အူမကြီးကင်ဆာသည် ယနေ့အချိန်တွင်ဖြစ်ပွားမှု အမြင့်ဆုံးသို့ရောက်လာပြီဖြစ်သော ကင်ဆာတစ်မျိုး ဖြစ်သည်။ ညာဘက်ပိုင်းတွင်ဖြစ်သော အူမကင်ဆာမှာ အရွယ်အစားကြီးပြီး အနာအသွင်ဖြစ် လာတတ်သည်။ ဘယ်ဘက်အူမကြီးတွင်ဖြစ်ပါက ကင်ဆာသည်နံရံပတ်လည်တွင် ကြီးထွားလာပြီး အူလမ်းကြောင်းပိတ်ဆို့မှုကို ဖြစ်စေတတ်သည်။
လက္ခဏာများ
• ရောဂါဖြစ်စတွင် ဝေဒနာလက္ခဏာ တစ်စုံတစ်ရာမပြသဘဲရှိတတ်သည်။
• စအိုမှသွေးကျခြင်း၊
• ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဗိုက်နာခြင်း၊
• ဇာတ်မြစ်မမြင်ရဘဲ သွေးအားနည်းလာခြင်း၊
• နေ့စဉ်ဝမ်းသွားသည့် အမူအကျင့်ပြောင်းလဲခြင်း၊
• အကြောင်းဇာတ်မြစ်ရှင်းလင်းစွာ မမြင်ရဘဲ ကိုယ်အလေးချိန်ကျခြင်း၊
• ဝမ်းသွားပြီး အားမရသလိုခံစားရခြင်း၊
• ဝမ်းမကြာခဏသွားခြင်း၊
• ဝမ်းချုပ်ခြင်း၊
• ဝမ်း၌ သွေးနှင့်အကျိအချွဲများ ပါလာခြင်း၊
• နောက်ကျသောအဆင့်တွင် ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းဗိုက်ကယ် ဖောင်းလာခြင်း၊ ဝမ်းဗိုက်အတွင်း အဖုအကျိတ်အလုံးတွေ့ရခြင်း။ ရောဂါဖြစ်ရန် အန္တရာယ်ပိုသူများ
• မျိုးရိုးဗီဇရှိခြင်း၊ (မိသားစုရာဇဝင်ရှိခြင်း)
• အူမကြီး၌ အသားလုံးများ Polyps များရှိနေခြင်း၊
• အူမကြီးရောဂါအချို့ (Ulcerative colitis, Crohn’s disease)
• ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊
• အသားနီများ အလွန်အကျွံစားသုံးခြင်း၊
• အရက်အလွန်အကျွံသောက်သုံးခြင်း။ ရောဂါရှာဖွေစစ်ဆေးခြင်း
• စအိုတွင်း လက်နှိုက်စစ်ဆေးခြင်း၊
• ဝမ်း၌သာမန်မျက်စိနှင့် မမြင်နိုင်သော သွေးပါဝင်မှုစစ်ဆေးခြင်း၊
• မှန်ပြောင်းကြည့်စစ်ဆေးခြင်း၊
• အသားစရယူ၍ ရောဂါရှာဖွေခြင်း၊
• ဘေရီယမ် Barium ဆေးသွင်း၍ ဓာတ်မှန်ရိုက်ခြင်း။ ကင်ဆာရောဂါအခြေအနေ အဆင့်ဆင့် အူမကြီးနှင့် ဝမ်းဟောင်းအိမ်ကင်ဆာ (Colorectal) ကင်ဆာကို Dukes A,B,C,D ဟူ၍ အဆင့်လေးဆင့် ခွဲထားပါသည်။ Dukes A – ၏အဆင့်တွင်ကင်ဆာသည် အတွင်းဆုံးအလွှာအတွင်း ပျံ့နှံ့တည်ရှိနေသော်လည်း အူမကြီး၏ ကြွက်သားအလွှာအထိ ထိုးဖောက်ရောက်ရှိခြင်း မရှိသေးပေ။ Dukes B – ကင်ဆာရောဂါသည် အူမကြီး၏ ကြွက်သားလွှာအထိ ရောက်ရှိပြီဖြစ်သော်လည်း လင့်ကျိတ်များ Lymph nodes သို့ပျံ့နှံ့ရောက်ရှိခြင်း မရှိသေးသောအဆင့်ဖြစ်သည်။ Dukes C – ကင်ဆာသည် အနီး (သို့မဟုတ်) အဝေးရှိ လင့်ကျိတ်များသို့ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်သော အဆင့်ဖြစ်သည်။ Dukes D – ဤအဆင့်တွင် ကင်ဆာရောဂါသည် ခန္ဓာကိုယ်အခြားနေရာများရှိ အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။ ကုသခြင်း အူမကြီးကင်ဆာကို ခွဲစိတ်ကုသခြင်းဖြင့် အဓိက ကုသမှုပေးကြသည်။ ဝေဒနာသက်သာရုံခွဲစိတ်ခြင်း Palliative Surgery နှင့် ရောဂါပျောက်ကင်းအောင် ခွဲစိတ်ကုသခြင်း Curative Surgery နှစ်မျိုးရှိသည်။ တချို့လူနာများတွင် ခွဲစိတ်ပြီး ဆေးဝါးဖြင့်ကုသခြင်းနှင့် ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့ လိုအပ်နိုင်ပါသည်။
AUTHOR – ဒေါက်တာဇာနည်