၁။ ဆရာ အမျိုးသားပါ။ အသက် ၂ဝ၊ လူပျိုပါ။ ခဏခဏ ဆီးအောင့်ပါတယ်။ ဆီခုံလည်းအောင့်ပါတယ်ဆရာ။ ဘယ်လို ဆေးမျိုးသောက်ပြီး ဘယ်လိုလုပ်သင့်ပါလည်း။ ခဏခဏဖြစ်လို့ပါ။
၂။ ကျွန်မအသက် ၃၇ အိမ်ထောင်ရှိပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာက လင်ယောက်ျားပွေရှုပ်လို့ ပါလားရှင့် သိပါရစေ။ ကျွန်မဆီးလမ်းကြောင်း ပိုးဝင်ပါတယ်။ ဆီးထဲက သွေးတွေလဲသွားပါတယ်။ သွေးဖတ်လေးတွေလဲပါပါတယ်။ အောင့်လဲအောင့်ပါတယ်။
ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ဆီးထွက်ပြွန်၊ ဆီးအိမ်နဲ့ ဆီးသွားပြွန် တနေရာရာမှာ ရောဂါပိုးဝင်တာခံကြရတယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်းကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက် သွားနိုင်တယ်။ ဒါဆိုရင် ဆိုးတယ်။
ဆီးအိမ်ပိုးဝင်ခြင်းလက္ခဏာများ
ဆီးသွားတိုင်း ပူပြီးနာမယ်။ ဆီးခဏခဏသွားချင်စိတ် ဖြစ်နေမယ်။ ဆီးစပ်၊ ဗိုက်အောက်ပိုင်းနေရာက နာမယ်။ ဆီးထဲ အနယ်ပါမယ်။ ဆီးနံ့ ဆိုးတယ်။ ဆီးထဲ သွေးလဲ ပါတတ်တယ်။
ကျောက်ကပ်ရောင်ခြင်း လက္ခဏာများ
ကျောက်ကပ်တည်ရာ နောက်ကျော ဘယ်-ညာ ဖြစ်တဲ့ဘက်မှာနာမယ်။ ကိုယ်ပူမယ်။ ချမ်းမယ်။ ပျို့ချင်-အန်ချင် မယ်။ ဆီးစပ်မှ ပိုး (ပြည်ဆဲလ်) တွေ့ ပြီး ရောဂါလက္ခဏာတွေ မခံစားရတာလဲ ရှိတယ်။ ကိုယ်ဝန်ရှိနေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလဲ ဆေးကုရမယ်။ တိတ်တိတ်လေး နောက်ဆက် ဖြစ်စေနိုင်တာတွေ ရှိတယ်။ ဆီးအိမ်ကနေ ကျောက်ကပ်ဆီ ရောက်နိုင်တယ်။ တစ်ဖက်ထဲဖြစ်ဖြစ် နှစ်ဖက်စလုံးဖြစ်ဖြစ် ပိုးဝင်တာခံရမယ်။ ကျောက်ကပ်ကို အလုပ်ဆက်မလုပ်နိုင်စေတာအထိ ဖြစ်လာနိုင်တယ်။ အစကတည်းက ကျောက်ကပ် သိပ်မကောင်းသူဆိုရင် ပိုဆိုးစေမယ်။ ရှားရှားပါးပါး ပိုးကသွေးထဲရောက်ရင် တခြား နေရာတွေအထိ ပိုးရောက်ကုန်မယ်။
ဘယ်ကနေစသလဲ
အူတွေထဲမှာနဲ့ မျိုးပွားလမ်းကြောင်းထဲမှာ ဗက်တီးရီးယားတွေ ရှိနေကြတယ်။ တကယ်တော့ ဆီးဆိုတာ မကောင်းပေမဲ့ ကျန်းမာနေရင် ပိုးတွေရှိမနေပါ။ E. coli ပိုးကနေ ဖြစ်တာများတယ်။ အမှတ်မထင် ရောက်လာတယ်လို့ ပြောရမယ်။ ဆီးလမ်းအဝကနေ အထက်တက်မယ်။ အမျိုးသမီးတွေက ဆီးသွားလမ်းတိုကြလို့ ပိုးအဖြစ် များကြတယ်။
လိင်ကတဆင့် ကူးစက်ရောဂါတွေ = (ကလာမိုင်ဒီယား)၊ (ဂနိုရီးယား)၊ (ထရွီင်ကိုမိုးနပ်စ်)၊
ဖြစ်နိုင်ခြေများသူတွေ
အမျိုးသမီးများ ၊ လိင်ဆက်ဆံမှုဖြစ်နေသူ အမျိုးသမီးများ၊ ရေ-အရည်သောက်နည်းသူများ ရေစိမ်ပြီး ခဏခဏ ချိုးသူများ၊ ဆီးသွားချင်ပေမဲ့ မသွားသေးဘဲ အောင့်ထားသူများ၊ ကျောက်ကပ်မှာ ကျောက်ရှိနေသူများ။
ဆရာဝန်ပြဘို့ မလွဲမသွေလိုသူတွေ
ကိုယ်ဝန်ဆောင်၊ အသက်ကြီးသူ၊ ဆီးချိုရှိသူ၊ ကျောက်ကပ်ရောဂါရှိထားသူ၊ ခုခံအားမကောင်းသူ။
ရောဂါသေချာအောင်လုပ်ခြင်း
ဆီးစစ်ခြင်း၊ ဘက်တီးရီးယားတွေ ပါနေ-မနေ စစ်မယ်။ ဆီးထဲမှာ သွေးဖြူဥနဲ့ သွေးနီဥတွေကိုလဲ ရေတွက်မယ်။ ဘက်တီးရီးယားအမျိုးအစားလဲခွဲဖို့ လိုရင်လုပ်တယ်။
ဆီးလမ်းပိုးဝင်တာနဲ့ ဆီးချို
ပိုအဖြစ်များတယ်။ ခုခံအားလဲနည်းနေတာရယ် သကြားဓါတ်ကြောင့် ပိုးတွေပါပြီး ပွားလွယ်တာရယ်ကြောင့် ဖြစ်နိုင်တယ်။ ဆီးအိမ်သွား၊ အာရုံကြောလဲ သိပ်မကောင်းနေတာကြောင့်လဲ ဖြစ်နိုင်တယ်။
ယောကျာ်းတွေ ဆီးအောင့်ခြင်း
အဖြစ်နည်းတယ်။ ဖြစ်ရင်ကျန်းမာရေးအခြေအနေတစ်ခုခု ရှိနေနိုင်တယ်။ ဥပမာ ကျောက်ကပ် – ကျောက်၊ ဆီး အကျိတ်ကြီးနေခြင်း၊ လိင်ကတဆင့် ကူးစက်ရောဂါ။
မင်္ဂလာဦးဆီးအောင့်ခြင်း
အဖြစ်များတယ်။ လိင်ဆက်ဆံမှုကြောင့် ဘက်တီးရီးယားတွေကို နေရာပြောင်းပို့ပေးသလို ဖြစ်စေတယ်။ တကယ် တော့ မင်္ဂလာဦးမှသာဖြစ်တာ မဟုတ်ပါ။ အိမ်ထောင်မပြုသေးဘဲ ဆက်ဆံမှုစပြုသူတွေလဲ ဖြစ်သလို ကလေးအမေ ဖြစ်ပြီး မှလဲ ဖြစ်တယ်။ ကိုယ်ဝန်တားဘို့သုံးရတဲ့ သားအိမ်ဝအဖုံးသုံးသူတွေလဲ ဖြစ်နိုင်တယ်။
Author: ဒေါက်တာတင့်ဆွေ, Healthcare Journal, vol 8,no 34 (8.9.17)