ရာသီမမှန်တာဘာကြောင့်လဲ
အမျိုးသမီးအများစုက ရာသီသွေးဆင်းတာနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်တတ်ကြတယ်။ ဂရုစိုက်တာကောင်းပါတယ်။ ရာသီဆင်းနေတဲ့ရက်မှန်နေသရွေ့တော့ ဘာမှမဖြစ်ပေမယ့် ရာသီမမှန်တာမျိုးတွေကြုံလာရင် ဘာရောဂါများလဲစိုးရိမ်နေတတ်ကြတယ်။
ရာသီမမှန်ဘူးဆိုတာ ဘယ်လိုမမှန်တာလည်းဆိုတာ အရေးကြီးပါတယ်။ တချို့တွေရာသီလတိုင်းပေါ်တယ်။ ရက်ကတော့မမှန်တတ်ဘူး၊ လတိုင်းပိုပိုစောတာ ရှိတယ်။ ပိုပိုနောက်ကျလာတာ ရှိတယ်။ ဒါမျိုးက ပုံမှန်ပါဘဲ၊ ရာသီစက်ဝန်း အတိုအရှည်ကြောင့်ဘဲဖြစ်တာပါ။ ရာသီဆင်းတာက ဒီလမှာ ဒီရက်ပေါ်လို့ နောက်လမှာ အဲ့ဒီရက်ဘဲ ပေါ်ရမယ်မဟုတ်ပါဘူး။
နောက်တစ်ခုကတော့ အပျိုဖော်ဝင်ကာစတွေမှာ ရာသီမမှန်တတ်ဘူး။ ဆင်းမယ့်ရက်ကလည်း ပြောဖို့ခက်တတ်တယ်။ ဒါကြောင့် အပျိုဖော်ဝင်ကာစတွေမှာ ရာသီဆင်းတဲ့ရက်တွေ မမှန်တတ်သေးလို့ ပြက္ခဒိန်မှာမှတ်ထားဖို့လိုတတ်ပါတယ်။
နောက်တစ်ခုကတော့ သွေးဆုံးခါနီးအချိန်တွေမှာပါ၊ သွေးဆုံးတယ်ဆိုတဲ့အခါမှာ ရုတ်တရက်ကြီး ရာသီဆင်းနေတာတွေ ရပ်သွားတာမဟုတ်ပါဘူး။ ရာသီဆင်းတာ များလိုက် နည်းလိုက်ဖြစ်မယ်။ နှစ်လ၊ သုံးလ ကြာမှတစ်ခါတည်းဆင်းတတ်တယ်။ ဘာဆေးမှလည်းမသုံးဘဲ သွေးမဆင်းတော့တာ တစ်နှစ်ဆိုရင်တော့ သွေးဆုံးတယ်လို့ပြောလို့ရပါတယ်။ ဒါတောင် တစ်ချို့တွေ သွေးဆုံးပြီးမှ ရာသီပြန်ဆင်းတာတွေ ရှိတတ်သေးတယ်။ အဲ့ဒီအခါတော့ တခြားရောဂါတွေနဲ့ ဆိုင်မဆိုင် စစ်ဆေးတာတွေလိုပါတယ်။
နောက်တစ်ခုကတော့ ကိုယ်ဝန်တားဆေးတွေပါ၊ တားနည်းမျိုးစုံရှိပါတယ်။ သောက်ဆေးရော၊ ထိုးဆေးရော၊ ပစ္စည်းထည့်တာတွေရောပါ၊ သောက်ဆေးမှာတောင် ပုံမှန်သောက်နေရတဲ့ (၂၈) လုံးပါတဲ့ ဆေးကဒ်ကဘဲ ရာသီမှန်တာပါ။ အရေးပေါ်တားဆေးတွေသောက်ထားရင် ရာသီပြန်ဆင်းတာမျိုးဖြစ်တတ်တယ်။ ရာသီဆင်းတဲ့ရက်ကျော်ပြီး ရက်ပြောင်းတာတွေလည်း ဖြစ်တတ်တယ်။
ထိုးဆေးတွေ ပစ္စည်းထည့်တာတွေကလည်း ရာသီကမောက်ကမဖြစ်စေတယ်။ တချို့တောက်လျှောက် မပေါ်တော့ဘူး။ တစ်ချို့ဆေးသုံးနေရတဲ့တောက်လျှောက် နည်းနည်းစီဆင်းနေတတ်သလို တချို့လည်းသွေးအများကြီးဆင်းတယ်။ ဘာဘဲဖြစ်ဖြစ်တော့ ဆေးကြောင့်လား၊ တခြားတစ်ခုခုကြောင့်လား သိအောင်တော့ စစ်ဆေးတာ စမ်းသပ်တာလိုပါတယ်။
နောက်တစ်ခုကတော့ ဟော်မုန်းမညီမျှတဲ့ရောဂါတွေပါ။ ဘာဆေးမှမသုံးတာလည်း ဖြစ်တတ်တယ်။ ရောဂါအဆင့်ထိမရောက်သေးဘဲ စိတ်ပိုင်းဆိုင်ရာတွေကြောင့်လည်း ဟော်မုန်းအတက်အကျဖြစ်တတ်တယ်။ စိတ်ညစ်စရာတွေ စိတ်ဖိစီးတာတွေများတဲ့အခါ၊ နေမကောင်းဖြစ်တဲ့အခါတွေမှာ ရာသီထိန်တာ နောက်ကျတာတွေ ဖြစ်တတ်တယ်။
တချို့အိမ်ထောင်ကျစမှာ ရာသီပေါ်ပြီးမှ နောက်တစ်ကြိမ်ထပ်ပေါ်တာတွေ၊ လိင်ဆက်ဆံပြီးမှ သွေးပြန်ဆင်းတာတွေ ဖြစ်တတ်တယ်။ ကိုယ်ဝန်လည်းမဟုတ်၊ ဘာဆေးမှလည်းမသုံး၊ ထိခိုက်ဒဏ်ရာလည်း မရှိဘူးဆိုရင် တစ်ခါနှစ်ခါဖြစ်ရုံက စောင့်ကြည့်လို့ရပါတယ်။
ဟော်မုန်းမညီမျှလို့ ၂လ ၃လမှ တစ်ခါပေါ်တာမျိုးတွေမှာတော့ သားအိမ်နဲ့သားဥအိမ်တွေမှာ ရေအိတ်တွေ ရှိမရှိစစ်ဆေးသင့်ပါတယ်။ ရေအိတ်ရှိတိုင်း ရောဂါမဟုတ်ပါဘူူး။ ရေအိတ်ကြောင့်ဖြစ်တဲ့ရောဂါ သတ်မှတ်ချက်ညီမှ ရောဂါလို့ပြောမှာပါ။ ဟော်မုန်းပြသနာဖြစ်လို့ ရာသီမမှန်တာမျိုးတွေကတော့ သားဖွားမီးယပ်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဆေးသောက်ဖို့တွေလိုပါတယ်။
ဘာဘဲဖြစ်ဖြစ်တော့ အမျိုးသမီးတိုင်းက မိမိရာသီပေါ်မယ့်ရက်ကို သေချာမှတ်ထားဖို့လိုပါတယ်။ ကျန်းမာရေးအရ အရေးကြီးပါတယ်။ ရက်နီးလာတာနဲ့အမျှ အားဆေးသောက်ဖို့လိုတတ်တယ်။ စိတ်ဖိစီးတာတွေ လျှော့ချရတယ်။ နားနားနေနေ နေရတယ်။ အအေးသိပ်မခံဘဲ ချုပ်စာတွေမစားဘဲ ရှောင်ရပါတယ်။ ရာသီမမှန်တာမျိုးရှိခဲ့ရင်လည်း ဘာကြောင့်ဖြစ်နိုင်မလဲ၊ ဘယ်လိုတွေလုပ်ပေးလို့ ရနိုင်မလဲဆိုတာ သက်ဆိုင်ရာဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။
Author: Dr. CST