အခါမှာ ၁၀ယောက်မှာ ၇ ယောက်နီးပါးဟာ အရက်သောက်တာကိုတွေ့ရပါတယ်။အရက်ကိုရေရှည်နဲ့အလွန်အကျွံသောက်တဲ့သူတွေမှာ ပိုဖြစ်နိုင်ခြေများပါတယ်။

၄။ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှု

နေ့ခင်းဘက်ပူပြင်းတဲ့နေရောင်ခြည်အောက်မှာအလုပ်လုပ်ရသူတွေဟာ နေရောင်ခြည်ထဲမှာပါတဲ့ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့တာကြာလာတာနဲ့အမျှ နှုတ်ခမ်းကင်ဆာဖြစ်နိုင်ခြေပိုမိုမြင့်တက်လာနိုင်တယ်လို့ သုတေသနတခုကပြောထားပါတယ်။

၅။ဆစ်ဖလစ်ရောဂါပိုးရှိခြင်း

ခံတွင်းကင်ဆာနဲ့ကာလသားရောဂါဟာ ဘာမှမဆိုင်ဘူးထင်ရပေမယ့် အသက်ငယ်ငယ်နဲ့ ခံတွင်းကင်ဆာဖြစ်သူတွေကို လိုက်လေ့လာကြည့်တဲ့အခါမှာ ဆစ်ဖလစ်ရောဂါပိုးပါတွဲရှိနေတာကိုတွေ့ရပါတယ်။

ဒါ့အပြင် သုတေသနတခုအရ HIV / HPV Human papillomavirus စတဲ့ရောဂါပိုးရှိသူတွေဟာဆိုရင်လည်း ခံတွင်းကင်ဆာဖြစ်နိုင်ခြေများကြောင်းသိရပါတယ်။

၆။ချွန်ထက်သောသွားများ၊သွားတက်များရှိခြင်း

ချွန်ထက်သောသွားများရှိတဲ့သူတွေဟာ လျှာနဲ့သွားနဲ့ခဏခဏထိမိပြီး လျှာမှာခဏခဏဒဏ်ရာရတတ်တာကြောင့် ရေရှည်မှာ ခံတွင်းကင်ဆာဖြစ်နိုင်ခြေများတယ်လို့ လေ့လာမှုတခုကဆိုထားပါတယ်။

၇။ သွားနဲ့ခံတွင်းသန့်ရှင်းရေးကိုဂရုမစိုက်ခြင်း

ခံတွင်းကင်ဆာဟာ သွားနဲ့ခံတွင်းသန့်ရှင်းရေးကိုဂရုမစိုက်တဲ့သူတွေမှာပိုဖြစ်နိုင်ခြေများပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ကြောက်စရာကောင်းတဲ့ခံတွင်းကင်ဆာရောဂါမဖြစ်အောင် ကွမ်းစား၊ဆေးလိပ်သောက်၊အရက်သောက်တာတွေကိုရှောင်ပါ။အပျော်ပါးလည်းမလိုက်စားပါနဲ့။လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်တွေနဲ့သစ်သီးတွေကိုများများစားပါ။ပူပြင်းတဲ့အချိန် နေပူထဲမှာအချိန်ကြာမြင့်စွာအလုပ်လုပ်ရမယ်ဆိုပါက နေရောင်ကာနိုင်တဲ့ အနားကျယ်ဦးထုပ်၊ခမောက်ဆောင်းပါ။တတ်နိုင်ရင် နေရောင်ကာခရင်လိမ်းပါ။

သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ခြောက်လတခါလောက် သွားဆေးခန်းမှာသွားဆရာဝန်နဲ့စမ်းသပ်စစ်ဆေးပါလို့ အကြံပေးချင်ပါတယ်။

Dr. 528

 

ဆက်စပ် ဆောင်းပါးများ