ကိုယ်ဝန်လနုချိန်ပျက်ကျခြင်း
မိမိအမြတ်တနိုး တန်ဖိုးထားလွယ်ထားရသော မိမိရင်သွေးလေး ကိုယ်ဝန်အပတ်၂၀ မတိုင်ခင် ဂရုစိုက်နေသည့်ကြားမှ ပျက်ကျလို့ ဘာကြောင့်ဖြစ်နိုင်မလဲဟူသော မေးခွန်းတွေအတွက် ရေးသားပေးပါတယ်။ ဖျက်ချခြင်းမရဘဲ အလိုအလျောက် ဆုံးရှုံးသွားကြခြင်း ဖြစ်ပါတယ်။ တချို့အတွက် မိမိတွင်ကိုယ်ဝန်ရှိမှန်းတောင် မသိဘဲ ပျက်ကျတတ်ပြီး ပထမ ၃လအတွင်း ပျက်ကျမှုသည် ၈၀% ရှိပါတယ်။
(1) ကိုယ်ဝန်ပျက်ကျခြင်း မတိုင်မီ ခံစားရသော လက္ခဏာများကတော့
-သွေးအနည်းငယ်ဆင်းရာမှ ဆက်တိုက်အများကြီးဆင်းလာခြင်း
-ပြင်းထန်စွာကိုက်ခဲခြင်း
-ဗိုက်နာခြင်း
-ဖျားခြင်း
-အားနည်းခြင်း
-ခါးနာခြင်း စသည်တို့ဖြစ်သောကြောင့် အဆိုပါ လက္ခဏာတစ်ခုခု ခံစားရပါက အမြန်ဆုံးကျန်းမာရေးဌာနသို့သွားပါ။
(2) ပျက်ကျခြင်း ဖြစ်စေနိုင်သော အကြောင်းရင်းများကတော့
-ကလေးတွင်မွေးရာပါ မျိုးရိုးဗီဇ ချို့ယွင်းချက်များကြောင့် ဆက်လက်အသက်မရှင်နိုင်ခြင်း
-ရောဂါပိုးကူးစက်ခြင်း
-မိခင်တွင်ဆီးချိုနှင့်သိုင်းရွိုက်ရောဂါများရှိခြင်း
-ဟော်မုန်းပြဿနာများရှိခြင်း
-ကိုယ်ခံအားမကောင်းခြင်း
-မိခင်တွင်ကိုယ်ဝန်ဆောင်ရန်ကိုယ်အင်္ဂါချို့ယွင်းခြင်း
-သားအိမ်မကောင်းခြင်းစသည်တို့ပဲ ဖြစ်ပါတယ်။
အမျိုးသမီးသည် အသက်၃၅နှစ်ကျော်ပြီး ဆီးချိုနှင့်သိုင်းရွိုက်ရောဂါရှိသူများနှင့် သုံးကြိမ်အထက်ပျက်ကျသူများသည် ကိုယ်ဝန်ဆောင်ရန်မသင့်ဘဲ ပျက်ကျလွယ်ပါတယ်။
(3) သားအိမ်ခေါင်း မကောင်းခြင်း
အချို့အမျိုးသမီးများတွင် သားအိမ်ခေါင်း အားနည်းသောကြောင့် ကိုယ်ဝန်ကို ဆက်လက်ကာကွယ်မှုမပေးပဲ အချိန်မတိုင်မှီ သားအိမ်ခေါင်းပွင့်မှုကြောင့်လည်း ပျက်ကျခြင်းြ ဖစ်နိုင်တယ်။ နာကျင်မှု ဝေဒနာမခံစားရဘဲ မိန်းမကိုယ်မှ ရေနှင့်အသားစ ဆင်းခြင်း လက္ခဏာများ ခံစားရလေ့ရှိပါတယ်။
(4)ရောဂါရှာဖွေမှုနှင့် ကုသမှု
ကိုယ်ဝန်ပျက်ကျခြင်းရှိ မရှိ သေချာသိရှိနိုင်သော စစ်ဆေးမှုတွင် အတ်ထရာဆောင်းရိုက်ခြင်းသည်အဓိကကျပါတယ်။ သားအိမ်ထဲတွင် ကိုယ်ဝန်မကျန်ဘဲ အလုံးစုံထွက်ကျခဲ့လျှင် ဆက်လက်ကုသမှု မလိုပါ။ သို့သော် အချို့သည် သားအိမ်ထဲတွင် တဝက်တပျက်ကျန်ခဲ့လျှင် သားအိမ်ခြစ်ကုသမှု ပြုလုပ်ရပါမယ်။ ဆေးဝါးအကူအညီဖြင့် ဖယ်ရှားရပါလိမ့်မယ်။ သွေးထဲတွင် hCG ဟော်မုန်း စစ်ဆေးပြီး စောင့်ကြည့်ရပါလိမ့်မယ်။
(4) ကိုယ်ဝန်ပျက်ပြီး နောက်ထပ်ကိုယ်ဝန်ဆောင်နိုင်မလား?
ကိုယ်ဝန်ပျက်သော ၈၅% ကျော်သော အမျိုးသမီးသည် နောက်ထပ်ကိုယ်ဝန်ဆောင်နိုင်ပြီး ကလေးမွေးဖွားနိုင်ပါသည်။ ၁% ခန့်သာ ကိုယ်ဝန်အကြိမ်ကြိမ် ပျက်တတ်ပါတယ်။ ထို့သို့ဖြစ်ရခြင်းမှာ မွေးရာပါဟော်မုန်းရောဂါကြောင့် ဖြစ်နိုင်ပါတယ်။
(5) နောင်တကြိမ်ဆောင်နိုင်သောအချိန်
နောင်တကြိမ် ဆောင်နိုင်သောအချိန်သည် မိမိပျက်ကျသော အခြေအနေပေါ်တွင် မူတည်ပါတယ်။အနည်းဆုံး ၃လခန့် အချိန်ယူရပါမည်။ ကိုယ်ဝန်ဆောင်ရန် လိုအပ်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာအောင် နေထိုင်ရန် လိုအပ်ပါတယ်။
(6) ကာကွယ်ရန်
မွေးရာပါ မျိုးရိုးဗီဇ ချို့ယွင်းချက် ကလေးတွင် ပါလာသောကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ပါမူ ကာကွယ်မှုပြုရန် ခက်ခဲသောကြောင့် အခြားသော အကြောင်းအရာများကိုမူ ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကျန်းမာသော နေထိုင်မှု စနစ်ကို လိုက်နာသင့်ပါတယ်။
-ဖောလစ်အက်ဆစ် ၄၀၀ မီလီဂရမ်ကို ကိုယ်ဝန်မဆောင်ခင် နေ့စဉ် သောက်သုံးသင့်ပါတယ်။
-လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
-ကျန်းမာရေးနှင့် ညီညွတ်စွာ စားပါ။
-စိတ်ဖိစီးမှု လျော့ချပါ။
-ကိုယ်အလေးချိန် ထိန်းပါ။
-ဆေးလိပ်နှင့် ဆေးလိပ်မီးခိုးမှုန်များ ရှောင်ပါ။
-အရက်သေစာ သောက်စားခြင်း ရှောင်ပါ။
-မမွေးခင် ကြိုတင်ကာကွယ်ဆေးများ ထိုးပါ။
-မလိုအပ်သော ဆေးဝါးများ မသောက်သုံးသင့်ပါ။
-ဓာတ်ရောင်ခြည်၊ ခဲ၊ ဆိုးဆေးများ ရှောင်ပါ။
-ကိုယ်ဝန်ကို ထိခိုက်စေသော အပြုအမူများကို ရှောင်ပါ။
-ကိုယ်ဝန်စောစီးစွာ အပ်ပါ။
မိမိတွင် ရောဂါအခံရှိပါက ကိုယ်ဝန်မဆောင်ခင် ကြိုတင်ကုသကာ နားလည်တတ်ကျွမ်းသော ဆရာဝန်ကြီးများနှင့်တိုင်ပင်၍ အကြံဉာဏ်ရယူပါ။
Author : Dr. ပြည့်ရှင်း