ကျန်းမာပြီး ဉာဏ်ရည်ပြည့်ဝတဲ့ ကလေးငယ်တွေ မွေးဖွားနိုင်ဖို့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အချိန်ဟာ အဓိက အရေးကြီးဆုံးဖြစ်တယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကောက်ယူထားတဲ့ စစ်တမ်းအရ (၁၉၉၃ – ၂၀၀၅)မှာ သံဓာတ်အားနည်းရောဂါ (၆၃ ဒဿမ ၂၂) ရာခိုင်နှုန်းရှိပြီး၊ ၂၀၁၁ မှာ (၃၉ ဒဿမ ၃) ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်။ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါဖြစ်တဲ့ မိခင်တွေရဲ့ ပြဿနာက ကြီးမားတဲ့ကျန်းမာရေးပဲဖြစ်တယ်။
သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဟာ မြေပြန့်မှာ ပိုဖြစ်ပြီး၊ ကမ်းခြေဒေသတွေမှာ အဖြစ်များတယ်။ ကျေးလက်ကိုယ်ဝန်သည်တွေမှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ပိုဖြစ်တယ်။ သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါဟာ အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန် ကတည်းကဖြစ်နေတတ်တယ်။ အာဟာရမျှတအောင် မစားလို့ ဖြစ်နိုင်တယ်။ ကိုယ်ခန္ဓာမှာ သံဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူမှုအားနည်းတဲ့ ရောဂါတွေဖြစ်နိုင်တယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းလို့ သန်ကောင်ဖြစ်ပွားရင် သံဓာတ်ချို့ယွင်းမှုကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ ဖြစ်ပွားနိုင်တယ်။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်ပွားမှုပိုများတာကို တွေ့ရတယ်။ ကလေးတွေမှာ သည်လောက်မဖြစ်ဘူး။ အစားအသောက် ပတ်ဝန်းကျင် အခြေအနေ၊ သန့်ရှင်းမှုမရှိတဲ့ ပတ်ဝန်းကျင်၊ အစားအသောက်ကနေ ရောဂါပိုးတွေ ဥပမာ – သန်လုံးကောင်ဥတွေကြောင့် သန်ရောဂါထရင် သွေးအားနည်းရောဂါဖြစ်တတ်တယ်။
ကိုယ်ဝန်ဆောင်မိခင်တွေ သံဓာတ်ချို့ယွင်းရင် စစချင်း လက္ခဏာမပြဘဲ ရှိတတ်တယ်။ မလှုပ်ချင်၊ မကိုင်ချင် ဖြစ်တယ်။ အလိုလိုနေရင်း မောပန်းမယ်။ အချို့က ရင်တုန်မယ်။ အချို့က ခေါင်းခဏခဏကိုက်လို့ မစားနိုင် မသောက်နိုင်တဲ့ လက္ခဏာတွေရှိတယ်။ အရမ်းသွေးအားနည်းရင် နှလုံးကိုထိခိုက်ပြီး နှလုံးရောဂါ၊ နှလုံးအလုပ်မလုပ်တဲ့ရောဂါနဲ့ အသက်ဆုံးရှုံးသွားနိုင်ပါတယ်။
ကိုယ်ဝန်သည်ဘဝမှာ သံဓာတ်ချို့တဲ့လို့ ကလေးတွေအပေါ် အကျိုးသက်ရောက်မှု များစွာရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်က သူ့ကျန်းမာရေးအတွက် သံဓာတ်လိုအပ်သလို၊သူလွယ်ထားတဲ့ သန္ဓေသားအတွက်ပါ သံဓာတ်လိုပါတယ်။ သံဓာတ်က ကလေးကြီးထွားဖို့အတွက် ကလေးရဲ့အချင်း ဖွံ့ဖြိုးဖို့အတွက်လိုတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က သွေးအားနည်းရောဂါဖြစ်ပွားပြီး မကုပဲထားရင် မိခင်ရဲ့ဝမ်းထဲမှာ ကလေးရဲ့ ကြီးထွားမှုနှုန်း နည်းသွားမယ်။ စောစီးစွာမွေးတာ၊ ပေါင်မပြည့်၊ လမစေ့မွေးတာ ဖြစ်နိုင်တယ်။ အမေ့ဗိုက်ထဲမှာ သံဓာတ် ပြည့်ပြည့်ဝဝမရရင် ကလေးက သွေးအားနည်းရောဂါ ဖြစ်ပွားလာမယ်။ အခြားကလေးတွေထက်စာရင် ဉာဏ်ရည်ဖွံ့ဖြိုးမှုနည်းတဲ့ အခြေအနေတွေ ဖြစ်နိုင်တယ်။ ခံနိုင်ရည် နည်းတယ်။
လူ့ခန္ဓာကိုယ်မှာ သွေးနီဥ ဖွဲ့စည်းတည်ဆောက်ရာမှာ သံဓာတ်က အရေးပါတယ်။ သွေးနီဥတွေဟာ ဟေမိုဂလိုဘင် (Haemoglobin) ရောင်ခြယ်ဆေးရဲ့ မရှိမဖြစ်ပါဝင်ပစ္စည်းတစ်ခုဖြစ်တယ်။ ဟေမိုဂလိုဘင်က ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေဆီ အောက်ဆီဂျင် သယ်ဆောင်သွားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ထုတ်တယ်။ မိုင်ရိုဂလိုဘင် (Myoglobin) ခေါ်တဲ့ ရောင်ခြယ်ဆေးတစ်မျိုး ဖွဲ့စည်းမှုနဲ့လည်း သံဓာတ်က ဆက်စပ်နေတယ်။ လေ့ကျင့်ခန်းပြုလုပ်ချိန်မှာ အသုံးပြုမယ့် အောက်ဆီဂျင်ကို မိုင်ရိုဂလိုဘင်ကြွက်သားတွေထဲမှာ သိုလှောင်ပေးထားတယ်။ သံဓာတ်က အချို့အင်ဇိုင်းတွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလည်း ဖြစ်စေတယ်။ ဆဲလ်တွေရဲ့ အောက်ဆီဂျင် သွင်းယူမှုကို အင်ဇိုင်းတွေက ဆောင်ရွက်ပေးပြီး သွေးထဲက သကြားကို စွမ်းအင်အဖြစ် ပြောင်းပေးတယ်။
ပရိုတင်း၊ သံဓာတ်နဲ့ ဗီတာမင်ဘီတွဲ (B ) တို့ပါဝင်တဲ့ ခန္ဓာကိုယ်ရဲ့ ရိုးတွင်းချဉ်ဆီကနေ သွေးနီဥ ထုတ်ပေးတယ်။ သွေးနီဥ အသစ်တွေ ထုတ်လုပ်ခြင်းနဲ့ သရက်ရွက်ထဲက သွေးဆဲလ်အဟောင်းတွေ ပျက်စီးခြင်းဟာ ညီမျှနေတယ်။ သံဓာတ် အရမ်းနည်းလွန်းရင် သံဓာတ် ဆုံးရှုံးမှုသိပ်များလွန်းရင်၊ သွေးနီဥအသစ်နဲ့ သွေးဆဲလ် အဟောင်းတွေရဲ့မျှခြေက ပျက်စီးလာတတ်တယ်။
Author: Dr. လွင်သန့်, Healthcare Journal, vol 8, no 32 (25.8.17)