သားသမီးတွေ ပျော်ရွှင်ဖို့ဆိုတာ မိဘတိုင်းရဲ့ဆန္ဒပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့ပျော်ရွှင်မှုဟာ မိသားစုကို ဦးဆောင်နေတဲ့ဖေဖေတို့ထက် သားသမီးနဲ့ ထိတွေ့မှုအများဆုံးနဲ့ အရင်းနှီးဆုံးဖြစ်တဲ့ မေမေတို့အပေါ်မှာ အများဆုံး မူတည်ပါတယ်။ ပျော်ရွှင်တဲ့မိသားစုတစ်ခု ဖြစ်လာဖို့က မိဘတွေတင်မက သားသမီးတွေပါ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာဖို့လည်း အရေးကြီးပါတယ်။ သုတေသနတွေအရ ငယ်စဥ်က ပျော်ရွှင်တဲ့ကလေးငယ်တွေဟာ အသက်ကြီးလာတဲ့အခါမှာ အောင်မြင်တဲ့လူငယ်တွေ ဖြစ်လာနိုင်ပါတယ်တဲ့။
ဒါပေမယ့် ကလေးထိန်းရတာက အမြဲလွယ်ကူနေတာမဟုတ်ဘဲ တစ်ခါတစ်လေမှာ စိတ်ဖိစီးမှုများပြီး ပင်ပန်းတာက အမှန်ပါ။ မေမေတို့အတွက် သတင်းကောင်းတစ်ခုကတော့ သားသားမီးမီးတို့ ပျော်ရွှင်စေဖို့ အထူးတလည် လုပ်ဆောင်နေစရာမလိုပါဘူး။ မေမေတို့ရဲ့ ပုံမှန်ဂရုစိုက်မှု၊ ကလေးအပေါ်အာရုံစိုက်မှုနဲ့ ကလေးရဲ့စိတ်ခံစားချက်ကို နားလည်ပြီး နှစ်သိမ့်ပေးခြင်းက ကလေးကို ပျော်ရွှင်တဲ့သူတစ်ယောက်အဖြစ် ကြီးပြင်းလာစေနိုင်ပါတယ်။ ကလေး အသက်ကြီးပြင်းလာတဲ့အခါမှာလည်း ရင်ဆိုင်ရမယ့် ဘဝအတွေ့အကြုံနဲ့ စိန်ခေါ်မှုတွေကို မေမေတို့အနေနဲ့ အတူတူရင်ဆိုင်ပေးပြီး အကောင်းမြင်မှုနဲ့ ပျော်ရွှင်မှုကို အားပေးမယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး အောင်မြင်တဲ့ လူငယ်တွေအဖြစ် ကြီးပြင်းလာနိုင်ပါတယ်။
ဒီဆောင်းပါးမှာတော့ ကလေးတစ်ယောက် ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာစေဖို့ မေမေတို့အတွက် လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကလေးကို မေတ္တာနဲ့ဆက်ဆံပါ။
ကလေးငယ်စဥ်ဘဝ ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မှာ အကြင်နာမေတ္တာဓါတ်နဲ့ နွေးနွေးထွေးထွေးဆက်ဆံဖို့ လိုအပ်ပါတယ်။ ကလေးရဲ့ ဖခင်၊ မိခင်တင်မက အဘိုး၊ အဘွား၊ ဦးလေး၊ အဒေါ် စတဲ့အိမ်သူအိမ်သားတွေကအစ ကလေးထိန်းအထိပါ မေတ္တာ၊ ဂရုဏာနဲ့ ကလေးကို ပြောဆိုဆက်ဆံမှ ကလေးငယ်က ပျော်ရွှင်မှာဖြစ်ပါတယ်။ အလုပ်များနေလို့ ဂရုမစိုက်နိုင်တာမျိုး၊ အာရုံမစိုက်နိုင်တာမျိုးကို ရှောင်သင့်ပါတယ်။ မေမေတို့အနေနဲ့ ကလေးကို နွေးနွေးထွေးထွေးဆက်ဆံခြင်းက ကလေးအသက်ကြီးပြင်းလာတဲ့အခါမှာ မိသားစုဝင်တွေကိုတင်မက ပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုလည်း ဒီလိုအကြင်နာ၊ မေတ္တာဓါတ်နဲ့ ပြန်လည်ဆက်ဆံနိုင်စေမှာ ဖြစ်ပါတယ်။
၂။ ကလေးစိတ်ခံစားမှုတွေကို နားလည်သဘောပေါက်ပြီး အားပေးနှစ်သိမ့်ပါ။
ကလေးတွေငယ်စဥ်အရွယ်ဟာ စိတ်ခံစားလွယ်တဲ့အရွယ်ဖြစ်ပါတယ်။ ကလေးတွေ ပျော်ရွှင်တာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ စိတ်လှုပ်ရှားတာ စတဲ့ခံစားချက်တွေကို မေမေတို့က နားလည်သဘောပေါက်ပြီး တုန့်ပြန်ပေးဖို့ အရေးကြီးပါတယ်။ ဥပမာ ကလေး ဘောလုံးကန်လို့ ဂိုးဝင်သွားတိုင်း ပျော်ရွှင်နေတဲ့အခါမှာ ”ပျော်နေတာကြည့်စမ်းကွယ်၊ အရမ်းတော်လိုက်တာ” လို့ အားပေးဖို့ လိုသလို ကလေးက ပူဆာတာကို မလိုက်လျောမိလို့ ဝမ်းနည်းဂျီကျတဲ့အခါမှာလည်း ”ဝမ်းနည်းသွားလား၊ မေမေက မလုပ်ရဘူးလို့ ပြောလိုက်လို့လား” စတဲ့ စိတ်ခံစားချက်ကို ဖော်ပြတဲ့စကားလုံးလေးတွေနဲ့ တတ်နိုင်သလောက် အားပေးနှစ်သိမ့်ပေးဖို့ လိုပါတယ်။ ဒီလို စိတ်ခံစားချက်တွေကို ဖော်ညွှန်းခြင်းက ကလေးရဲ့ စိတ်ခံစားနားလည်မှု စွမ်းရည်ကိုတိုးတက်စေနိုင်ပြီး အသက်ကြီးလာတဲ့အခါမှာလည်း စိတ်နှလုံးရည်ပြည့်ဝတဲ့၊ သူတစ်ပါးခံစားချက်ကို နားလည်သဘောပေါက်တဲ့ လူငယ်တွေ ဖြစ်လာစေနိုင်ပါတယ်။
၃။ ကလေးရဲ့သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အချိန်ပေးဆော့ကစားပါစေ။
လူမှုဆက်သွယ်ရေးကလည်း ကလေးရဲ့ပျော်ရွှင်မှုအတွက် အရေးကြီးပါတယ်။ ပျော်ရွှင်တဲ့ကလေးတစ်ယောက်ဖြစ်ဖို့ ကလေးရဲ့သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားကြဖို့ မေမေတို့က အားပေးတိုက်တွန်းရပါမယ်။ တစ်ပတ်ကို အနည်းဆုံး ၂ နာရီလောက် ကလေးနဲ့ အိမ်နီးနားသူငယ်ချင်းတွေ အတူတူဆော့ကစားနိုင်အောင် စီစဥ်ပေးသင့်ပါတယ်။
မေမေတို့အနေနဲ့ တစ်ခုဂရုစိုက်သင့်တာက ကိုယ့်ကလေးအပေါင်းအသင်းနည်းနေတယ်ဆိုရင် ”ကလေးက အနေအေးလို့နေမှာပါ”ဆိုပြီး လျစ်လျူမရှုဘဲ ဘာကြောင့်လဲဆိုတာကို အဖြေရှာပြီး ဖြေရှင်းသင့်ပါတယ်။ စာသင်ခန်းအတွင်း ကလေးအကြားပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာတစ်ခုခုရှိတယ်ဆိုရင် အတန်းပိုင်ဆရာမနဲ့ တိုင်ပင်ပြီး ဖြေရှင်းသင့်ပါတယ်။ ပျော်ရွှင်တဲ့ လူမှုပတ်ဝန်းကျင်ပေါင်းသင်းဆက်ဆံရေးက ကလေးကို ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းစေပြီး အောင်မြင်တဲ့လူတစ်ယောက်လည်း ဖြစ်လာစေနိုင်ပါတယ်။
၄။ မှန်ကန်တဲ့နည်းလမ်းနဲ့ သွန်သင်ဆုံးမပါ။
ကလေးအရွယ်ဟာ သင်ယူလေ့လာလိုစိတ်များပါတယ်။ ဒီလိုအချိန်မှာ ကလေးအနေနဲ့ အမှားတစ်ခုခု လုပ်မိတတ်တာဟာ မဆန်းပါဘူး။ အမှားကနေ သင်ယူလေ့လာမှ အမှန်ဆိုတာကို သိနိုင်မှာပါ။ ပျော်ရွှင်တဲ့ကလေးတစ်ယောက်ဖြစ်စေဖို့ ကလေးငယ် အမှားလုပ်မိတဲ့အခါမှာ မေမေတို့က ဒေါသနဲ့ အပြစ်တင်တာ၊ အော်ဟစ်တာ၊ ဆူပူကြိမ်းမောင်းတာမျိုးကို မလုပ်သင့်ပါဘူး။ အဲဒီအစား အမှားကို နားလည်အောင် ထောက်ပြပါ။ ဘာအမှားလုပ်မိသလဲဆိုတာကို ကလေးသိပါစေ။ ပြီးရင် ရှင်းပြပေးပြီး မှန်ကန်တဲ့နည်းလမ်းကို ကလေးငယ်ကိုယ်တိုင် ပြန်လုပ်ကိုင်ပါစေ။ ကိုယ့်အမှားကို ကိုယ်တာဝန်ယူပြီး ပြန်လည်ဖြေရှင်းနိုင်အောင် သင်ကြားပေးတာက ကိုယ်ကျင့်တရားကောင်းမွန်တဲ့ကလေးအဖြစ် ကြီးပြင်းလာစေနိုင်ပါတယ်။
ကလေးတွေကို တာဝန်ယူချင်စိတ်ရှိအောင် အိမ်အလုပ် ကူလုပ်နိုင်တဲ့အရွယ်ရောက်လာရင် ကူလုပ်ဖို့ သင်ကြားပေးပါ။ မေမေတို့နဲ့အတူတူ အိမ်အလုပ်ကူလုပ်စေတာက ကလေးတွေကို သူတို့ဟာလည်း မိသားစုရဲ့အရေးကြီးတဲ့နေရာကနေ ပါဝင်တယ်လို့ သဘောပေါက်စေပြီး အလုပ်ပြီးမြောက်သွားရင် မေမေတို့က ချီးမွမ်းတဲ့အခါမှာ ဂုဏ်ယူပျော်ရွှင်တဲ့ခံစားချက်ကို ရရှိသွားစေနိုင်ပါတယ်။ တံမြက်စည်းကူလှဲတာ၊ အဝတ်ကူလှမ်းတာ၊ ပန်းကန်ကူဆေးတာ စတဲ့အိမ်အလုပ်လေးတွေကို ကူညီလုပ်ကိုင်ပေးခိုင်းပါ။ ကလေးတစ်ယောက်နဲ့အထက်ရှိရင်လည်း အိမ်အလုပ်ကို အပြောင်းအလဲကူညီလုပ်ဆောင်စေမယ်ဆိုရင် အပျင်းပြေစေမှာ ဖြစ်ပါတယ်။
၅။ စံပြမေမေဖြစ်အောင် နေထိုင်ပါ။
ကလေးပျော်ရွှင်စေဖို့ မေမေတို့ကိုယ်တိုင်ကလည်း စံပြမေမေဖြစ်အောင် နေသင့်ပါတယ်။ သားသမီးပျော်ရွှင်ဖို့ ကိုယ်တိုင်လည်း ပျော်ရွှင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုကိုယ်လည်း အချိန်ပေးပါ။ တစ်ပတ်ကို အနည်းဆုံး ၁ နာရီ ကိုယ်ပိုင်အချိန်ချန်ထားပါ။ ကိုယ်ပိုင်အချိန်မှာ အနားယူတာ၊ စာဖတ်တာ၊ ရေနွေးနဲ့ရေချိုးတာ စသလို စိတ်ပြေလက်ပျောက်အနားယူသင့်ပါတယ်။ ကိုယ်တိုင်စိတ်မကြည်မလင်ဖြစ်နေချိန်မှာ ကလေးငယ်ကို ဒေါသပုံမချမိဖို့လည်း သတိထားရပါမယ်။ ကလေးရဲ့ရှေ့မှာ ဒေါသထွက်ပေါက်ကွဲတာ၊ မိဘတွေကိုယ်တိုင်လည်း အော်ဟစ်ရန်ဖြစ်တာမျိုး မလုပ်မိစေဖို့ ဂရုစိုက်ရပါမယ်။
အထက်ကပြောပြခဲ့တဲ့အချက်တွေကတော့ မေမေတို့အနေနဲ့ သားသမီးလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာစေဖို့ လိုက်နာလုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ ကလေးကို ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ရတာက အခက်ခဲဆုံးအလုပ် ဖြစ်ပါတယ်။ ဒါပေမယ့် မေမေတို့အနေနဲ့ စိတ်ရှည်သည်းခံပြီး ဂရုတစိုက်ပြုစုပျိုးထောင်ပေးမယ်ဆိုရင်တော့ လိမ္မာရေးခြားရှိပြီး စာရိတ္တကောင်းမွန်တဲ့ ပျော်ပျော်ရွှင်ရွှင် သားသားမီးမီးလေးတွေ ဖြစ်လာကြမှာပဲ ဖြစ်ပါတယ်။
ဒေါက်တာကောင်း (ဆေး -၂)