ကိုယ်ဝန်ဆောင်မိခင်များသည် မိမိအတွက်သာမက ဝမ်းဗိုက်အတွင်းမှ သန္ဓေသားအတွက်ပါ ရည်ရွယ်၍ အာဟာရဓာတ်ကို နှစ်ယောက်စာ စားပေးရပါမည်။ သာမန်အမျိုးသမီးများထက် ပိုမိုစားသောက်ရန် လိုအပ်ပါသည်။ အစားရှောင်ရန် မလိုအပ်ပါ။ သာမန်အချိန်ထက် ထမင်းဟင်း တနပ်ပို၍ စားသောက်ရပါမည်။ အသား၊ ငါး၊ ဥ၊ နို့၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို နေ့စဉ်စားသုံးရပါမည်။
၁။ ကိုယ်ဝန်ဆောင်စဉ် အာဟာရမလုံလောက်ခြင်း၏ ဆိုးကျိုး
ကိုယ်ဝန်ဆောင်မိခင်များသည် အာဟာရကို လုံလောက်စွာ စားသောက်ရပါမည်။ လုံလောက်စွာ မစားသုံးပါက အာဟာရချို့တဲ့ခြင်းကို ခံစားရပါမည်။ ရောဂါထူပြောလာပြီး အားနည်းလာပါမည်။ မိခင်အသေပျောက်များပြီး အန္တရာယ်ပိုမို တွေ့ ကြုံနိုင်ပါသည်။ ကိုယ်အလေးချိန် မပြည့်သော ကလေးမွေးနိုင်ပါသည်။ ကလေးသေပျောက်နှုန်းများ တတ်ပါသည်။
၂။ ကိုယ်ဝန်ဆောင်စဉ် စားသောက်ရမည့် အာဟာရ (၃)မျိုး
ကိုယ်ဝန်ဆောင်စဉ် အစားရှောင်စရာမလိုပါ။ အစာအုပ်စု သုံးမျိုး (အင်အားဖြစ်စေသော အစားအစာများ၊ ခန္ဓာ ကိုယ် ကြီးထွားဖွံ့ ဖြိုးစေသော အစားအစာများနှင့် ရောဂါကာကွယ်စေသော အစားအစာများ) စုံအောင် စားသောက်ရပါမည်။
၃။ ကိုယ်ဝန်ဆောင်စဉ်ပို၍ လိုအပ်သော အာဟာရဓာတ်များ
ကိုယ်ဝန်ဆောင်စဉ် အင်အားဓာတ် (ကယ်လိုရီ)၊ သွေးအားကောင်းစေသောသံဓာတ်၊ သန္ဓေသားကြီးထွားစေ သော အသားဓာတ် (ပရိုတင်း)၊ သန္ဓေသား၏ အရိုးများ၊ သွားများ တည်ဆောက်ရန် ကယ်လ်စီယမ်ဓာတ် (ထုံးဓာတ်)၊ သန္ဓေသား ဦးနှောက်ဖွံ့ ဖြိုးမှုအတွက် အိုင်အိုဒင်းဓာတ်၊ ဗီတာမင်အေ၊ ဖောလစ်အက်ဆစ်စသည့် ဗီတာမင်အမျိုးမျိုး လိုအပ် ပါသည်။
၄။ ကိုယ်ဝန်ဆောင်စဉ်ပို၍ စားရမည့်အစားအစာ
ကိုယ်ဝန်ဆောင်စဉ် အင်အားဓာတ် (ကယ်လိုရီ) ပိုမိုရရှိစေရန် ထမင်းတစ်နပ်ပို၍ စားနိုင်ပါက ကောင်းပါတယ်။ ထမင်းပို၍ စားရပါမည်။ ဆီအနည်းငယ်ပို၍ စားရပါမည်။
ပရိုတင်းဓာတ်ပို၍ ရရှိစေရန် ပဲအမျိုးမျိုးကိုပို၍ စားသုံးရပါမည်။ အသား၊ ငါး၊ ဥအမျိုးမျိုး၊ နို့အမျိုးကို တတ်နိုင်သမျှ စားသုံးရပါမည်။
သံဓာတ်ရရှိစေရန် အသားအမျိုးမျိုး၊ အသည်းနှင့် ပဲအမျိုးမျိုး စားသုံးရပါမည်။
ထုံးဓာတ်ရရှိစေရန် နွားနို့၊ ကျွဲနို့၊ စသည့် နို့အမျိုးမျိုး၊ အရွက်ဖားဖားဟင်းရွက်စိမ်းများ စားသုံးရပါမည်။
အိုင်အိုဒင်းဓာတ် အလုံအလောက်ရရှိစေရန် အိုင်အိုဒင်းဆားကို စားသုံးရပါမည်။
အခြားဗီတာမင်နှင့် သတ္တုဓာတ်များ ပို၍ရရှိစေရန် အသီးအနှံအမျိုးမျိုးကို နေ့စဉ်စားသုံးသင့်သည်။ အစိမ်းရင့်ရောင် ဟင်းရွက်များပို၍ စားသုံးရပါမည်။
၅။ ကိုယ်ဝန်ဆောင်မိခင်လောင်းများ ဆောင်ရန်အချက်
ကိုယ်ဝန်ဆောင် မိခင်လောင်းများသည် လမ်းလျှောက်ရပါမည်။ မိမိနှင့် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုပြုလုပ်ရပါမည်။ ကိုယ်ဝန်ရင့်လာချိန်တွင် လုံလောက်စွာ အနားယူရပါမည်။ ကိုယ်ဝန်ရှိမှန်း သိချိန်မှစ၍ သံဓာတ်နှင့် ဖောလစ်အက်ဆစ်ပါသော ဆေးပြားကို တစ်နေ့တစ်လုံးမှန်မှန် သောက်ရပါမည်။ ကိုယ်ဝန်စမ်းသပ်ရန် သွားတိုင်း ကိုယ် အလေးချိန် ပုံမှန်တိုးတက်မှုရှိမရှိ စစ်ဆေးရပါသည်။
၆။ ကိုယ်ဝန်ဆောင်မိခင်လောင်းများ ရှောင်ရန်အချက်
ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်မသောက်ရပါ။ သူတစ်ပါးသောက်သည့် ဆေးလိပ်မီးခိုငွေ့ကို မရှူမိစေအောင် ဂရုစိုက်ရမည်။ အထူူးသဖြင့် ကိုယ်ဝန်ရင့်ချိန်တွင် ပင်ပန်းသောအလုပ်များ မလုပ်ပါနှင့်။ ဆရာဝန် မညွှန်ကြားဘဲ အခြား မည်သည့်ဆေးမျှ မိမိသဘောနှင့် မိမိမသောက်သုံးသင့်ပါ။ လက်ဖက်ရည် အချို၊ လက်ဖက်ရည်ကြမ်းနှင့် လက်ဖက်တို့သည် သံဓာတ်စုပ်ယူမှုကို ဟန့်တားသဖြင့် အစာနှင့် အနည်ဆုံး (၂)နာရီခြားပြီးမှ သုံးဆောင်ရပါမည်။
၇။ အကြံပြုချက်
ကိုယ်ဝန်စောင့်ရှောက်မှု ခံယူရပါမည်။ ကိုယ်ဝန်ရှိသည်နှင့် ကျန်းမာရေးဌာနတွင် စောနိုင်သမျှစောစော ကိုယ်ဝန် အပ်နှံ၍ စောင့်ရှောက်မှုခံယူရပါမည်။ ကိုယ်ဝန်ဆောင်မိခင်သည် သံဓာတ်ဆေးပြားကို တစ်နေ့တစ်လုံး မှန်မှန်သောက်သင့် ပါသည်။ ကိုယ်ဝန်သုံးလကျော်လျှင် သန်ချဆေး တစ်ကြိမ်သောက်ရန် လိုအပ်ပြီး မီးမဖွားမီ တစ်လအလိုတွင် ဗီတာမင်ဘီ ဝမ်းအားဆေး နေ့စဉ်သောက်ရပါမည်။
Author: ဒေါက်တာမင်းသူရိန်, Healthcare Journal, vol 8,no 34 (8.9.17)