အိမ်ထောင်တစ်ခု တည်ဆောက်ပြီးနောက် အိမ်ရဲ့ဆည်းလည်းသံလေးကို မျော်လင့်ကြပါတယ်။ အချိန်အတန်ကြာသည်ထိ မရောက်လာသေးဘူးဆို စိုးရိမ်တတ်ကြ၊ စိတ်ပူတတ်ကြပါတယ်။ ထိုအခါမျိုးတွေမှာ ဘာလို့မရတာလဲ? ဆိုပြီး တယောက်နဲ့တယောက် သံသယပွားကာ ပျော်ရွှင်မှုပျောက်ဆုံးနိုင်ပါတယ်။ နှစ်ဦးသားဆက်ဆံရာမှာ အနေအထားမမှန်လို့လား စသည်ဖြင့် အမှားကို လိုက်ရှာကြပါတော့တယ်။ အိမ်ထောင်သည်များ ကလေးလိုချင်စိတ်ကြောင့် အမှားများထပ်တလဲလဲ ကျုးလွန်တတ်ကြပါတယ်။
အမှား(၁) လုံလောက်သော လိင်ဆက်ဆံမှုမရှိခြင်း
အခုလို မိန်းမရောယောက်ျားရော အလုပ်လုပ်တဲ့ ခေတ်ကြီးမှာ တစ်ဦးနဲ့တစ်ဦး အပေးအယူညီမျှစွာဆက်ဆံဖို့ အချိန်မပေးနိုင်ကြတာကြောင့် မမျိုးဥကြွေနေချိန်၊ရှိနေချိန်တွင် ဆက်ဆံရန် လွဲချော်တတ်ကြပါတယ်။ မမျိုးဥကြွေချိန်ဆက်ဆံမှသာ သုတ်ပိုးနှင့်တွေ့ရှိပြီးကိုယ်ဝန်ရနိုင်တာကြောင့် လုံလောက်သော ဆက်ဆံမှုလည်း အထူးလိုအပ်ပါတယ်။
အမှား(၂) ဆက်ဆံမှု လွန်ကဲခြင်း
ဆက်ဆံမှုအကြိမ်ရေနည်းခြင်းဟာ အကြောင်းရင်းတစ်ခုဖြစ်သလို အကြိမ်ရေများနေခြင်းဟာလည်း အမှားတစ်ခုဖြစ်စေပါတယ်။ သို့သော် လွန်ကဲစွာ အကြိမ်ရေများများဆက်ဆံခြင်းကြောင့် အမျိုးသားသုတ်ပိုးရဲ့ စွမ်းဆောင်မှု လျော့နည်းလာတာကို တွေ့ရှိရပါတယ်။ တစ်ရက်တည်း အကြိမ်ရေများများဆက်ဆံခြင်းဟာ လွန်ကဲမှုတစ်ခုဖြစ်ပါတယ်။ ထိုအခါမျိုးတွင်တစ်ဦးနှင့်တစ်ဦး စိတ်ဝင်စားမှု လျော့ပါးလာပြီး ကိုယ်ဝန်ရနိုင်ချေ နည်းပါးပါတယ်။
အမှား(၃) ဆက်ဆံမှုအနေအထား အယူအဆ
လိင်ဆက်ဆံရာမှာ သုတ်ပိုးဟာ မိန်းမအင်္ဂါထဲကူးခတ်ကာ ပြွန်ထဲအလွယ်ရောက်သော နည်းလမ်းအဖြစ် ပက်လက်အနေအထားသည်သာ မှန်ကန်သည်ဟူသော အယူအဆဟာမှားပါတယ်။ အခြားသော အနေအထားများဟာလည်း ကလေးရလွယ်ပါတယ်။ တသတ်မှတ်တည်းအနေအထားကိုသာ သုံးစရာမလိုပါ။ သုတ်ပိုးဝင်ပြီး မမျိုးဥပေါင်းချိန်ဟာ စက္ကန့်အနည်းငယ်သာကြာပြီး အနေအထားကို ထည့်စဉ်းစားစရာမလိုပါ။
အမှား(၄) အမျိုးသမီးများတွင်သာ တာဝန်ရှိသည်ဟု ထင်ခြင်း
ကိုယ်ဝန်မရခြင်းအကြောင်းများရှာဖွေရာ အမျိုးသမီးများတွင်သာ အမြဲရှာဖွေတတ်ကြပါတယ်။ အမျိုးသားများအနေဖြင့် မိမိတွင်ချို့ယွင်းချက်ရှိပြီး လူမပီသမည်ကို စိုးရိမ်တတ်ကြပါတယ်။ အမျိုးသားများဟာ ဆက်ဆံစဉ် သုတ်ရည်ထွက်သည်ကို စွမ်းဆောင်ရည်ရှိသည်ဟု ယုံကြည်ထားကြပါတယ်။ သို့ပေမယ့်အဆိုပါ သုတ်ရည်တွင် သုတ်ပိုးသည် အောင်မြင်သော သုတ်ပိုးပါရှိမှသာ ကိုယ်ဝန်ရနိုင်ခြင်းကို အမျိုးသားတိုင်း လက်မခံကြပါ။ ဒါ့ကြောင့် ကလေးမရလျှင် အမျိုးသားရော အမျိုးသမီးများပါ စစ်ဆေးရှာဖွေရပါမယ်။ ကိုယ်ဝန်မရခြင်းအကြောင်းရင်း ၅၀% ဟာအမျိုးသမီးနှင့်ဆိုင်သော်လည်း ၄၀% ဟာအမျိုးသားနှင့်ဆိုင်၍ ၁၀% ဟာ အခြားသောအခြေအနေများကြောင့်ဟု တွေ့ရှိရပါတယ်။
အမှား(၅) “မ”မျိုးဥ ကြွေရက်တွင် ဆက်ဆံခြင်း
မျိုးဥကြွေစစ်တံ သို့မဟုတ် ရက်တွက်၍ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရနိုင်သော်လည်း နောက်ကျတတ်ပါတယ်။ မမျိုးဥကြွေပြီးသည့်နောက် ၂၄ နာရီအတွင်းသာ ကိုယ်ဝန်ရနိုင်ပါတယ်။ နောက်ကျပါက နောက်လတဖန်စောင့်ရပါမယ်။ သုတ်ပိုးဟာ မိန်းမအင်္ဂါထဲတွင် ၃ ရက်နှင့် ၅ ရက်အကြာ သေဆုံးပါတယ်။ ဒါ့ကြောင့် မမျိုးဥကြွေရက်နေခြင်းထက် မမျိုးဥကြွေရက်ထက် အနည်းငယ်ရက်စောနေခြင်းက ကိုယ်ဝန်ရရန် အခွင့်အလမ်းများပါတယ်။
အမှား(၆) အလျင်စလို ဆေးကုသမှုခံယူခြင်း
အိမ်ထောင်ကျပြီး ၂ လမှ ၃ လခန့်ကြာတဲ့အထိ ကိုယ်ဝန်မဆောင်ခြင်းဟာ အလျင်စလို ဆေးကုသခြင်းကို မလုပ်သင့်ပါ။ ချို့ယွင်းချက်မရှိသော စုံတွဲများသည်ပင် အချိန်အတန်ကြာသည်အထိ အချိန်ယူရနိုင်ပါတယ်။ အလျင်စလို ဆေးခန်းပြခြင်းဟာ စိတ်ဖိစီးမှု အပြည့်အဝဖြစ်စေပါတယ်။ ကိုယ်ဝန်ရရန် အခက်အခဲဖြစ်စေပါတယ်။
အမှား(၇) မိမိရဲ့ ကျန်းမာရေးအခြေအနေကို သတိမမူမိခြင်း
ကလေးမရသေးသော စုံတွဲများဟာ ကိုယ်ဝန်မရတာကြောင့် မျိုးပွားအင်္ဂါအဖွဲ့အစည်းလုပ်ဆောင်မှုကိုသာ အထူးဂရုစိုက်ရှာဖွေကြသော်လည်း မိမိတို့ရဲ့ကျန်းမာရေးအခြေအနေကို လစ်လျူရှုတတ်ကြပါတယ်။ ပုံမှန်အားဖြင့် မိမိရဲ့ကျန်းမာရေးအခြေအနေကို အထူးဂရုစိုက်ကြပါတယ်။ ဥပမာ ကိုယ်အလေးချိန်၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် စိတ်ဖိဆီးမှု။
ဒါ့ကြောင့် ကိုယ်ဝန်ဆောင်နိုင်ရန် မိမိကျန်းမာရေးကောင်းမွန်စေရန် အပြုအမူအနေအထိုင်များကို ဂရုစိုက်ပါ။
Author: Dr. Pyae Shin