Due date ရောက်လို့မှ ဗိုက်မနာရင်
Due date ရောက်လို့မှ ဗိုက်မနာရင် ဘယ်လိုလုပ်ရမလဲဆရာ ဒီမေးခွန်းက ကိုယ်ဝန်ဆောင်မိခင်တွေ မကြာမကြာ စိုးရိမ်တကြီး မေးလေ့ရှိတဲ့ မေးခွန်းပါ။ Due date ရောက်လို့မှ ဗိုက်မနာရင် ဘာလုပ်ရမလဲ ဆိုတဲ့အဖြေမပြောမီ သိသင့်တဲ့ အချက်လေးတွေကိုအရင်ရှင်းပြချင်ပါတယ်။
Due date ဆိုတာက မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရရင် ခန့်မှန်းမီးဖွားရက် (Expected Date Of Delivery) ပါ။ တနည်းအားဖြင့် ပြောရရင် နောက်ဆုံးရာသီလာခဲ့အကြိမ်ရဲ့ ပထမဆုံးရက်က စတွက်ရင် အပတ် (၄၀)တိတိ (ရက်ပေါင်း၂၈၀တိတိ) ပြည့်တဲ့ရက်ပါ။
ခန့်မှန်းမီးဖွားရက်အတိုင်း အတိအကျ မွေးတဲ့သူတွေရှိသလို ခန့်မှန်းမီးဖွားရက်ထက် စောမွေးတဲ့သူတွေ၊ နောက်ကျမွေးတဲ့သူတွေလည်း ရှိပါတယ်။ ကိုယ်ဝန်ဆောင်တွေဟာ အများအားဖြင့် ၃၈ ပတ်နဲ့ ၄၂ ပတ်ကြားမှာ ဗိုက်နာပြီး ကလေးမွေးလေ့ရှိပါတယ်။ ဒီ ၃၈ ပတ် နဲ့ ၄၂ ပတ်ကြားမှာ မွေးတဲ့ကလေးတွေကိုတော့ Term baby (နေ့စေ့၊လစေ့ မွေးသောကလေး) လို့ ခေါ်ပါတယ်။
၃၈ ပတ်မတိုင်ခင် အကြောင်းအမျိုးမျိုးကြောင့် စောမွေးတဲ့ကလေးကို Preterm baby (လမစေ့သောကလေး၊ စောမွေးသောကလေး) လို့ ခေါ်ပါတယ်။ ၄၂ ပတ်ကျော်မှ မွေးတဲ့ကလေးကိုတော့ Post term baby (ရက်ကျော်မှ မွေးသောကလေး) လို့ ခေါ်ပါတယ်။
အဲ့လို ခန့်မှန်းမီးဖွားရက်ထက် ၂ ပတ်လောက် နောက်ကျပြီးမှ မွေးရင်ကျ ဘာပြသာနာတွေရှိနိုင်လဲဆိုတော့ သန္ဓေသားကို အောက်ဆီဂျင်နဲ့ အစာအာဟာရ ထောက်ပံနေတဲ့ အချင်း (Placenta) ရဲ့ သက်တမ်းဟာ ၄၂ပတ်မှာ ကုန်ဆုံးပါတယ်။ အဲ့လို သက်တမ်းကုန်တဲ့အခါမှာ အလုပ်သိပ်မလုပ်နိုင်တော့တဲ့အတွက် သန္ဓေသားဟာ အောက်ဆီဂျင်နဲ့ အစာအာဟာရနည်းပါးတဲ့ အခြေအနေ (Fetal hypoxia) ကို ခံစားရပါတယ်။
ဒီအခါမှာ ရေမွှာရည်ထဲကို ငယ်ချီးပါပြီး ထိုရေမွှာရည်ကို ပြန်ရှုမိတဲ့အခါမှာ Meconium Aspiration Syndrome ဆိုတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသာနာတွေ မွေးလာတဲ့ကလေးမှာပါလာတတ်ပြီး အသက်ရှူရပ်ပြီး အသက်ဆုံးရှုံးတာတွေပါ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ရက်လွန်တဲ့အခါမှာ သန္ဓေသားက အရွယ်အစားကြီးတဲ့အတွက် မွေးရခက်တာ၊ မွေးတဲ့အခါမှာ ခေါင်းထွက်ပြီးမှ ပခုံးတစ်နေခြင်း အရေးပေါ် ခွဲမွေးဖို့ လိုနိုင်ခြေ မြင့်လာခြင်း၊ မွေးတဲ့အချိန် ကလေးမှာ ဒဏ်ရာရနိုင်တာ စတာတွေ ဖြစ်နိုင်တဲ့အပြင် ကလေးသေနှုန်းလည်းမြင့်နိုင်ပါတယ်။
ခန့်မှန်းရက်ထက် နှစ်ပတ်နောက်ကျပြီးမှ မွေးပါက ဒီလိုဆိုးကျိုးတွေ များတဲ့အတွက် ဆရာဝန်တွေက ခန့်မှန်းမီးဖွားရက်စေ့လို့မှ ဗိုက်မနာရင် ဆေးရုံတက်ဖို့ အကြံပေးထားပါတယ်။ ဆေးရုံတောင်မှ ပစ္စည်းကိရိယာအစုံရှိတဲ့ ဆေးရုံတက်ဖို့ ပြောထားပါတယ်။
ဒီမှာနည်းလမ်း၂ မျိုး ရှိပါတယ်။ ပထမတနည်းက ခန့်မှန်းမီးဖွားရက်ထက် ကျော်တဲ့ကိုယ်ဝန်ဆောင်မိခင်ကို ပစ္စည်းကိရိယာအစုံရှိတဲ့ ဆေးရုံမှာထားပြီး သူ့အလိုလို ဗိုက်နာပြီးမွေးတာကို စောင့်တာပါ။
စောင့်တယ်ဆိုတာ ဘာမှမလုပ်ဘဲ စောင့်လို့မရပါဘူး။ အာထရာဆောင်း နှစ်ရက်ခြား တခါရိုက်တာ၊ ကလေးနှလုံးခုန်သံ ကောင်းမကောင်း နေ့တိုင်းနားထောင်တာ၊ စီတီဂျီ (ကလေးနှလုံးခုန်နှုန်းနဲ့ သားအိမ်ညှစ်နှုန်းတွေကို စာရွက်ပေါ် ရေးခြစ်ပြတဲ့စက်) နေ့တိုင်းဆွဲတာ၊Doppler (ကလေးနှလုံးခုန် အသံချဲ့စက်)နဲ့ ကလေးနှလုံးခုန်နှုန်း နားထောင်တာ စတဲ့စစ်ဆေးမှုတွေကို လုပ်ကာမှတ်တမ်းတင်ပြီး စောင့်ရတာပါ။
နောက်တနည်းကတော့ Due date က တိကျမယ်၊ မိခင် ကိုယ်ဝန် အချင်း (သို့) ကလေးမှာလည်း ဘာပြဿနာမှ မရှိဘူးဆိုရင် ၄၁ ပတ်နဲ့ ၃ ရက် ရောက်တာနဲ့ ဆေးသွင်းတာပဲဖြစ်ဖြစ် ဗိုက်ခွဲမွေးတာပဲဖြစ်ဖြစ် လုပ်ပြီး မွေးတာပါ။ ဒီဒုတိယနည်းကတော့ ရက်စေ့လို့မှ ဗိုက်မနာတဲ့မိခင်တွေအတွက် ပိုကောင်းတယ်လို့ ဆရာဝန်အများစုက ထောက်ခံထားပါတယ်။
ဘာဖြစ်လို့ ရက်လွန်မှ မွေးရတယ်ဆိုတဲ့ အကြောင်းရင်း အတိအကျကတော့ ခုထိသေချာမသိသေးပါဘူး။ ဖြစ်နိုင်ခြေရှိတာတွေကတော့ ရက်တွက်မှားတာ (အများအားဖြင့် ရာသီမမှန်တဲ့သူတွေမှာ ဖြစ်နိုင်ပါတယ်)၊ နောက်ဆုံးရာသီလာခဲ့တဲ့ ပထမဆုံးရက်ကို သေချာမသိတာ၊ အရင်ကလည်း ရက်ကျော်မွေးဖူးတဲ့ မှတ်တမ်းရှိခဲ့တာ၊ တခါတရံ စမ်းသပ်စစ်ဆေးတဲ့ ဆရာဝန်က မှားရေးမိတာ စသဖြင့် အကြောင်းအမျိုးမျိုးရှိပါတယ်။
အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ Due date (ခန့်မှန်းမီးဖွားရက်) ရောက်လို့မှ ဗိုက်မနာပါက မပေါ့ဆပဲ အိုဂျီတယောက်ယောက်နဲ့ သို့မဟုတ် ဗဟိုအမျိုးသမီးပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနမှာပြပါ။ ပြသတဲ့ဆရာဝန်က ဆေးရုံတက်ခိုင်းရင် ဆေးရုံတက်ပါ လို့ တိုက်တွန်းအကြံပေးလိုက်ရပါတယ်။
Author : Dr. 528