နို့ဦးရည် Colostrum
ကိုယ်ဝန် သုံးလကနေ ခြောက်လအတွင်းမှာတော့ နို့သီးခေါင်းနဲ့ နို့သီးခေါင်းတဝိုက်ကနေ ခပ်ပျစ်ပျစ်နဲ့ အဝါရောင်ရင့်ရင့် အရည် သို့မဟုတ် ဘာအရောင်မှမရှိတဲ့ အရည်ကြည် စထွက်လာတတ်ပါတယ်။ အဲဒါကို နို့ဦးရည် Colostrum လို့ခေါ်ပါတယ်။
အများကြီး မဟုတ်တဲ့အတွက် တချို့ဆို သတိတောင် မထားမိဘူး။ တချို့ကျတော့လည်း အရည်အနေနဲ့ သတိထားမိတာ ရှိသလို တချို့ကျတော့လည်း နို့သီးခေါင်းမှာ ခြောက်နေတဲ့ အဖတ် အဖတ်လေးတွေ အဖြစ် တွေ့ရတတ်တယ်။
နို့ဦးရည်ဟာ ကိုယ်ဝန်ဆောင် ကာလအတွင်းမှာလည်း ထွက်နိုင်သလို မွေးဖွားပြီးပြီးချင်းမှာလည်းထွက်ပါတယ်။
ဟိုးအရင်ခေတ်တုန်းက နို့ဦးရည်ဟာ အများအားဖြင့် အရောင်ကလည်း အဝါရောင်ရင့်ရင့်ဖြစ်တဲ့အပြင် အနံကလည်း နည်းနည်းနံတဲ့အတွက် မကောင်းဘူးလို့ ယူဆပြီး ကလေးကို မတိုက်ဘဲ ညှစ်ထုတ်ပစ်လိုက်ကာ နို့ဦးရည်နောက်က ထွက်လာတဲ့ အဖြူရောင်ရှိတဲ့ နို့ကိုသာ တိုက်ကြပါတယ်။
ဒီဘက်ခေတ် တချို့တောနယ်တွေမှာလည်း ဒီလိုအယူရှိပါတယ်။ ဒါဟာ မှားပါတယ်။ နို့ဦးရည်မှာဆိုရင် နောက်ပိုင်းအဖြူရောင်နို့ရည် (အပြည့်အဝဖြစ်ထွန်းပြီးသော နို့ရည်)နဲ့ မတူဘဲ ရောဂါပိုးကူးစက်ဝင်ရောက်ခြင်းနဲ့ ဓါတ်မတည့်မှုများကို ကာကွယ်ပေးနိုင်သည့် ရောဂါပိုးတိုက်ဖျက်သည့် ဓါတ်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပါတယ်။
နို့ဦးရည်မှာပါတဲ့ ကိုယ်ခံအားဆိုင်ရာဆဲလ်များက ကိုယ်ခံအားများကို ထုတ်လုပ်ပေးပြီး ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးများ ကူးစက်ဝင်ရောက်မှုအား ခုခံကာကွယ်နိုင်စွမ်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် နောက်ပိုင်း သုတေသနတခုကဆိုရင် နို့ဦးရည်တိုက်ကျွေးခြင်းဟာ ပထမဆုံး ကာကွယ်ဆေးထိုးပေးခြင်း ဆိုပြီး တင်စားရေးထားပါတယ်။
နို့ဦးရည်မှာ ပရိုတင်းဓါတ်ကလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကလေးရဲ့ ခန္ဓာကိုယ်ကြွက်သားများ တည်ဆောက်ဖို့နဲ့ ကြီးထွားဖွံ့ဖြိုးဖို့ကို ကောင်းစွာ အထောက်အကူပြုပါတယ်။ ဓါတ်မတည့်မှုဖြစ်တာ၊ နို့ရည်ကို အစာမချေနိုင်တဲ့ ရောဂါအစရှိတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာရောဂါများကိုလည်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဒါတွေအပြင် ဗီတာမင်အေဓါတ်လည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် အမြင်အာရုံကိုကောင်းမွန်စေပြီး အရေပြားကျန်းမာရေးကိုလည်း ကောင်းမွန်အောင် ထိန်းသိမ်းပေးပါတယ်။
အဆုံးသတ်အနေနဲ့ မိခင်တွေကို အကြံပြုချင်တာကတော့ နို့ဦးရည်ဟာ ကောင်းကျိုးတွေ တအားများတဲ့အတွက် နို့ဦးရည်ကို အရောင်မကြိုက် အနံ့မကြိုက်လို့ဆိုပြီး ကလေးကိုမတိုက်ဘဲ ညှစ်ထုပ်မပစ်ကြပါနဲ့။ တိုက်ဖြစ်အောင် တိုက်ပေးကြပါလို့ အကြံပြုချင်ပါတယ်။
Author : Dr. 528