အရွယ်ရောက်ပြီး ကျန်းမာတဲ့ အမျိုးသမီးတိုင်းဟာ လစဉ်ဓမ္မတာ လာရပါတယ်။ ဓမ္မတာလာတာဟာ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်တဲ့ ဖြစ်စဉ်ဖြစ်ပြီး ပုံမှန်အားဖြင့် သားအိမ်ရဲ့ နံရံဟာ တစ်လတစ်ခါ ထူလာလေ့ ရှိပါတယ်။ ထို့နောက် သားဥအိမ်ကနေ မမျိုးဥ ကြွေပြီး မမျိုးဥက အမျိုးသားရဲ့ သုတ်ကောင်နဲ့ တွေ့ရာက မျိုးအောင်သွားတဲ့အခါ သားအိမ်နံရံကို တွယ်ကပ်ပြီး သန္ဓေသား ဖြစ်လာတာပါ။ အကယ်၍ မမျိုးဥက သုတ်ကောင်နဲ့ မတွေ့တာ သို့မဟုတ် သုတ်ကောင်နဲ့ တွေ့ပေမယ့်လည်း မျိုးမအောင်တာ ဆိုရင် သားအိမ်နံရံတွေက ကွာကျလာပြီး အဲဒါကို လစဉ် ဓမ္မတာလာတယ်လို့ ခေါ်ပါတယ်။
ဓမ္မတာစက်ဝန်းဟာ ၂၁ ရက်ကနေ ၃၅ ရက်အထိ ရှိနိုင်ပြီး ကိုယ်ဝန်ဆောင်တဲ့ ကာလကလွဲလို့ အပျိုဖော်ဝင်ချိန်ကနေ သွေးမဆုံးခင်အထိ လစဉ်လာရပါတယ်။ ဓမ္မတာစက်ဝန်းမှန်တဲ့ သူဆိုရင်တော့ ဘယ်ရက်လာနိုင်မယ်၊ ဘယ်နှစ်ရက်လောက် ကြာမယ်ဆိုတာကို အကြမ်းဖျင်း ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဓမ္မတာသွေးဆင်းချိန်ဟာ အမျိုးသမီးအများစုအတွက် စိတ်မသက်သာစရာ ကာလအပိုင်းအခြားတွေပါပဲ။
ဓမ္မတာ သွေးဆင်းချိန်တွေမှာ ဘာတွေ သတိပြုရမလဲ?
• ဓမ္မတာသွေးအတွက် အသုံးပြုနိုင်တဲ့ ပစ္စည်းများ
အမျိုးသမီးလစဉ်သုံးပစ္စည်း (pads) တွေက အများစု သုံးနေကြဖြစ်ပြီး ရွေးချယ်စရာလည်း စုံလင်ပါတယ်။ Tampons နဲ့ menstrual cups တွေကတော့ မွေးလမ်းကြောင်းထဲကို ထည့်ထားရတာဖြစ်ပြီး ၄-၈ နာရီခြားတစ်ခါ လဲပေးဖို့ လိုပါတယ်။ Tampons နဲ့ menstrual cups တွေက ယိုစိမ့်မှု မဖြစ်အောင် ကာကွယ်ပေးသလို ရေကူးတာလိုမျိုး အားကစားတွေကိုလည်း ယုံကြည်မှုရှိရှိ လုပ်ဆောင်လို့ ရစေပါတယ်။ Tampons နဲ့ pads တွေ သုံးတဲ့အခါ အမွှေးနံ့မပါတာကို ရွေးချယ်ပါ။ အမွှေးနံ့ထည့်ထားတာတွေက ယားယံဓာတ်မတည့်စေနိုင်သလို မိန်းမကိုယ်ရဲ့ pH balance ကိုလည်း ပျက်ပြားစေပါတယ်။
• နာကျင်ကိုက်ခဲတာတွေ သက်သာစေဖို့
ဗိုက်ကို ရေနွေးအိတ် သို့မဟုတ် ရေနွေးပုလင်း ကပ်တာက သွေးစီးဆင်းမှု ကောင်းစေသလို နာကျင်တာတွေ သက်သာစေပါတယ်။ ခါးကိုက်တာ သက်သာဖို့အတွက် ပက်လက်လှဲပြီး ဒူးအောက်မှာ ခေါင်းအုံးခံထားတာ ဖြစ်ဖြစ်၊ ဘေးစောင်းလှဲပြီး ဒူးကိုရင်ဘတ်ထိအောင် ကွေးထားတာ ဖြစ်ဖြစ် လုပ်လို့ရပါတယ်။လေ့ကျင့်ခန်း ပုံမှန်လုပ်တာကလည်း သွေးစီးဆင်းမှု ကောင်းစေပြီး နာကျင်မှုကို သက်သာစေပါတယ်။
အကိုက်အခဲပျောက်ဆေးအနေနဲ့ ibuprofen ပါတဲ့ အကိုက်အခဲပျောက်ဆေးကို ဓမ္မတာမလာခင်တစ်ရက် ကြိုသောက်တာ (ဓမ္မတာစက်ဝန်းမှန်ရင် ခန့်မှန်းလို့ ရသလို ရင်သားတင်းတာ၊ စိတ်အပြောင်းအလဲ ဖြစ်တာ စတဲ့ အကြိုလက္ခဏာတွေနဲ့လည်း မှန်းလို့ရပါတယ်) သို့မဟုတ် ဓမ္မတာ စလာလာချင်းမှာ သောက်တာက နာကျင်ကိုက်ခဲမှုတွေ သက်သာစေပါတယ်။
• တစ်ကိုယ်ရေ သန့်ရှင်းရေး
ဓမ္မတာလာစဉ်မှာ အရေးကြီးဆုံးက တစ်ကိုယ်ရေသန့်ရှင်းရေးပါပဲ။ ဓမ္မတာလာတာက ပုံမှန်ဖြစ်စဉ် တစ်ခုပဲမို့ လူမမာကြီးလို လုပ်နေဖို့ မလိုပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါမှ ရောဂါပိုးမဝင်ရောက်အောင် ကာကွယ်နိုင်ပြီး အနံ့အသက်လည်းကင်း၊ သက်တောင့်သက်သာလည်း ရှိပါလိမ့်မယ်။
– အိမ်သာမဝင်ခင်နဲ့ ဝင်ပြီးတိုင်း လက်ဆေးသင့်သလို ဓမ္မတာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။
– Menstrual cups ကို အသုံးပြုပြီးတိုင်း သေချာပြန်လည် ဆေးကြောပါ။ Menstrual cups, tampons နဲ့ pads တွေကို ပုံမှန်လဲလှယ်ပါ။ ပုံမှန်မလဲလှယ်ဘဲ ကြာရှည်အသုံးပြုပါက အစိုဓာတ်ကြောင့် ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို ပေါက်ဖွားစေပါလိမ့်မယ်။
– လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ ချည်ထည်ပွပွတွေ ရွေးချယ်ဝတ်ဆင်ပါ။
– ရေနဲ့အရည် များများသောက်တာက ဆီးလမ်းကြောင်းကို သန့်ရှင်းစေပြီး ပိုးမဝင်အောင် ကာကွယ်ပါလိမ့်မယ်။
– ဓမ္မတာစက်ဝန်း (menstrual cycle) ကို လစဉ်ရေးမှတ်ပါ။ ဒီလိုမှတ်တာက ကိုယ့်ရဲ့ ဓမ္မတာစက်ဝန်းက ပုံမှန်ဟုတ်မဟုတ် သိသာစေပါတယ်။
– အနံ့အသက်က ဆိုးလာတာ၊ ပုံမှန်မဟုတ်တဲ့ နာကျင်မှုရှိတာ၊ ဓမ္မတာမလာတာ သို့မဟုတ် ဓမ္မတာသွေးသွန်တာ ဆိုရင်တော့ မီးယပ်နဲ့သားဖွားဆရာဝန်နဲ့ ပြသဖို့ လိုပါလိမ့်မယ်။
ဓမ္မတာသွေးဆင်းတာဟာ အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတိုင်း သွေးမဆုံးခင်အထိ လစဉ် ကြုံတွေ့ရမယ့် ပုံမှန်ဖြစ်စဉ်မို့ အခုဖော်ပြထားတဲ့ အချက်တွေကို သတိထားမယ်ဆိုရင် လစဉ် ဓမ္မတာသွေးဆင်းချိန်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနိုင်ပါလိမ့်မယ်။
Author: Dr.Yee Mon