ပြန်ပျောက်နိုင်တဲ့ကင်ဆာဆိုတာ အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်လို့ ပြောရင်အများစုက
အံ့ဩကြပါတယ်။ ကင်ဆာရောဂါဆိုတာ အရှင်းပျောက်ဖို့ခက်တတ်တဲ့ ရောဂါဖြစ်လို့
ပိုလို့တောင်အံ့ဩကြရပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ပြန်ပျာက်နိုင်တဲ့ကင်ဆာရောဂါဆိုတာက
တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သန္ဓေတည်တဲ့ဖြစ်စဉ်မှာ ချို့ယွင်းမှုတွေဖြစ်ပြီး ပုံမှန်မဟုတ်တဲ့
သန္ဓေသားဆဲလ်တွေ ဖြစ်လာတဲ့အခါ စပျစ်သီးသန္ဓေဆိုတာဖြစ်လာပါတယ်၊ အဲ့ဒီ့စပျစ်သီးသန္ဓေကနေ
နောက်ဆက်တွဲအနေနဲ့ အချင်းကင်ဆာဆိုတာ ဆက်ဖြစ်လာတာပါ။ ဆေးပညာအခေါ်အရ
choriocarcinoma လို့ခေါ်ပါတယ်။ပြန့်တတ်တဲ့ စပျစ်သီးသန္ဓေတည်ဖူးတဲ့သူ ၁၅-၂၀ရာခိုင်နှုန်းခန့် နှင့်
မပြန့်နှံ့တတ်တဲ့ စပျစ်သီးသန္ဓေတည်ဖူးတဲ့သူ ၅ရာခိုင်နှုန်းခန့်မှာ နောက်ဆက်တွဲအနေနဲ့ အချင်းကင်ဆာ
ဆက်ဖြစ်တတ်တာ ကိုတွေ့ရပါတယ်။ အဲ့ဒီ့အချင်းကင်ဆာဟာ သားအိမ်မှာစတင်ဖြစ်ပွားပြီး
သားအိမ်အနီးတစ်ဝိုက်ကနေတဆင့် ခန္ဓာကိုယ်အနှံ့ကို ပြန့်နိုင်ပါတယ်။ ဒါပေမယ့် သေချာဆေးကုသမှု
ခံယူလိုက်မယ်ဆိုရင်တော့ အရှင်းပြန်ပျောက်နိုင်တယ့် ကင်ဆာတစ်မျိုးပါ။
ဘာကြောင့်ဖြစ်တာလဲ? ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
ဘာ့ကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းအရင်း တိတိကျကျတော့မရှိပေမယ့် မျိုးရိုးဗီဇပြောင်းလဲမှုကြောင့်
ဖြစ်နိုင်တယ်လို့သုတေသနတွေအရတွေ့ရှိရပါတယ်။
ကိုယ်ဝန်ဆောင်နိုင်တဲ့ အသက်အရွယ်အပိုင်းအခြား အမျိုးသမီးတွေမှာဖြစ်လေ့ရှိတာပါ။
ကိုယ်ဝန်ဆောင်အမျိုးသမီးအယောက်တစ်ထောင်မှာ တစ်ယောက်ဖြစ်နိုင်ချေရှိပါတယ်။
ဘယ်လိုလူမျိုးတွေမှာ တွေ့ရများလဲဆိုရင် ခဏခဏသားပျက်သားလျှောဖြစ်တဲ့သူတွေ၊
နေရာလွဲမှားပြီးသန္ဓေတည်ဖူးသူတွေ၊ စပျစ်သီးသန္ဓေတည်ဖူးသူတွေမှာ
အချင်းကင်ဆာဖြစ်နိုင်ချေများတာကို တွေ့ရပါတယ်။
ဘယ်လိုလက္ခဏာတွေနဲ့လာတတ်လဲ?
ရာသီသွေးထိန်မယ်၊ ကိုယ်ဝန်ရှိတဲ့လက္ခဏာတွေနဲ့ လာမယ်၊ ဆီးစစ်ကြည့်ရင် ဆီးစစ်တံမှာ
၂ကြောင်းပေါ်မယ်၊ မိန်းမကိုယ်လမ်းကြောင်းကနေ သွေးဆင်းမယ်၊ ဗိုက်အောင့်မယ်၊ ဒါ့အပြင်
ကင်ဆာရဲ့သဘောသဘာဝအရ ပြန့်နှံ့တဲ့အခါ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊
မူးဝေခြင်း စသည်တို့နှင့်လည်း လာတတ်ပါတယ်။
ဘယ်လိုစစ်ဆေးမှုတွေလုပ်ခြင်းအားဖြင့်သိနိုင်သလဲ?
အဓိကကတော့ သက်ဆိုင်ရာသားဖွားမီးယပ်ဆရာဝန်နဲ့သွားပြရမှာပါ။
မိန်းမကိုယ်စမ်းသပ်မှုလုပ်ခြင်း၊ hCG ဟော်မုန်းဓါတ်ပမာဏစစ်ခြင်း၊
ဝမ်းဗိုက်အယ်ထရာဆောင်းရိုက်ခြင်း၊ သွေးဆီးများစစ်ခြင်း၊ တခြားလိုအပ်တဲ့စစ်ဆေးမှုတွေကို
သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ပြုလုပ်ခြင်းအားဖြင့် ကိုယ့်မှာ
အချင်းကင်ဆာရှိမရှိသိနိုင်ပါတယ်။
ဘယ်လိုကုသမှုတွေရှိလဲ?
အချင်းကင်ဆာရောဂါဆိုတာ လိုအပ်တဲ့ ကင်ဆာဆေးသွင်းကုသမှု ဒါမှမဟုတ် ကင်ဆာ
ဓါတ်ရောင်ခြည်ကုထုံးနဲ့ ကုသမယ်ဆိုရင် အရှင်းပျောက်နိုင်ပါတယ်။
တချို့တလေမှသာ သားအိမ်ထုတ်လိုက်ရတဲ့ကုသမှုကို ခံယူရတာမျိုးလိုအပ်ပါတယ်။
ပုံမှန်ကိုယ်ဝန်ပြန်ရနိုင်လား?
သေချာဆေးကုသမှုလည်း ခံယူမယ်။ ဆရာဝန်ရက်ချိန်းလည်း သေချာပြမယ်၊ အဖြေလည်းကောင်းပြီဆို
ကုသမှုခံယူပြီး ၆လအကြာမှာ ကလေးပြန်ယူဖို့ကြိုးစားနိုင်ပါတယ်။ ပုံမှန်ကိုယ်ဝန်လည်း
ပြန်ရနိုင်ပါတယ်။
သတိပြုရမယ့်အချက်
စပျစ်သီးသန္ဓေကိုယ်ဝန်ဆောင်ပြီးလို့ကုသမှုခံယူပြီးတဲ့အခါ ချက်ချင်းကိုယ်ဝန်တန်းမယူရပါဘူး၊ ၆လ
၁နှစ်အနည်းဆုံးကိုယ်ဝန်တားထားရပါမယ်၊ အထက်မှာပြောခဲ့သလိုပဲ စပျစ်သီးသန္ဓေတည်ပြီးတဲ့အခါ
အချင်းကင်ဆာဖြစ်နိုင်သေးတာမို့ ကြားကာလမှာ သက်ဆိုင်ရာဆရာဝန်နဲ့သေချာပြရမယ်၊ စစ်ဆေးဆရာ
ရှိတာစစ်ဆေးထားဖို့လိုတယ်၊ အဓိကကတော့အချင်းကင်ဆာဟာအရှင်းပျောက်တယ်ဆိုပြီး
ပေါ့ပေါ့တန်တန်မနေသင့်ပါဘူး။
Dr.Khaing