ဗိုုက္ထဲကိုု ဆံပင္ခ်ည္ေတြေရာက္ေနတဲ့ေရာဂါ
႐ြာမွာဆို ဂ်မ္းပုံက ကြမ္းေတာင္ကိုင္ ပန္းေတာင္ကိုင္ အလွပေဂးတစ္ေယာက္ေပါ့။ သူေခ်ာလွသေလာက္ သူ႔ကို ဝိုင္းလိုက္ေနၾကတဲ့ ကာလသားေတြကလည္း တစ္ပုံတစ္ပင္ပဲ။ သူကေတာ့ သမီးလိမၼာေလးပါ။ အေမက ရည္းစားမထားရဘူး၊ ကာလသားေတြနဲ႔ ရႈတ္ရႈတ္ယွက္ယွက္ မလုပ္ရဘူးမွာထားေတာ့ ဘယ္သူမွ ရည္းစားမထားဘူး။ ေတြ႕သမွ်လူ အကုန္ျငင္းေတာ့တာပဲ။ ဒါေတာင္ ကာလသားေတြက သူမွသူ။ ဒီေတာ့ ႐ြာထဲက တျခား ပ်ိဳျဖဴေတြကလည္း သူ႔ကို မနာလို မုန္းတီးေတြ ျဖစ္ၾကတာေပါ့။
တစ္ေန႔ေတာ့ ဂ်မ္းပုံတစ္ေယာက္ ကိုယ္လက္မအီမသာ ျဖစ္ပါေလေရာ။ ေလေတြပဲ ပြေနသလို ၊ ဗိုက္ႀကီးပဲ ေဖာင္းေနသလိုနဲ႔။ သူမ်ား ဘာအစားမွားလည္း စဥ္းစားရင္း အေျဖရွာမရျဖစ္ေနတာေပါ့။ ေနာက္က် တျဖည္းျဖည္းနဲ႔ ရာသီလာတာေတြလည္းမမွန္ ၊ ပ်ိဳ႕တာ အန္တာေတြ ျဖစ္လာပါေလေရာ။ အရပ္ထဲမွာလည္း ဂ်မ္းပုံတစ္ေယာက္ လင္ေကာင္မေဖာ္ဘဲ ကေလးရေနပါတယ္ နာမည္ေတြကေက်ာ္လို႔။ ဒီေတာ့ ဂ်မ္းပုံအေမ ၾကမ္းၿပီေလ။ ညည္းရည္းစား ဘယ္သူလည္း မွန္မွန္ေျပာစမ္း ၊ သူက ညည္းကို ထားခဲ့တာလား ၊ အေမ့ကို ေျပာစမ္းပါ သမီးရယ္ဆိုၿပီး ေခ်ာ့တစ္ခါ ေျခာက္တစ္လွည့္နဲ႔ စစ္ေမးေတာ့တာပဲ။
ဂ်မ္းပုံလည္း အေမရယ္ သမီး ရည္းစားလည္း မရွိပါဘူး။ ဘယ္သူနဲ႔မွလည္း မျဖစ္ခဲ့ပါဘူး။ ဘုရားေပးေပး က်မ္းေပးေပးပါ အေမရယ္ဆိုလည္း ဂ်မ္းပုံအေမႀကီးက မယုံဘူး။ သူမယုံလည္း မယုံစရာပဲေလ။ ဂ်မ္းပုံရဲ႕ ဗိုက္ကလည္း တျဖည္းျဖည္း ပူပူလာတာကိုး။ ေနာက္ဆုံး ေခ်ာ့ေမး ေျခာက္ေမးမရေတာ့ ႐ိုက္ႏွက္ၿပီး ေမးေတာ့တာပါပဲ။ အရပ္ထဲမွာ အတင္းေတြကလည္း နားနဲ႔ မဆန႔္ေအာင္ျဖစ္ေနေတာ့ ဂ်မ္းပုံတို႔ မိသားစုေတြ အျပင္ေတာင္ မထြက္ရဲရွာဘူး။ ဆရာဝန္လည္း မျပရဲ။
ဂ်မ္းပုံအေမ ခမ်ာလည္း ဂ်မ္းပုံကိုၾကည့္ၿပီး ဒါေတာ့ ဗိုက္ႀကီးနာ စြဲေနတာပါေအ။ ဆီးလည္း ခဏခဏသြားတယ္။ ဝမ္းလည္း ခ်ဳပ္တယ္ဆိုေတာ့ ငါညည္းကို ကိုယ္ဝန္လြယ္ထား ရတုန္းကလို ပါပဲေအ ဆိုၿပီး တစ္ေန႔တစ္ေန႔ ဂ်မ္းပုံကို ေခ်ာ့လိုက္ေျခာက္လိုက္နဲ႔ပဲ ေမးေနေတာ့တာပါပဲ။ ဂ်မ္းပုံလည္း ဘယ္လိုျငင္းျငင္း ျငင္းလို႔ကို မရတဲ့အဆုံး မိဘေတြနဲ႔ေတာင္ ခပ္ေရွာင္ေရွာင္ပဲ ေနေတာ့တယ္။
သူကိုယ္တိုင္လည္း စဥ္းစားလို႔မရ။ သူလည္း ဘာမွ မျဖစ္ခဲ့ဘဲနဲ႔ ဗိုက္က်ေတာ့လည္း ကိုယ္ဝန္ ၆ လေလာက္ရွိတဲ့ ဗိုက္ပုံမ်ိဳး ရာသီက်ေတာ့လည္း လုံးလုံးမဆင္းေတာ့တာမ်ိဳးမဟုတ္ေပမယ့္ ဆင္းခ်င္သလိုေတြ ဆင္းလို႔။ ဆီးစပ္ေတြ ေပါင္ေတြ ခါးေတြလည္း နာေသးတယ္။ ကိုယ္အေလးခ်ိန္ကလည္း တျဖည္းျဖည္းတက္တက္လာေတာ့ သူမ်ား တကယ္ကိုယ္ဝန္ရွိတာလားေပါ့။ ဘယ္က ဘယ္လို ျဖစ္သြားတာ စဥ္းစားမရ ျဖစ္ေနခဲ့တယ္။
တစ္ေန႔ေတာ့ ဂ်မ္းပုံတစ္ေယာက္ ဗိုက္ထဲက မခံမရပ္ႏိုင္ေအာင္ ေအာင့္လာပါေတာ့တယ္။ ဘယ္ေလာက္ပဲ စိတ္တိုေဒါသေတြ ထြက္ေပမယ့္ တစ္ဦးတည္းေသာ သမီးေလးဆိုေတာ့လည္း ကေလးေမြးေတာ့မယ္ဆိုၿပီး ဂ်မ္းပုံအေဖအေမေတြလည္း ဂ်မ္းပုံကိုေခၚၿပီး ေဆး႐ုံကို ေျပးၾကပါေလေရာ။ ေဆး႐ုံမွာ ဆရာဝန္က စမ္းသပ္စစ္ေဆးမႈေတြ လုပ္ၿပီး ခြဲစိတ္ရမယ္ဆိုေတာ့လည္း ဘုရားေတြေရာ သၾကားေတြေရာ စုံေနေအာင္ ဆုေတာင္းေနရေတာ့တာေပါ့။ ခြဲစိတ္ၿပီး ထြက္လာတဲ့အေျဖက ေရအိတ္ဆိုလား ေပါက္တာတဲ့။ ကိုယ္ဝန္မဟုတ္ဘူးတဲ့။ အဲဒီေတာ့မွ သမီးေလးကို အျပစ္ေတြတင္မိတာ မွားပါၿပီဆိုၿပီး စိတ္မေကာင္းေတြ ျဖစ္လို႔။
ၿပီးေတာ့ သူတို႔ စိတ္ဝင္စားတာတစ္ခုက သူတို႔သမီးရဲ႕ ဗိုက္ထဲက ဆံပင္ခ်ည္ေတြ သြားေတြ အ႐ိုးေတြ ထြက္လာတဲ့ ကိစၥပဲ။ ႐ြာဆိုေတာ့လည္း ဒီသတင္းေတြက ျပန႔္ၿပီးသားေပါ့။ ဟယ္ ဂ်မ္းပုံတစ္ေယာက္ေတာ့ ေအာက္လမ္းအတိုက္ခံရလို႔ဟဲ့။ ဗိုက္ထဲမွာ ဆံပင္ခ်ည္ေတြ ေရာက္ေနတယ္တဲ့။ သူစားတဲ့အစားထဲကို ဟိုက ျပဳစားထားတဲ့ ဆံပင္ထည့္လိုက္လို႔ ေနမွာေပါ့။ ေအး အဲဒါ သူ႔ကို မနာလိုျဖစ္ေနတဲ့ ဘယ္သူျဖစ္မယ္ ဘယ္ဝါျဖစ္မယ္ ဘာညာနဲ႔ေပါ့။ ဂ်မ္းပုံလည္း အေဖအေမေတြ လူနာသတင္းလာေမးတဲ့သူေတြဆီက သတင္းေတြ ၾကားၾကားေနရတယ္။ တခ်ိဳ႕ဆို ဟဲ့ နင့္ကို ျပဳစားတာေလ ဘယ္သူထင္တယ္ဟဲ့ ဆိုၿပီး ေျပာတဲ့သူေတာင္ပါေသးတယ္။
ဂ်မ္းပုံရဲ႕ စိတ္ထဲမွာ အျပစ္မဲ့တဲ့ လူတစ္ေယာက္ေတာ့ ငါ့လိုအစြပ္စြဲေတြ ခံေနရေတာ့မွာပဲဆိုၿပီး ေတြးမိတယ္။ ဒီေတာ့ ခြဲစိတ္ေပးတဲ့ ဆရာဝန္ကို ေၾကာက္ေပမယ့္ အရဲစြန႔္ေမးမွျဖစ္မယ္ဆိုၿပီး ဆုံးျဖတ္လိုက္တယ္။ ေနာက္ေန႔ ဆရာဝန္ႀကီး လူနာၾကည့္ခ်ိန္ေရာက္ေတာ့ ဒီကိစၥကို ေမးပါေလေရာ။ ဆရာဝန္ႀကီးကလည္း ဂ်မ္းပုံေမးသမွ်ကို စိတ္ရွည္ရွည္ေျဖေပးသြားတယ္။ ဂ်မ္းပုံလည္း ေနျပန္ေကာင္းသြားေတာ့ ႐ြာကို ျပန္ခ်ိန္ေရာက္လာတယ္။
႐ြာမွာ ဗိုက္ထဲက သြားေတြ ဆံပင္ေတြထြက္လာတဲ့ သတင္းကို လာေမးတဲ့သူတိုင္းကို ေျပာျပေနမိတာေတြက ဒီေရာဂါဟာ Dermoid cyst လို႔ေခၚေၾကာင္း ၊ သားဥအိမ္မွာ ျဖစ္တဲ့ ေရအိတ္တစ္ခုျဖစ္ေၾကာင္း ၊ သူ႔လို ဆံပင္ေတြ သြားေတြ ပါတာအျပင္ လက္သည္းေတြ အဆီဖတ္ေတြ ပါတာေတြလည္း ရွိေၾကာင္း ၊ အိမ္ေထာင္ရွိတဲ့သူေတြအေနနဲ႔ အမ်ိဳးသားနဲ႔ အတူေနတဲ့အခါမွာ နာတာမ်ိဳးေတြလည္း ခံစားရႏိုင္ေၾကာင္း ၊ သူဆိုလည္း ေဆး႐ုံကို အခ်ိန္မွီေရာက္လို႔သာ အသက္ကယ္ႏိုင္တာျဖစ္ေၾကာင္း မေရာက္ရင္ ေသႏိုင္ေၾကာင္းေတြ လာတဲ့သူတိုင္းကို ျပန္ေျပာျပေနေတာ့တာပဲ။ ၿပီးေတာ့ ဘယ္သူ႔ကိုမွ အေၾကာင္းအရာ ေသခ်ာမသိဘဲ မေဝဖန္ဖို႔လည္း တစ္ခါတည္း ပညာေတြေပးေနပါေတာ့သတဲ့။
Author : Dr. ေမ
(Unicode)
ရွာမှာဆို ဂျမ်းပုံက ကွမ်းတောင်ကိုင် ပန်းတော်ကိုင် အလှပဂေးတစ်ယောက်ပေါ့။ သူချောလှသလောက် သူ့ကို ဝိုင်းလိုက်နေကြတဲ့ ကာလသားတွေကလည်း တစ်ပုံတစ်ပင်ပဲ။ သူကတော့ သမီးလိမ္မာလေးပါ။ အမေက ရည်းစားမထားရဘူး၊ ကာလသားတွေနဲ့ ရှုတ်ရှုတ်ယှက်ယှက် မလုပ်ရဘူးမှာထားတော့ ဘယ်သူမှ ရည်းစားမထားဘူး။ တွေ့သမျှလူ အကုန်ငြင်းတော့တာပဲ။ ဒါတောင် ကာလသားတွေက သူမှသူ။ ဒီတော့ ရွာထဲက တခြား ပျိုဖြူတွေကလည်း သူ့ကို မနာလို မုန်းတီးတွေ ဖြစ်ကြတာပေါ့။
တစ်နေ့တော့ ဂျမ်းပုံတစ်ယောက် ကိုယ်လက်မအီမသာ ဖြစ်ပါလေရော။ လေတွေပဲ ပွနေသလို ၊ ဗိုက်ကြီးပဲ ဖောင်းနေသလိုနဲ့။ သူများ ဘာအစားမှားလည်း စဉ်းစားရင်း အဖြေရှာမရဖြစ်နေတာပေါ့။ နောက်ကျ တဖြည်းဖြည်းနဲ့ ရာသီလာတာတွေလည်းမမှန် ၊ ပျို့တာ အန်တာတွေ ဖြစ်လာပါလေရော။ အရပ်ထဲမှာလည်း ဂျမ်းပုံတစ်ယောက် လင်ကောင်မဖော်ဘဲ ကလေးရနေပါတယ် နာမည်တွေကကျော်လို့။ ဒီတော့ ဂျမ်းပုံအမေ ကြမ်းပြီလေ။ ညည်းရည်းစား ဘယ်သူလည်း မှန်မှန်ပြောစမ်း ၊ သူက ညည်းကို ထားခဲ့တာလား ၊ အမေ့ကို ပြောစမ်းပါ သမီးရယ်ဆိုပြီး ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ စစ်မေးတော့တာပဲ။
ဂျမ်းပုံလည်း အမေရယ် သမီး ရည်းစားလည်း မရှိပါဘူး။ ဘယ်သူနဲ့မှလည်း မဖြစ်ခဲ့ပါဘူး။ ဘုရားပေးပေး ကျမ်းပေးပေးပါ အမေရယ်ဆိုလည်း ဂျမ်းပုံအမေကြီးက မယုံဘူး။ သူမယုံလည်း မယုံစရာပဲလေ။ ဂျမ်းပုံရဲ့ ဗိုက်ကလည်း တဖြည်းဖြည်း ပူပူလာတာကိုး။ နောက်ဆုံး ချော့မေး ခြောက်မေးမရတော့ ရိုက်နှက်ပြီး မေးတော့တာပါပဲ။ အရပ်ထဲမှာ အတင်းတွေကလည်း နားနဲ့ မဆန့်အောင်ဖြစ်နေတော့ ဂျမ်းပုံတို့ မိသားစုတွေ အပြင်တောင် မထွက်ရဲရှာဘူး။ ဆရာဝန်လည်း မပြရဲ။
ဂျမ်းပုံအမေ ခမျာလည်း ဂျမ်းပုံကိုကြည့်ပြီး ဒါတော့ ဗိုက်ကြီးနာ စွဲနေတာပါအေ။ ဆီးလည်း ခဏခဏသွားတယ်။ ဝမ်းလည်း ချုပ်တယ်ဆိုတော့ ငါညည်းကို ကိုယ်ဝန်လွယ်ထား ရတုန်းကလို ပါပဲအေ ဆိုပြီး တစ်နေ့တစ်နေ့ ဂျမ်းပုံကို ချော့လိုက်ခြောက်လိုက်နဲ့ပဲ မေးနေတော့တာပါပဲ။ ဂျမ်းပုံလည်း ဘယ်လိုငြင်းငြင်း ငြင်းလို့ကို မရတဲ့အဆုံး မိဘတွေနဲ့တောင် ခပ်ရှောင်ရှောင်ပဲ နေတော့တယ်။
သူကိုယ်တိုင်လည်း စဉ်းစားလို့မရ။ သူလည်း ဘာမှ မဖြစ်ခဲ့ဘဲနဲ့ ဗိုက်ကျတော့လည်း ကိုယ်ဝန် ၆ လလောက်ရှိတဲ့ ဗိုက်ပုံမျိုး ရာသီကျတော့လည်း လုံးလုံးမဆင်းတော့တာမျိုးမဟုတ်ပေမယ့် ဆင်းချင်သလိုတွေ ဆင်းလို့။ ဆီးစပ်တွေ ပေါင်တွေ ခါးတွေလည်း နာသေးတယ်။ ကိုယ်အလေးချိန်ကလည်း တဖြည်းဖြည်းတက်တက်လာတော့ သူများ တကယ်ကိုယ်ဝန်ရှိတာလားပေါ့။ ဘယ်က ဘယ်လို ဖြစ်သွားတာ စဉ်းစားမရ ဖြစ်နေခဲ့တယ်။
တစ်နေ့တော့ ဂျမ်းပုံတစ်ယောက် ဗိုက်ထဲက မခံမရပ်နိုင်အောင် အောင့်လာပါတော့တယ်။ ဘယ်လောက်ပဲ စိတ်တိုဒေါသတွေ ထွက်ပေမယ့် တစ်ဦးတည်းသော သမီးလေးဆိုတော့လည်း ကလေးမွေးတော့မယ်ဆိုပြီး ဂျမ်းပုံအဖေအမေတွေလည်း ဂျမ်းပုံကိုခေါ်ပြီး ဆေးရုံကို ပြေးကြပါလေရော။ ဆေးရုံမှာ ဆရာဝန်က စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပြီး ခွဲစိတ်ရမယ်ဆိုတော့လည်း ဘုရားတွေရော သကြားတွေရော စုံနေအောင် ဆုတောင်းနေရတော့တာပေါ့။ ခွဲစိတ်ပြီး ထွက်လာတဲ့အဖြေက ရေအိတ်ဆိုလား ပေါက်တာတဲ့။ ကိုယ်ဝန်မဟုတ်ဘူးတဲ့။ အဲဒီတော့မှ သမီးလေးကို အပြစ်တွေတင်မိတာ မှားပါပြီဆိုပြီး စိတ်မကောင်းတွေ ဖြစ်လို့။
ပြီးတော့ သူတို့ စိတ်ဝင်စားတာတစ်ခုက သူတို့သမီးရဲ့ ဗိုက်ထဲက ဆံပင်ချည်တွေ သွားတွေ အရိုးတွေ ထွက်လာတဲ့ ကိစ္စပဲ။ ရွာဆိုတော့လည်း ဒီသတင်းတွေက ပြန့်ပြီးသားပေါ့။ ဟယ် ဂျမ်းပုံတစ်ယောက်တော့ အောက်လမ်းအတိုက်ခံရလို့ဟဲ့။ ဗိုက်ထဲမှာ ဆံပင်ချည်တွေ ရောက်နေတယ်တဲ့။ သူစားတဲ့အစားထဲကို ဟိုက ပြုစားထားတဲ့ ဆံပင်ထည့်လိုက်လို့ နေမှာပေါ့။ အေး အဲဒါ သူ့ကို မနာလိုဖြစ်နေတဲ့ ဘယ်သူဖြစ်မယ် ဘယ်ဝါဖြစ်မယ် ဘာညာနဲ့ပေါ့။ ဂျမ်းပုံလည်း အဖေအမေတွေ လူနာသတင်းလာမေးတဲ့သူတွေဆီက သတင်းတွေ ကြားကြားနေရတယ်။ တချို့ဆို ဟဲ့ နင့်ကို ပြုစားတာလေ ဘယ်သူထင်တယ်ဟဲ့ ဆိုပြီး ပြောတဲ့သူတောင်ပါသေးတယ်။
ဂျမ်းပုံရဲ့ စိတ်ထဲမှာ အပြစ်မဲ့တဲ့ လူတစ်ယောက်တော့ ငါ့လိုအစွပ်စွဲတွေ ခံနေရတော့မှာပဲဆိုပြီး တွေးမိတယ်။ ဒီတော့ ခွဲစိတ်ပေးတဲ့ ဆရာဝန်ကို ကြောက်ပေမယ့် အရဲစွန့်မေးမှဖြစ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ နောက်နေ့ ဆရာဝန်ကြီး လူနာကြည့်ချိန်ရောက်တော့ ဒီကိစ္စကို မေးပါလေရော။ ဆရာဝန်ကြီးကလည်း ဂျမ်းပုံမေးသမျှကို စိတ်ရှည်ရှည်ဖြေပေးသွားတယ်။ ဂျမ်းပုံလည်း နေပြန်ကောင်းသွားတော့ ရွာကို ပြန်ချိန်ရောက်လာတယ်။
ရွာမှာ ဗိုက်ထဲက သွားတွေ ဆံပင်တွေထွက်လာတဲ့ သတင်းကို လာမေးတဲ့သူတိုင်းကို ပြောပြနေမိတာတွေက ဒီရောဂါဟာ Dermoid cyst လို့ခေါ်ကြောင်း ၊ သားဥအိမ်မှာ ဖြစ်တဲ့ ရေအိတ်တစ်ခုဖြစ်ကြောင်း ၊ သူ့လို ဆံပင်တွေ သွားတွေ ပါတာအပြင် လက်သည်းတွေ အဆီဖတ်တွေ ပါတာတွေလည်း ရှိကြောင်း ၊ အိမ်ထောင်ရှိတဲ့သူတွေအနေနဲ့ အမျိုးသားနဲ့ အတူနေတဲ့အခါမှာ နာတာမျိုးတွေလည်း ခံစားရနိုင်ကြောင်း ၊ သူဆိုလည်း ဆေးရုံကို အချိန်မှီရောက်လို့သာ အသက်ကယ်နိုင်တာဖြစ်ကြောင်း မရောက်ရင် သေနိုင်ကြောင်းတွေ လာတဲ့သူတိုင်းကို ပြန်ပြောပြနေတော့တာပဲ။ ပြီးတော့ ဘယ်သူ့ကိုမှ အကြောင်းအရာ သေချာမသိဘဲ မဝေဖန်ဖို့လည်း တစ်ခါတည်း ပညာတွေပေးနေပါတော့သတဲ့။
Author : Dr. မေ