(Zawgyi)
လူသားတို႔မည္သည္ ေမြးရာမွ ကေလးဘဝ ထိုမွတစ္ဆင့္ အ႐ြယ္ေရာက္လာလွ်င္ အခ်စ္ဆိုတာ စတင္ေတြ႕ရွိလာတတ္ၾကတယ္။ ထို အခ်စ္ဆိုေသာအရာ ေၾကာင့္ဘဲ ဘဝပ်က္ႏိုင္သလို သာယာေပ်ာ္႐ႊင္ၾကပါတယ္။ လူႏွစ္ေယာက္ ေပါင္းဆုံတယ္။ ေရွးဘဝက ေရစက္၊ ဖူးစာေၾကာင့္လဲ ျဖစ္ႏိုင္သလို ဝဋ္ေႂကြးရွိ ရင္လည္း ေပါင္းဆုံတတ္ၾကပါတယ္။ခ်စ္သူသက္တမ္း ၾကာလာတဲ့အခါ ေနာက္တစ္ဆင့္သို႔အခ်ိန္တန္ရင္ တက္လွမ္းရမွာပါပဲ။ ဒါကေတာ့ အိမ္ေထာင္ျပဳျခင္းပါပဲ။ အိမ္ေထာင္ျပဳ၍ သာယာခ်မ္းေျမ့တဲ့ မိသားစုလည္း စတင္တည္ေထာင္လာၾကပါတယ္။ လူႏွစ္ေယာက္ရဲ႕ သံေယာဇဥ္ေတြ ခ်စ္ျခင္းေတြ ပိုခိုင္ၿမဲေအာင္ ကေလးေတြ ေမြးၾကပါတယ္။
ကေလးယူၾကမယ္ဆိုရင္လည္း ႏွစ္ဦးေသခ်ာတိုင္ပင္သင့္ပါတယ္။ ကေလးအတြက္ အခ်ိန္ေပးႏိုင္ၿပီလား။ ႏွစ္ေယာက္လုံး အလုပ္လုပ္႐ုန္းကန္ေနရတုန္းဆို မယူသင့္ပါဘူး။ အိမ္ေထာင္ဘဝေလး တည္ၿငိမ္လာမွသာ ယူသင့္ပါတယ္။ တည္ၿငိမ္ေအာင္ ေနရင္းေနရင္း အသက္ေတြႀကီးလာလို႔လည္း မျဖစ္ဘူးေလ။ ကေလးယူမယ္လည္း ႀကံေရာ အသက္က ဖင္ေဆာင့္ေနတတ္တာမ်ိဳး ျဖစ္တတ္ပါတယ္။ အဲဒီအခ်ိန္မွာဆို ကေလးမရတတ္ေတာ့ပါဘူး။ ငယ္တုန္း႐ြယ္တုန္း ယူရင္ေတာ့ ေသခ်ာေပါက္ရမလားဆိုေတာ့ ေသခ်ာေပါက္ မဆိုလိုႏိုင္ေသးပါဘူး။
မ်ိဳးပြားႏိုင္တဲ့ အသက္အ႐ြယ္ရွိေနတဲ့ စုံတြဲ ၇ ေယာက္ေလာက္မွာ ၁ ေယာက္ေလာက္က ကေလးမရႏိုင္ပါဘူး။ ဒါဆိုဘာေတြေၾကာင့္ ကေလးမရျဖစ္ေနတာလဲ အဲဒါမွ ျပႆနာစတက္တာဘဲ။ ကေလးမရလို႔ဆို စိတ္ညစ္ရၿပီ။ ကေလးလိုခ်င္လြန္းတဲ့သူေတြမွာက်မရ တခ်ိဳ႕မိသားစုမွာက် ေမြးလိုက္တဲ့ကေလးေတြ တႁပြတ္ႁပြတ္နဲ႔ ေဘာလုံးအသင္းေတြ တစ္႐ြာတစ္ၾကည္ေတာင္ တည္ေထာင္လို႔ရေသးတယ္။ မ်ားေသာအားျဖင့္ ဆင္းရဲတဲ့သူေတြမွာ ပိုေတြ႕ရပါတယ္။ ကဲ ထားပါ။ ကေလးမရလွ်င္ ဘယ္သူ႔အျပစ္လဲ၊ မိန္းမကေျပာတယ္၊ ရွင့္ေၾကာင့္မဟုတ္ဘူးတဲ့။ အမ်ိဳးသားက မင္းေၾကာင့္တဲ့။ ကဲ ဘယ္သူ႔ေၾကာင့္လဲ တစ္ကယ္က ႏွစ္ေယာက္လုံးေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဆိုလိုတာက စုံတြဲတစ္တြဲမွာ အမ်ိဳးသမီးေၾကာင့္လည္း ျဖစ္ႏိုင္တယ္။ အမ်ိဳးသားေၾကာင့္လည္း ျဖစ္ႏိုင္တယ္။ ကံဆိုးစြာဘဲ ႏွစ္ေယာက္လုံးေၾကာင့္လည္း ျဖစ္ေနတတ္ပါတယ္။
ကေလးမရတဲ့ အေၾကာင္းေတြ ၾကည့္လိုက္တဲ့အခါ အမ်ိဳးသမီးမွာဆိုရင္ မ်ိဳးဥရဲ႕ ျပႆနာေတြ၊ သားဥႁပြန္ျပႆနာ၊ သားအိမ္ျပႆနာေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အမ်ိဳးသားေတြမွာက်ေတာ့ သုတ္ပိုးေကာင္နည္းတာ၊ သားေၾကာေတြ မေကာင္းတာေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အမ်ိဳးသမီးေၾကာင့္ ျဖစ္ႏိုင္ေျခက ၃၅ – ၄၀ ရာခိုင္ႏႈန္မ ရွိၿပီး အမ်ိဳးသားလည္း အတူတူပါပဲ။ ဘာေၾကာင့္ မွန္းရွာမရဘဲ ေရာေထြးေနတဲ့ အခ်က္ေတြကေတာ့ ၂၀ – ၃၅ ရာခိုင္ႏႈန္းေလာက္ ရွိတတ္ပါတယ္။
တစ္ကယ္လို႔ ကေလးလိုခ်င္ေနတယ္ဆိုရင္ အမ်ိဳးသားေရာ၊ အမ်ိဳးသမီးတို႔ရဲ႕ က်န္းမာေရးအေျခအေနေတြကို စစ္ေဆးရပါမယ္။ ၿပီးလွ်င္ သူတို႔ရဲ႕ လိင္ေနထိုင္မႈကိုလည္း ေမးဖို႔လိုပါတယ္။ တခ်ိဳ႕အတြဲေတြက အတူေနတာ သိပ္မရွိလွ်င္ ကေလးမရတတ္ဘဲ ကိုယ္ေနလိုက္တဲ့အခ်ိန္က ဓမၼတာလာေနစဥ္ရက္အတြင္း မ်ိဳးဥမေႂကြေသးခင္ဆို မရေသးဘဲ အမ်ိဳးသမီးရဲ႕ ဓမၼတာပိုင္း တစ္လတစ္လပုံမမွန္ဘူး။ တစ္ခါတေလမွလာတာမ်ိဳးဆို မ်ိဳးဥေႂကြမႈမွာ ျပႆနာရွိေနပါၿပီ။
ထပ္စစ္ေဆးမႈ ျပဳလုပ္ျခင္းေတြကို အကာအကြယ္မသုံးဘဲ အတူေနေပမယ့္ ၁ ႏွစ္ေလာက္အထိ ကေလးမရေသးလွ်င္ ျပဳလုပ္သင့္ပါၿပီ။ အမ်ိဳးသားကေတာ့ သုက္ပိုးကို စစ္ေဆးသင့္ပါတယ္။ အေကာင္အေရအတြက္၊ သုက္ပိုးေကာင္ေတြ အ႐ြယ္ေရာက္မေရာက္ စစ္ေဆးသင့္ပါတယ္။ ဓမၼတာပုံမွန္လာတဲ့ အမ်ိဳးသမီးေတြမွာက် မ်ိဳးဥေႂကြျခင္းကို ဓမၼတာလာၿပီး ၂၁ ေရာက္လို႔ ေသြးတြင္း Progesterone ပမာဏ တက္ေနရင္ ေကာင္းပါတယ္။ မိန္းမကိုယ္မွ အာထရာ ေဆာင္း႐ိုက္ျခင္းျဖင့္ သားအိမ္၊ မ်ိဳးဥ အေျခအေနေတြ သိႏိုင္ပါတယ္။ မ်ိဳးဥမွ မ်ိဳးဥေႂကြၿပီး သားအိမ္ထိလာရာလမ္းေၾကာင္းတေလ်ာက္ ေကာင္းမေကာင္း ပိတ္ဆို႔မႈရွိမရွိလည္း စစ္ေဆးသင့္ပါတယ္။ အရင္ဆုံး ကေလးမရျဖစ္ေနလွ်င္ ပုံမွန္ အတူေနေနဖို႔ လိုပါတယ္။ ၂ ရက္၊ ၃ ရက္တစ္ခါ အၿမဲအတူေနဖို႔ လိုပါ တယ္။ ဓမၼတာလာေနစဥ္ တစ္ေလွ်ာက္လဲပါပါတယ္။ အတူေနတဲ့အခါ ပုံစံလည္း လိုပါေသးတယ္။ ကန္ေတာ့ပါရဲ႕ အမ်ိဳးသမီးက ေအာက္ကပဲေနသင့္ၿပီး အမ်ိဳးသားက အေပၚကေနသင့္ပါတယ္။ အတူတူေနၿပီးလွ်င္လည္း အမ်ိဳးသမီးက မိန္းမကိုယ္ထဲ ႏႈိက္ေဆးေၾကာျခင္းေတြ မျပဳလုပ္ရပါဘူး။
ေဆးေသာက္လို႔လည္း ရပါတယ္။ ဒါကိုေတာ့ မ်ိဳးဥမေႂကြမွသာ သုံးလို႔ရပါသည္။ သားဥႁပြန္၊ သားအိမ္ျပႆနာေတြကေတာ့ ခြဲစိတ္ကုသျခင္းနည္းေတြ သုံးရပါတယ္။ ေသာက္ေဆးက မ်ိဳးဥမွ မ်ိဳးဥေႂကြျခင္းကို အားေပးပါတယ္။ အဓိကျပႆနာျဖစ္ေနတဲ့ အပိုင္းကို ကုသေပးမွသာ ကေလးရႏိုင္ပါတယ္။ ကုသမႈ ေတြက အမ်ိဳးသမီးေတြခ်ည္းပဲဆိုၿပီး အမ်ိဳးသားေတြ ေပ်ာ္မေနနဲ႔။ ခင္ဗ်ားတို႔မွာလည္း ျပႆနာရွိေနရင္ ကုရမွာဘဲ။ သုတ္ပိုးစစ္လို႔ အရည္အေသြးမျပည့္ရင္ ေဆးထိုးရပါမယ္။ တပတ္ကို ခဏခဏထိုးဖို႔လိုပါတယ္။
ေဆးထိုးမႈဟာ ပုံမွန္သုက္ပိုးေတြ ျပန္ရဖို႔ ၂ ႏွစ္ ေလာက္ၾကာတတ္ပါတယ္။
ဗ်ာ . . . ။ မဗ်ာနဲ႔၊ ကေလးလိုခ်င္တယ္မလား။
ဟုတ္ . . . ။ အဲဒါဆို ထိုးေပေတာ့။
ဟုတ္ . . . ။ တစ္ကယ္လို႔ ေဂြးဥမွာ ျပႆနာရွိရင္လည္း ခြဲစိတ္မႈေတြ လုပ္ရတတ္ပါတယ္။
ေဂြးဥမေကာင္းရင္ ေဂြးဥပါအစားထိုးရမွာ။
ခင္ညာ . . . ။
စတာပါ။ အဲကုထုံးမျပဌာန္းထားေသးပါဘူး။
ဟူး . . . ေတာ္ပါေသးရဲ႕။
Author: Dr. ဇြဲေကာင္းခ်စ္, Healthcare Journal, vol 8, no 29 (4.8.17)
(Unicode)
လူသားတို့မည်သည် မွေးရာမှ ကလေးဘဝ ထိုမှတစ်ဆင့် အရွယ်ရောက်လာလျှင် အချစ်ဆိုတာ စတင်တွေ့ရှိလာတတ်ကြတယ်။ ထို အချစ်ဆိုသောအရာ ကြောင့်ဘဲ ဘဝပျက်နိုင်သလို သာယာပျော်ရွှင်ကြပါတယ်။ လူနှစ်ယောက် ပေါင်းဆုံတယ်။ ရှေးဘဝက ရေစက်၊ ဖူးစာကြောင့်လဲ ဖြစ်နိုင်သလို ဝဋ်ကြွေးရှိ ရင်လည်း ပေါင်းဆုံတတ်ကြပါတယ်။ချစ်သူသက်တမ်း ကြာလာတဲ့အခါ နောက်တစ်ဆင့်သို့အချိန်တန်ရင် တက်လှမ်းရမှာပါပဲ။ ဒါကတော့ အိမ်ထောင်ပြုခြင်းပါပဲ။ အိမ်ထောင်ပြု၍ သာယာချမ်းမြေ့တဲ့ မိသားစုလည်း စတင်တည်ထောင်လာကြပါတယ်။ လူနှစ်ယောက်ရဲ့ သံယောဇဉ်တွေ ချစ်ခြင်းတွေ ပိုခိုင်မြဲအောင် ကလေးတွေ မွေးကြပါတယ်။
ကလေးယူကြမယ်ဆိုရင်လည်း နှစ်ဦးသေချာတိုင်ပင်သင့်ပါတယ်။ ကလေးအတွက် အချိန်ပေးနိုင်ပြီလား။ နှစ်ယောက်လုံး အလုပ်လုပ်ရုန်းကန်နေရတုန်းဆို မယူသင့်ပါဘူး။ အိမ်ထောင်ဘဝလေး တည်ငြိမ်လာမှသာ ယူသင့်ပါတယ်။ တည်ငြိမ်အောင် နေရင်းနေရင်း အသက်တွေကြီးလာလို့လည်း မဖြစ်ဘူးလေ။ ကလေးယူမယ်လည်း ကြံရော အသက်က ဖင်ဆောင့်နေတတ်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာဆို ကလေးမရတတ်တော့ပါဘူး။ ငယ်တုန်းရွယ်တုန်း ယူရင်တော့ သေချာပေါက်ရမလားဆိုတော့ သေချာပေါက် မဆိုလိုနိုင်သေးပါဘူး။
မျိုးပွားနိုင်တဲ့ အသက်အရွယ်ရှိနေတဲ့ စုံတွဲ ၇ ယောက်လောက်မှာ ၁ ယောက်လောက်က ကလေးမရနိုင်ပါဘူး။ ဒါဆိုဘာတွေကြောင့် ကလေးမရဖြစ်နေတာလဲ အဲဒါမှ ပြဿနာစတက်တာဘဲ။ ကလေးမရလို့ဆို စိတ်ညစ်ရပြီ။ ကလေးလိုချင်လွန်းတဲ့သူတွေမှာကျမရ တချို့မိသားစုမှာကျ မွေးလိုက်တဲ့ကလေးတွေ တပြွတ်ပြွတ်နဲ့ ဘောလုံးအသင်းတွေ တစ်ရွာတစ်ကြည်တောင် တည်ထောင်လို့ရသေးတယ်။ များသောအားဖြင့် ဆင်းရဲတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။ ကဲ ထားပါ။ ကလေးမရလျှင် ဘယ်သူ့အပြစ်လဲ၊ မိန်းမကပြောတယ်၊ ရှင့်ကြောင့်မဟုတ်ဘူးတဲ့။ အမျိုးသားက မင်းကြောင့်တဲ့။ ကဲ ဘယ်သူ့ကြောင့်လဲ တစ်ကယ်က နှစ်ယောက်လုံးကြောင့် ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက စုံတွဲတစ်တွဲမှာ အမျိုးသမီးကြောင့်လည်း ဖြစ်နိုင်တယ်။ အမျိုးသားကြောင့်လည်း ဖြစ်နိုင်တယ်။ ကံဆိုးစွာဘဲ နှစ်ယောက်လုံးကြောင့်လည်း ဖြစ်နေတတ်ပါတယ်။
ကလေးမရတဲ့ အကြောင်းတွေ ကြည့်လိုက်တဲ့အခါ အမျိုးသမီးမှာဆိုရင် မျိုးဥရဲ့ ပြဿနာတွေ၊ သားဥပြွန်ပြဿနာ၊ သားအိမ်ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာကျတော့ သုတ်ပိုးကောင်နည်းတာ၊ သားကြောတွေ မကောင်းတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသမီးကြောင့် ဖြစ်နိုင်ခြေက ၃၅ – ၄၀ ရာခိုင်နှုန်မ ရှိပြီး အမျိုးသားလည်း အတူတူပါပဲ။ ဘာကြောင့် မှန်းရှာမရဘဲ ရောထွေးနေတဲ့ အချက်တွေကတော့ ၂၀ – ၃၅ ရာခိုင်နှုန်းလောက် ရှိတတ်ပါတယ်။
တစ်ကယ်လို့ ကလေးလိုချင်နေတယ်ဆိုရင် အမျိုးသားရော၊ အမျိုးသမီးတို့ရဲ့ ကျန်းမာရေးအခြေအနေတွေကို စစ်ဆေးရပါမယ်။ ပြီးလျှင် သူတို့ရဲ့ လိင်နေထိုင်မှုကိုလည်း မေးဖို့လိုပါတယ်။ တချို့အတွဲတွေက အတူနေတာ သိပ်မရှိလျှင် ကလေးမရတတ်ဘဲ ကိုယ်နေလိုက်တဲ့အချိန်က ဓမ္မတာလာနေစဉ်ရက်အတွင်း မျိုးဥမကြွေသေးခင်ဆို မရသေးဘဲ အမျိုးသမီးရဲ့ ဓမ္မတာပိုင်း တစ်လတစ်လပုံမမှန်ဘူး။ တစ်ခါတလေမှလာတာမျိုးဆို မျိုးဥကြွေမှုမှာ ပြဿနာရှိနေပါပြီ။
ထပ်စစ်ဆေးမှု ပြုလုပ်ခြင်းတွေကို အကာအကွယ်မသုံးဘဲ အတူနေပေမယ့် ၁ နှစ်လောက်အထိ ကလေးမရသေးလျှင် ပြုလုပ်သင့်ပါပြီ။ အမျိုးသားကတော့ သုက်ပိုးကို စစ်ဆေးသင့်ပါတယ်။ အကောင်အရေအတွက်၊ သုက်ပိုးကောင်တွေ အရွယ်ရောက်မရောက် စစ်ဆေးသင့်ပါတယ်။ ဓမ္မတာပုံမှန်လာတဲ့ အမျိုးသမီးတွေမှာကျ မျိုးဥကြွေခြင်းကို ဓမ္မတာလာပြီး ၂၁ ရောက်လို့ သွေးတွင်း Progesterone ပမာဏ တက်နေရင် ကောင်းပါတယ်။ မိန်းမကိုယ်မှ အာထရာ ဆောင်းရိုက်ခြင်းဖြင့် သားအိမ်၊ မျိုးဥ အခြေအနေတွေ သိနိုင်ပါတယ်။ မျိုးဥမှ မျိုးဥကြွေပြီး သားအိမ်ထိလာရာလမ်းကြောင်းတလျောက် ကောင်းမကောင်း ပိတ်ဆို့မှုရှိမရှိလည်း စစ်ဆေးသင့်ပါတယ်။ အရင်ဆုံး ကလေးမရဖြစ်နေလျှင် ပုံမှန် အတူနေနေဖို့ လိုပါတယ်။ ၂ ရက်၊ ၃ ရက်တစ်ခါ အမြဲအတူနေဖို့ လိုပါ တယ်။ ဓမ္မတာလာနေစဉ် တစ်လျှောက်လဲပါပါတယ်။ အတူနေတဲ့အခါ ပုံစံလည်း လိုပါသေးတယ်။ ကန်တော့ပါရဲ့ အမျိုးသမီးက အောက်ကပဲနေသင့်ပြီး အမျိုးသားက အပေါ်ကနေသင့်ပါတယ်။ အတူတူနေပြီးလျှင်လည်း အမျိုးသမီးက မိန်းမကိုယ်ထဲ နှိုက်ဆေးကြောခြင်းတွေ မပြုလုပ်ရပါဘူး။
ဆေးသောက်လို့လည်း ရပါတယ်။ ဒါကိုတော့ မျိုးဥမကြွေမှသာ သုံးလို့ရပါသည်။ သားဥပြွန်၊ သားအိမ်ပြဿနာတွေကတော့ ခွဲစိတ်ကုသခြင်းနည်းတွေ သုံးရပါတယ်။ သောက်ဆေးက မျိုးဥမှ မျိုးဥကြွေခြင်းကို အားပေးပါတယ်။ အဓိကပြဿနာဖြစ်နေတဲ့ အပိုင်းကို ကုသပေးမှသာ ကလေးရနိုင်ပါတယ်။ ကုသမှု တွေက အမျိုးသမီးတွေချည်းပဲဆိုပြီး အမျိုးသားတွေ ပျော်မနေနဲ့။ ခင်ဗျားတို့မှာလည်း ပြဿနာရှိနေရင် ကုရမှာဘဲ။ သုတ်ပိုးစစ်လို့ အရည်အသွေးမပြည့်ရင် ဆေးထိုးရပါမယ်။ တပတ်ကို ခဏခဏထိုးဖို့လိုပါတယ်။
ဆေးထိုးမှုဟာ ပုံမှန်သုက်ပိုးတွေ ပြန်ရဖို့ ၂ နှစ် လောက်ကြာတတ်ပါတယ်။
ဗျာ . . . ။ မဗျာနဲ့၊ ကလေးလိုချင်တယ်မလား။
ဟုတ် . . . ။ အဲဒါဆို ထိုးပေတော့။
ဟုတ် . . . ။ တစ်ကယ်လို့ ဂွေးဥမှာ ပြဿနာရှိရင်လည်း ခွဲစိတ်မှုတွေ လုပ်ရတတ်ပါတယ်။
ဂွေးဥမကောင်းရင် ဂွေးဥပါအစားထိုးရမှာ။
ခင်ညာ . . . ။
စတာပါ။ အဲကုထုံးမပြဌာန်းထားသေးပါဘူး။
ဟူး . . . တော်ပါသေးရဲ့။
Author: Dr. ဇွဲကောင်းချစ်, Healthcare Journal, vol 8, no 29 (4.8.17)