ကလေး ကံကောင်းပါစေ
ဆရာဝန်သည် ကလေးငယ်အား စမ်းသပ်လိုက်သည်။ သွေးပေါင်ချိန် ကောင်းနေသည်။ မျက်တွင်းချိမ့်နေတာမျိုးလည်း မရှိ။
” ကလေး ဝမ်းသွားတာ ဘယ်နှစ်ရက်ရှိပြီလဲ ”
” မနက်ကမှ စပြီးသွားတာပါ ဆရာ ”
“ကလေး အသက်က ဘယ်လောက်လဲ ”
” ကိုး လပါ ဆရာ ”
” နို့ရော သောက်ရဲ့လား။ ”
“နို့သောက်ပါတယ်။ ဆရာ ”
” ဆီးရော သွားလား။ ဆီးနည်း သွားတာမျိုးရှိလား။ ”
” ဆီးသွားပါတယ် ဆရာ။ ခုနတုန်းကတောင် ဆီးသွားနေသေးတယ်။ နည်း သွားလား တော့ မပြောတတ်ပါဘူးဆရာ”
ကလေးငယ်သေးတော့ ဆီးနည်းသွားလား မနည်းသွားလားကို မိဘများအနေနှင့် မမှန်းတတ်။ ဒီလိုမျိုး ဖြစ်တတ်သည်။
” ဝမ်းသွားတာ အကြိမ်များတော့ ဓာတ်ဆားရည် ပြန်တိုက်ရမယ်။ ဓာတ်ဆားထုပ်ပေးလိုက်မယ်။ ဒီဓာတ်ဆားထုပ် တစ်ထုပ်ကို ရေသန့် ဗူးကြီး တစ်ဗူးနဲ့ ဖျော်ရမယ်။ ပြီးရင် ကလေး ကို ရေတောင်းတိုင်း သေချာ တိုက်ပေးပါ။ ”
” ဟုတ်ကဲ့ပါ ဆရာ ”
ဝိုင်းစိန်တစ်ယောက် သမီးကို ခေါ်ကာ ဆေးခန်းမှ ပြန်လာခဲ့သည်။ ဆရာဝန်မှ ဆေး တွေလည်း ပေးလိုက်သည်။ ကလေး က ဝမ်းမရပ် သေးပဲ ဆက်သွားနေသည်။ ကလေးက ဝမ်းသွားပြီးမှ နို့ပိုစို့သည်ဟု ထင်သည်။ ။ သို့သော် ဓာတ်ဆားရည်တော့ မသောက်။ နောက်တစ်နေ့ ညနေ ခင်း ဆေးခန်းထပ်သွားသည်။
“ကလေးက ဓာတ်ဆားရည်ဝင်ရဲ့လား အမေ”
” ကလေးက နို့တော့ ကောင်းကောင်းစို့ပါတယ်ဆရာ။ ဒါပေမဲ့ ဓာတ်ဆားရည်တော့ သိပ်မဝင်ဘူး။ ”
” ဆီးသွားလား ”
” ဆီးသွားပါတယ်ဆရာ။ ”
” ကလေးက ဝမ်းပျက်ရင် ရေ ဓာတ်အပြင် တစ်ခြား ဓာတ်တွေပါ ဆုံးရှုံးသွားရတာပါ။ ဒါကြောင့် ကလေးကို ဓာတ်ဆားရည် ဝင်အောင် တိုက်ခိုင်းတာပါ။ ကလေးကို ချော့ တိုက်ပါ အမေ။ လိုအပ်လို့ပြောတာပါ ” ဆရာဝန်မှ အမေအား ထပ်မှာလိုက်ရသည်။ ကလေးက မနေ့ကလောက် သိပ် မလန်းသည်ကို တွေ့ရသည်။ သို့သော် အမေနို့ စို့နိုင်သည်။ ဆီးသွားသည်ဆိုတော့ လည်း သိပ်စိုးရိမ်စရာ မရှိပေ။
ဝိုင်းစိန် ဆရာဝန်ပေးသော ဓာတ်ဆားထုပ်လေးကို ယူကာ ပြန်လာခဲ့သည်။ နောက်တစ်ရက် ကလေးဝမ်းရပ်သွားပြီ ဖြစ်သောကြောင့် ဝိုင်းစိန် စိုးရိမ်စိတ်သို့ လွင့် စင်သွားပြီ။ သို့သော် ကလေးက မလန်းဆန်းပါ။ ကလေးက ဂျီ ကျနေသည်။ ဆီးနည်းသွားသည်ဟုလည်း ထင်သည်။ အာခေါင်တွေလည်း ခြောက်နေသည်ဟု ထင်သည်။ အဖျားလေးတောင် နည်းနည်း ရှိနေသလားဟု ထင်မိသည်။ ညနေ ဆေးခန်း နောက်တစ်ခေါက် ထပ်သွားပြမည်ဟု ဆုံးဖြတ်လိုက်သည်။
ဆေးခန်းသို့ရောက်သော် ဝိုင်းစိန်တစ်ယောက် ကလေး ဖြစ်နေသော လက္ခဏာများကို ပြောပြလိုက်သည်။ ဆီးနည်းသွားသည်ဟု ထင်သည်ဟုလည်း ထည့်ပြောလိုက်သည်။
” ဓာတ်ဆားရည် တိုက်ရဲ့လား အမေ ”
” ဟုတ်ကဲ့ ဆရာ ၊ မနေ့က ၁ထုပ်။ ဒီနေ့ ၁ ထုပ် ဝင်ပါတယ်။ ”
” ကလေး က လိမ္မာ လိုက်တာ ဘယ်လို တိုက်လိုက်တာလဲ”
” ရေသန့် ဗူးကြီးနဲ့ဆိုရင် ကလေးကသိပ်မသောက်နိုင်ဘူးလေ။ တစ်ဗူးလုံး မကုန်မဲ့အတူတူ ဓာတ်ဆားထုပ် တစ်ထုပ်ကို ရေခွက် တစ်ခွက် နဲ့ဖျော်ပြီးတိုက်လိုက်တယ်။ ”
” ဗုဒ္ဓေါ ” ဆရာဝန် ဘုရားတမိလိုက်သည်။
” ပြန်ပြော စမ်းပါဦး အမေ။ ဓာတ်ဆား၂ ထုပ်စလုံးကို ရေ နည်းနည်းလေးတွေနဲ့ပဲ တိုက်လိုက်တာပေါ့။ ဟုတ်လား အမေ ” ဆရာဝန်မှ အမေအား မျက်လုံးပြူးပြီး ပြန်မေးလိုက်သည်။ ဝိုင်းစိန် တစ်ယောက် လန့်သွားသည်။ သူဘာများ အမှားလုပ်မိလို့ပါလိမ့်။
” ဟုတ်ကဲ့ပါဆရာ ”
” ဒါကြောင့်မို့ ကလေးက မလန်း တာပေါ့။ ကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်တွေ များနေပြီ။ ”
ဝိုင်းစိန် တစ်ယောက် ဆရာဝန်ပြောသည်ကို သိပ်နားမလည်ပေ။
“ဘယ်လောက်များနေလည်း သိဖို့လိုတယ်။ သွေးဖောက်စစ်ကြည့်ရမယ်။ ကလေးကို စောင့်ကြည့်ဖို့လိုတယ်။ ကျွန်တော် လွှဲစာရေးပေးလိုက်မယ်။ ကလေးကို ဆေးရုံကို ချက်ချင်းသွားပြပါ ”
ယခုမှ ဝိုင်းစိန် မျက်လုံးပြူး သွားသည်။ ယခု အခါ အံသြော် ရသည်က ဝိုင်းစိန်။
“ကလေး က စိုးရိမ်ရလို့လား ဆရာရယ်။ ဝမ်းရပ်သွားပြီပဲကို။ ”
” ကလေးငယ်ငယ်လေး တစ်ယောက် ကို ဓာတ်ဆားထုပ် တစ်ထုပ်လုံးကို ရေနည်းနည်းလေးနဲ့ တိုက်လိုက်တယ်ဆိုတော့ ဓာတ်ဆားထုပ်ထဲမှာ ပါတဲ့ Sodium ဆိုတဲ့ ဓာတ်က များ နေမှာပဲ။ အသက် အန္တရာယ်တောင် စိုးရိမ်ရတယ် ”
” ဆရာပဲ တစ်ထုပ်လုံးကုန်အောင် တိုက်ဆိုလို့ ကျွန်မ တစ်ထုပ်လုံး ကုန်အောင် တိုက်တာပဲလေ။ ဆရာပြောတဲ့ အတိုင်း တိုက်တာပဲ ”
“ကျွန်တော် တိုက်ခိုင်းတာက ရေသန့်ဗူးကြီး တစ်ဗူးနဲ့ ဓာတ်ဆားထုပ်ကို ဖျော်ရမယ်လို့ပြောတာ။ ဓာတ်ဆားဖျော်တယ်ဆိုတာ သူ့အတိုင်းအဆနဲ့သူ ဖျော်ရတာ။ ဒီလိုမျိုး ကိုယ့်သဘောနဲ့ကို ရေနည်းနည်း နဲ့ ပျစ်ပျစ်ဖျော်သောက်လို့မရဘူး။ ရေသန့်ဗူးကြီး တစ်ဗူး အပြည့်ဖျော်မှ ကလေး ရဲ့ ကိုယ်ခန္ဓာထဲ ကို ရေဓာတ်ရော ဆားဓာတ်ရော အချိုးအစား ညီညီ ရောက်မယ်။ အခု အမေ တိုက်လိုက်သလိုမျိုး ရေ နည်းနည်း နဲ့တိုက်ရင် ကလေးရဲ့သွေးထဲမှာ Sodium ဓာတ်များသွားပြီး ကလေး အသက် အန္တရာယ်ရှိတယ် ” စကားရပ်တာနှင့် လွဲစာ မြန်မြန်ရေးနေရသည်။ အချိန်မီ ဆေးရုံပို့ချင်သည်။
” ”
” ဆရာ ကုပေးလို့ မရဘူးလားဟင်။ ကျွန်မ နေ့တိုင်း လာပြပါမယ်။”
ဝိုင်းစိန် တစ်ယောက် ဆရာဝန်အား အားကိုးတကြီးနှင့် တောင်းဆိုလိုက်သည်။
” သွေးဖောက်စစ်ကြည့်ရမယ်။ကျွန်တော့်ဆေးခန်းမှာ ဆိုရင် ဒါမျိုးတွေ လုပ်လို့ မရဘူး။ ဒါ့အပြင် ကလေးကို အချိန်ပြည့်စောင့်ကြည့်ဖို့လိုတယ်။ Sodium ဆိုတဲ့ ဓာတ် သွေးထဲမှာ ဘယ်လောက် များနေလဲဆိုတာ သိဖို့လိုလာပြီ။ ကျွန်တော် ကုနိုင်ရင် ကျွန်တော် ကုပေးပါတယ်။ အခုဟာက တကယ် အရေးကြီးလို့ ဆေးရုံပဲ အမြန်သွားပါ ”
” ဟုတ်ကဲ့ပါ ဆရာ။ ကျွန်မ အမြန်သွားပါမယ်။”
ဝိုင်းစိန် တစ်ယောက် နောက်ဆုံးအကြိမ် ဆရာဝန်ကို ထပ်မေးလိုက်သည်။
” ကလေး က တော်တော် စိုးရိမ်နေရလားဟင် ”
” အခုချိန် မြန်မြန်သွားရင် ဆရာဝန်တွေ က အကောင်းဆုံးကု ပေးမှာပါ။ ” ဆရာဝန် မှ ဝိုင်းစိန်အား အားပေးစကားပြောလိုက်သည်။
” ဟုတ်ကဲ့ပါ ဆရာရယ်။ ခွင့်ပြုပါဦး ” ဟု ဆိုကာ ကလေးကို ပိုက်၍ အမေပြန်ထွက်သွားသည်။
မိဘများသိပ်ခက်သည်။ အဲဒီလို ခက် သည့် မိဘများနှင့်လည်း ခဏခဏ တွေ့နေရသည်။
ဆရာဝန် သက်ပျင်းအရှည်ကြီး တစ်ခု ကိုချလိုက်သည်။ ပက်လက် ကုလားထိုင်ကို နောက်မှီ ထိုင်ချလိုက်သည်။ မျက်မှန်ကို ချွတ်လိုက်သည်။ လက်ကိုင်ပဝါနှင့်မျက်နှာပေါ်ရှိ ချွေးများကို သုတ်လိုက်သည်။ မျက်လုံးကို မှိတ်၍ ဆုတောင်းလိုက်သည်။ ကလေး ကံကောင်းပါစေ။
Author : Dr. အေးချမ်းမိုး