fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 12,425 Total Cases
😥 284 Deaths
😇 3,391 Recovered

အမျိုးသမီးတွေအတွက် မသိမဖြစ်ပြဿနာများ

အမျိုးသမီးတွေအတွက် မသိမဖြစ်ပြဿနာများ

အမျိုးသမီးများအနေနဲ့ ဖြူဖြူနီနီ ပြဿနာများဟာ အနည်းနှင့် အများမှာ ရှိတတ်ကြပါတယ်။ ဒီလို ပြဿနာတွေဟာ တစ်ခါတစ်လေ ပုံမှန်မှာလည်း ရှိတတ်ကြပေမယ့် တစ်ခါတစ်လေမှာတော့ ရောဂါကြောင့်ဖြစ်နေတတ်ပါတယ်။ အဖြူဆင်းခြင်းအများစုဟာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိပါတယ်။

များသောအားဖြင့် မ မျိုးဥ ကြွေနေတဲ့အချိန်တွေမှာ အဖြူဆင်းတတ်ပါတယ်။ အဖြူဆင်းတဲ့ ပုံစံဟာ အမျိုးမျိုးရှိနိုင်ပါတယ်။ ပျစ်တာလည်းရှိသလို ကျဲတာလည်း ရှိနိုင်ပါတယ်။ အရောင်ကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။

ဒါပေမယ့် အဖြူရောင်များပါတယ်။ အရောင်ပြောင်းတယ် မိန်းမကိုယ်မှာ ယားပြီးပူနေတယ် အများကြီးဆင်းတယ်ဆိုရင်တော့ မွေးလမ်းကြောင်းပိုးဝင်လို့ ဖြစ်နိုင်ပါတယ်။ အိမ်ထောင်သည်မှ မဟုတ်ပါဘူး အပျိုတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အိမ်ထောင်သည်တွေမှာတော့ ဖြစ်ဖို့ပိုများပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကိုယ်ခံအားနည်းရင်ပဲဖြစ်ဖြစ် အမျိုးသားဆီကနေတဆင့် ကူးစက်ခံရတာပဲဖြစ်ဖြစ် မသန့်ရှင်းတဲ့ အဝတ်အစားတွေကပဲဖြစ်ဖြစ် မိန်းမကိုယ်ကို သန့်ရှင်းတဲ့ ပုံစံမှားယွင်းနေရင်ပဲဖြစ်ဖြစ် ရတတ်ပါတယ်။

မှိုပိုးဝင်ခြင်း

များသောအားဖြင့် မှိုပိုးဟာ ပါးစပ်အတွင်းပိုင်းတွေ အစာခြေလမ်းကြောင်းတွေနဲ့ အရေပြားတွေမှာ ရှိတတ်ပါတယ်။ ဒါပေမယ့် ပုံမှန်အခြေအနေမှာ လူတွေကို ဒုက္ခပေးလေ့မရှိပါဘူး။ ကိုယ်ခံအားနည်းနေတဲ့အချိန်မှာတော့ မှိုပိုးဝင်ခြင်း လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ မိန်းမကိုယ်ယားခြင်း၊ ညအချိန်မှာ မိန်းမကိုယ်ပူခြင်းတွေ ၊ အတွင်းခံမှာ ဒိန်ချဉ်အဖတ်လို ဖြူဖြူကြီးတွေကိုလည်း တွေ့ရတတ်တယ်။

ဆီးသွားရင်မိန်းမကိုယ်မှာ ပူပြီးစပ်သွားတာမျိုး ၊ အမျိုးသားနဲ့အတူနေတဲ့အခါတွေမှာ ပူပြီးနာတာမျိုးတွေ ရှိတတ်ပါတယ်။ မိန်းမကိုယ်ဟာ နီပြီးရောင်နေတတ်တယ်။ အရမ်းအဖြစ်များတဲ့ ရောဂါတစ်ခုပါ။ မိန်းကလေး ၄ ယောက်မှာ ၃ ယောက်လောက် ဖြစ်ဖူးပါတယ်။ ကိုယ်ခံအားချို့တဲ့ရောဂါသည်တွေ ၊ စတီးရိုက်လိုဆေးမျိုးကို ကြာရှည်စွဲသောက်ရတဲ့ ရောဂါသည်တွေမှာ ခဏခဏ ဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေ ကိုယ်ဝန်သည်တွေမှာလည်း အဖြစ်များပါတယ်။

အချိုအစားများတဲ့သူတွေ စိတ်ဖိစီးနေတဲ့သူတွေနဲ့ အိပ်ရေးပျက်တတ်သူတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။ ကုသလို့ ရပါတယ်။ မှိုသတ်ဆေးသောက်ခြင်း ၊ လူးဆေးလူးခြင်းနဲ့ မိန်းမကိုယ်ထဲ ဆေးတောင့်ထည့်ခြင်း စတာတွေကို ပြုလုပ်လို့ရပါတယ်။ ဘယ်လိုကာကွယ်ကြမလဲဆိုရင်တော့ အာဟာရပြည့်ဝစွာ စားသုံးပေးပါ။ သက်တောင့်သက်သာရှိတဲ့ အတွင်းခံများ အဝတ်အစားများကို ဝတ်ပေးပါ။ အတွင်းခံများကို လျှော်ဖွတ်သန့်စင်တဲ့အခါမှာလည်း ဝတ်ထားတဲ့ဘက်ကို နေပူပူမှာ မျက်နှာမူလှန်းပေးပါ။ မီးပူတိုက်ပြီးမှ ဝတ်ပေးပါ။ အမျိုးသမီးသုံးပစ္စည်းတွေကိုလည်း မကြာခဏ လဲလှယ်ပေးသင့်ပါတယ်။

Lactobacillus ပါတဲ့ ဒိန်ချဉ်လို အစားအစာမျိုးတွေကို စားသုံးပေးပါ။ မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း လက်ကို အရှေ့ကနေ အနောက်သို့ သွားတဲ့ ပုံစံပဲ သန့်ရှင်းပေးပါ။ တင်းကြပ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ခြင်းမှရှောင်ပါ။ အမျိုးသမီးသုံး အမွှေးနံသာများကို ရှောင်ပါ။ အဝတ်စိုနဲ့ အချိန်ကြာစွာ မနေပါနဲ့။ မကြာခဏ ရေနွေးစိမ်ခြင်းမျိုးရှောင်ပါ။ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို ရေပန်းပိုက်နဲ့ အချိန်ကြာမြှင့်စွာ ဆေးကြောခြင်းမျိုး မလုပ်သင့်။ မှိုပိုးဝင်လာရင် ရှက်စရာမလိုပါဘူး။ နီးစပ်ရာ ဆရာဝန်တစ်ယောက်ယောက်နဲ့ တိုင်ပင်ပြီး သေချာကုသသင့်ပါတယ်။ နောက်မဖြစ်အောင်လည်း ရှောင်ရဆောင်ရမှာလေးတွေကို သေချာလိုက်နာသင့်တဲ့အကြောင်း တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။

Author; Dr. မေ

ဆက်စပ် ဆောင်းပါးများ