ပေါက်စနတို့ ဝမ်းလျှောသော်
ဒီနေ့ ဆေးရုံဂျူတီလည်း မရှိ ….ဆေးခန်းလည်းထိုင်စရာမလိုတဲ့ တနင်္ဂနွေနေ့မို့ ဒေါက်တာနှင်း မနက်စောစောလေးထပြီး နှပ်ကာဖီလေးနဲ့ ငြိမ့်မလို့ရှိသေး..ခြံဝက ခေါ်သံကြားရသည်။ သွားကြည့်တော့ ဟိုဘက်လမ်းက မငယ်…။ မငယ်က ကလေး ၃ ယောက် အမေ …အိမ်နဲ့တွဲရက် ထမင်းဆိုင်လေးဖွင့်ထားသည်။ သူ့ ဟင်းတွေက အိမ်ချက်ပုံစံလေးမို့ ကိုယ် အပျင်းကြီးပြီးမချက်ဖြစ်တဲ့ နေ့မျိုးဆို မငယ်ဟင်းက နတ်သုဒ္ဓါ….မကြာမကြာ အားပေးတာမို့ခင်နေပြီ။
” မငယ် ဘာဖြစ်လို့တုံး??”
” အိမ်က အငယ်ကောင်လေး ဝမ်းတွေ ခဏ ခဏ သွားလို့ ဆရာမရေ…မနက် ၄ နာရီလောက်ထဲက သွားတာ… ကလေးက ငိုလည်းငို… မငယ် ဆရာမကို လာခေါ်ချင်တာ …. အစောကြီးဆိုတော့ အားလည်းနာလို့ လင်းတဲ့ထိစောင့်ပြီး ခုလာခေါ်တာ… ကြည့်ပေးပါဦး ဆရာမရေ”
ဖျော်ပြီးသားကော်ဖီခွက်ပူပူလေးကို ဘေးချ… နားကြပ်လေးနဲ့ ကလေးသွေးပေါင်တိုင်းကိရိယာ လေးယူပြီး မငယ်နောက်လိုက်ရသည်။ သူ့ကလေးကို ဒေါက်တာနှင်း သိသည်။ ၃ နှစ် ကျော်လေး…ဆော့လိုက်သည်မှာ လက်လက်ကို စင်လို့ ။ အိမ်ရောက်တော့ ပိစိ က အီးအိုးထိုင်နေသည်.. ငိုထားတာလည်း မျက်နှာလေးကိုရဲလို့! မုန့်ကျွေးနေကြ ကိုယ့်ကိုမြင်တော့ လက်ကလေးဆန့်ပြီး “တီတီ ချာမ ” လို့အော်သည်…. သူ့နားလာပါပေါ့လေ။ သူ အီအီးပါပြီးတော့ သူ့မေမေက သန့်ရှင်းရေး လုပ်ပေးတာခံပြီးတာနဲ့ ကိုယ့်ပေါင်ပေါ်ရောက်လာသည်။ ပိစိ ကို ကြည့်ရတာတော့ လန်းလန်းဆန်းဆန်း ပဲ။ မျက်ကွင်းကျတာ… မျက်နှာချောင်တာ…နှုတ်ခမ်းအသားတွေခြောက်တာ စတဲ့ ရေဓာတ်ခမ်းနေတဲ့ လက္ခဏာတွေ ဘာမှ မရှိသေး…သိပ်များမကြာသေးလို့ပဲလား! ကိုယ်လေးကတော့ နွေးတေးတေးရယ်။
” မငယ် … ပိစိ ဝမ်းသွားတာ စုစုပေါင်း ဘယ်နှခါ ရှိပြီလဲ?”
“ဒါနဲ့ဆို ၅ ခါမြောက်ဆရာမ”
” ဘာတွေသွားလဲ” ဆိုတော့ မငယ်က အီးအိုးလေး လက်ညှိုးထိုးရင်း” ၅ ခေါက်လုံး ဒီပုံစံပဲ ဆရာမ” တဲ့
ပိစိကို ချီ ရင်း ကဲကြည့်လိုက်တော့ ဝါဝါ အရည်တွေ အကြမ်းပန်းကန်လုံး ၁ ဝက်စာလောက်တွေ့ရသည်။ သွေးမပါ အချွဲမပါ… အရည် ဝါဝါကျဲကျဲ တွေချည်း။
“ကလေးကို ဘာသွားကျွေးတုံး မငယ်?”
“ဘာမှ အထူးအဆန်း မကျွေးပေါင် ဆရာမရယ်… စားနေကျ ထမင်းဟင်းပါပဲ… မူကြိုက အပြန် လိမ္မော်သီးစားတယ်.. ဒါပဲ”
သူ့ အမေနဲ့ စကားပြောနေတုန်း ပိစိက လက်ကလေး စုပ်နေတာမြင်တော့ အော့အော့တွေ ဟု ချော့ပြောပြီး ဆွဲထုတ်ရသည်။ ဒေါက်တာနှင်း နည်းနည်း စဉ်းစားမိပြီ!
” မငယ်… ဝမ်းမလျှောခင် ကလေးက အန်သေးလား?”
” ဟာ ဟုတ်တယ်… အန်သေးတယ် ဆရာမ.. ၂ ခါတောင်… ညကစားထားတဲ့ ဟာတွေ ပြန်အန်တာပဲ… အန်ပြီး မကြာပါဘူး… ချီးတွေပန်းရော”
“ဒါဆို ပိစိ ဖြစ်တာ Rota virus ကြောင့်နေမယ်… ဆောင်းတွင်းလည်း ဆောင်းတွင်းဆိုတော့… သူ့မူကြိုမှာ ရော ဒီလို ဝမ်းလျှောတဲ့ကလေးတွေရှိတယ်တဲ့လား??”
” အဲဒါတော့ မမေးကြည့်မိဘူး ဆရာမရယ်”
” ရှိဖို့များတယ် ….အဲဒီ့ကပဲ ကူးခဲ့တာနေမယ်… ပိစိက လက်စုပ်တဲ့အကျင့်လေးရှိတော့… အဲဒါ မကောင်းဘူး မငယ်ရေ..မလုပ်စေနဲ့”
” ဟုတ်… ခုရော စိုးရိမ်ရလား ဆရာမ”
” အရမ်းစိုးရိမ်ရတဲ့ထဲမှာ မပါပါဘူး… ဝမ်းထဲမှာ သန်ကောင်ပါလာလား.. သွေးတွေ အချွဲတွေပါလားစောင့်ကြည့်… သွေးပါရင် ဝမ်းကိုက်ပိုးဖြစ်နေမှာစိုးလို့! ပိစိ ဝမ်းအရောင်လေးက အဝါရောင်ပဲ ဆိုတော့ သိပ်စိတ်ပူစရာမလိုဘူး…ဆန်ဆေးရေလို ဖြူဖြဲဖြဲ ဖြစ်သွားရင်တော့ မကောင်းဘူး! ခုတိုင်းပဲ ဆိုရင်တော့ virus ကြောင့်ဖြစ်တာပဲနေမှာပါ… ပိုးသတ်ဆေးမလိုဘူး။ ဆောင်းတွင်းပိုင်း ၅ နှစ်အောက်ကလေးတွေ ဝမ်းလျောပြီ… ကိုယ်ငွေ့ငွေ့လေးနဲ့ ဝမ်းအရည်ကျဲကျဲ ဝါဝါတွေ သွားပြီဆို.အကုန်နီးပါး . Rota ကြောင့်ပဲ.. အဲလောက်ထိပေါတာ.. ကူးလွယ်တာကိုး! “
“ရိုတာ တဲ့.. နာမည်က ဟို အဆိုတော်နဲ့ ခပ်ဆင်ဆင်ရယ်” သူ့ကလေး မစိုးရိမ်ရဘူးဆိုတာနဲ့ မငယ်ကတော့ ပြုံးဖြဲဖြဲ ဖြစ်သွားလေပြီ!
“ဟုတ်ပ… ဒီ ရောဂါ က တစ်ခု ပဲ စိုးရိမ်ရတယ်! သူက အရည်တွေချည်းသွားတာလေ… ဆိုတော့ ဒီကောင်ဖြစ်ရင် ကလေးတွေရေဓာတ်ဆုံးရှုံးတာ သိသာတယ်.. မြန်တယ်!ကလေးငယ်လေ သေးလေ .. ရေဓာတ်ဆုံးရှုံးဖို့ပိုလွယ်ဖြစ်တော့ ပိုကြောက်ရလေပဲ… အဲဒါကြောင့် ရေဓာတ်ကို တတ်နိုင်သလောက်ပြန်ဖြည့်ပေးရတယ်..ဒီတော့ကာ မငယ်သားကို အရေများများတိုက်ပါ.. အဓိက ကတော့.. ဓာတ်ဆားရည်ပေါ့… ဒါကို မသောက်ချင်ဘူးဆိုရင် ရိုးရိုးရေတိုက်လို့ရတယ်..ကြက်ပြုတ်ရည်ရတယ်… ပြီးတော့ ထမင်းရေ သကြားလေးနဲ့ ဆားလေးခပ်တိုက်.. ရှယ်ပဲ… ”
“အဲဒါ သူကြိုက်တယ် ဆရာမ… ကျွန်မ အကျင့်လုပ်ထားတာ…ဆိုင်အတွက်က ငှဲ့ချက်ရတာကိုး.. ကလေး၃ယောက် တစ်ယောက်တစ်ပန်းကန်ပဲ”
” သိပ်ကောင်းတယ်… အောက်ကထွက်သလောက် အပေါ်က ပြန်ဖြည့်နိုင်ရင် ဘာမှကြောက်စရာ ကို မလိုတာ… နောက်ပြီး ဒီလို ဝမ်းလျှောပြီးကြာရင် ကလေး က ပျော့ခွေ သွားတတ်တယ်.. အဲဒါ ပိုတက်ဆီယမ် လို့ခေါ်တဲ့ ဓာတ်တွေ ဆုံးရှုံးသွားလို့ဖြစ်တာ… ပြန်ဖြည့်ဖို့ဆို.. အုန်းရည် တိုက်.. သိပ်ကောင်းတယ်!ပြီးတော့ ဖီးကြမ်းငှက်ပျောသီး .. အရည်ရွှမ်းတဲ့ အသီးကျွေး..ခုန မငယ်ပြောတာ လိမ္မော်သီးနော့် … တည့်တယ်..ကျွေးသာကျွေး! စားနေကြ ထမင်းဟင်းလည်း ကျွေးလို့ရတယ်! တချို့ အမေတွေရှိတယ်… ကလေးက ဝမ်းလျှောပြီဆို ကြောက်လန့်ပြီး အစာဖြတ်ရေဖြတ် လုပ်တာ…ဝမ်းထပ်သွားမှာစိုးလို့ဆိုပြီး! လုံးဝ မလုပ်ရဘူး… ရေဓာတ်နဲ့ အာဟာရတွေ ဆုံးရှုံးထားတဲ့ကလေးကို ထပ်မဖြည့်ဘဲ တမင်ရပ်ပစ်လိုက်ရင် ပိုဆိုးမှာပေါ့။ အကယ်၍ ကလေးက အန်တယ် ဆိုရင်လည်း အစားကြွေးတာကို မရပ်ပစ်ဘူး.. အချိန်ခြားပြီး နည်းနည်းနဲ့ ခဏခဏကျွေးတဲ့အကျင့်ကို လုပ်ရတယ်..”
” မဝင်မှာတော့ မပူနဲ့ဆရာမ… သူဘယ်လောက် အစားမက်ကြောင်း ကျွန်မ အသိဆုံး”
” အစားဝင်နေသမျှ အခြေအနေကောင်းတယ်.. အဓိကကတော့ အရည်ပေါ့… ဒါပေမယ့် virus ပိုးရဲ့ ပင်ကို သဘောက အစားအသောက် ပျက်စေတဲ့ သဘောရှိတော့.. မစားဘူးဆိုလည်း ချော့သာကျွေး.. ကလေးကိုလည်းစောင့်ကြည့်ပေါ့… ဝမ်းသွားတာ ပိုစိပ် ပိုများလာလား… ရေဓာတ်ခမ်းတဲ့လက္ခဏာတွေ သွေးလန့်တဲ့ လက္ခဏာတွေပေါ်လာသလားပေါ့”
” ဘယ်လိုဟာမျိုးတွေလဲ ဆရာမ?”
” ဝမ်းအရည်တွေ သွားတဲ့အကြိမ်ရေများလာတာနဲ့အမျှ အလျှင်မီအောင်ပြန်မဖြည့်နိုင်ရင် ရေဓာတ်လည်းလျော့ပါး လာမှာပဲ.. အဲလိုဆို .. ကလေးက ရေခဏခဏ ဆာမယ် တောင်းမယ်.. မျက်တွင်းလေးတွေ ကျလာမယ်… နှုတ်ခမ်းသားလေးတွေခြောက်လာမယ်… အဲကနေမှ ခန္ဓာကိုယ် အသားအရေ ခြောက်လာမယ်..အရင်က ကလေးက ဝဝ လုံးလုံး ကစ်ကစ်ကလေးကနေ ရုတ်တရပ် ပူဖောင်းလေလျော့သလို ပျော့လာမယ်.. အရေပြားတင်းအားလျော့ပြီး ပျင်းတွဲ ကြီးဖြစ်လာမယ်.. ဒီအခြေအနေလောက်ဆိုရင်ကို ကလေးကို ဆေးခန်းပြ .. ဒါမှမဟုတ် ဆေးရုံတင်ထားပြီးစောင့်ကြည့်သင့်ပြီ…ပိုဆိုးတဲ့ အခြေအနေကတော့ ကလေးခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်လုနီးပါဖြစ်ပြီး ကလေးကမှိန်းသွားပြီး ပျာ့ခွေသတိလစ်တဲ့ အဆင့်ထိဖြစ်နိုင်တယ်”
” အမယ်လေး… ”
” မငယ်သားက စားနိုင်တယ်ဆို မငယ်ရဲ့.. ” လို့ရယ်ကာမောကာပြောရင်း လန့်သွားပုံရသော သားသည်အမေကို စိတ်ပြေအောင် စ ရသည်။
” ဒါဆို အခု သားလေးကိုက ဆေးတိုက်စရာ မလိုဘူးလား ဆရာမ?”
“သူ့မှာ အဖျားရှိတော့ အဖျားကျဆေးတော့ တိုက်ရမှာပေါ့..Paracetamol ဆေးရည် လေး လက်ဖက်စား ဇွန်းနဲ့ တစ်နေ့ ၃ ကြိမ်တိုက်လို့ရတယ်လေ.. အရည် မလွယ်ရင် .. ၅၀၀ မီလီဂရမ်ပါတဲ့ ပါရာစီတမော ဆေးပြားကို လေးစိတ် စိတ်.. တစ်စိတ်ကို တစ်နေ့ ၃ ကြိမ် တိုက်ပေါ့… ခု ပိစိက အန်ရောအန်သေးလာ?? ”
” မအန်တော့ဘူး.. ဆရာမ”
” အန်ခဲ့ရင်.. ကျွန်မဆီလာလိုက် .. ကလေးလေးတွေသောက်တဲ့ အအန်ပျောက်ဆေးရေရှိတယ်.. အဲဒါလေးဆို အဆင်ပြေသွားလိမ့်မယ်… လောလောဆယ် သူသောက်နေကြအားဆေးရှိလား?? မရှိရင် zinc ဓာတ်ပါတဲ့အားဆေးရေလေးဝယ်တိုက်.zinc ကဝမ်းလျှောတာကိုလျော့ပါးသက်သာစေတယ်.. ထပ်မဖြစ်အောင်လည်း အထိုက်အလျောက် ကာကွယ်ပေးတယ်… ချိုချိုမွှေးမွှေးလေးတွေ အများကြီးရှိတယ်! ကျွန်မရေးပေးခဲ့မယ်”
” ဆရာမ … ဒီဟာလေ… ကာကွယ်ဆေးရှိလား”
” အမယ်… မငယ်က ဘယ်ခေ လို့တုံး… ရှိပါ့… အပြင်ဆေးခန်းဆေးဆိုင်တွေမှာရောင်းတယ်.. ၂ မျိုးရှိတယ်.. ပါးစပ်ထဲ အစက်ချတဲ့ဆေး ရယ် အသားထိုးဆေးရယ်.ကာကွယ်ဆေးဆိုလို့ .ဒီပိစိ ဝက်သက် ကာကွယ်ဆေးထိုးပြီးသားဟုတ်?? ဝက်သက်ပေါက်ပြီးရင်လည်း ကိုယ်ခံအားနည်းတော့ ဝမ်းလျှောတတ်လို့”
“ဘာဆေးတွေလည်းတော့ မသိပါ ဆရာမရယ်.. သူ့ကိုက ဂျမခါနာမယ်မွေးတာလေ… ဆေးရုံကပြောသမျှ အကုန်ထိုးတာပဲ… ဇယားကွက်လေးတွေနဲ့ အစေ့ပဲ”
“ဒါဆိုရပါပြီ… အဓိကက လက်သန့်ရှင်းရေးပဲ…ကလေးတွေကို လက်ခဏခဏ ဆေးပေး…ဘယ်ကပြန်လာပြန်လာ..ဘာကိုင်ပြီးပြီး လက်ဆေးပေး! နောက်တစ်ခုကလေ.. နို့တိုက် အမေတွေမှာ သတိထားစရာပေါ့.. ပိစိ က နို့ပြတ်သွားပြီနော့..??”
” ဟုတ်တယ်.. အတင်းဖြတ်ရတာ ဆရာမရေ… ၃ /၄ လ ရယ်ရှိသေးတယ် ပြတ်သွားတာ”
“အဲဒါလေ… ကလေးနို့တိုက်ရင် နိုဘူးကူကြတယ်ဟုတ်?? နို့ဘူးကို အနည်းဆုံးသုံးဘူးလောက်ထားပြီးပြုတ်ဆေးနိုင်မှ… အမေတွေက နို့ဘူးသန့်ရှင်းရေးတော့ လုပ်ကြပါတယ်! မလုပ်တာ က ရင်သားသန့်ရှင်းရေး… ဘယ်က ဘာလုပ်ပြီးပြန်လာမှန်းမသိ.ချွေးတွေသန်တွေနဲ့ .. စွက်ဆိုလှန်ပြီးကလေးနို့တိုက်ရော… တစ်ခါ ကျွန်မဆေးရုံမှာတွေ့လို့ပြောရသေး..ဟဲ့ ချွေးတွေသန်တွေနဲ့ နင့်အသား နင်လျှာနဲ့လျက်ကြည့်စမ်း.. လျက်ချင်လားဆိုတော့ ဟင့်အင်း တဲ့! အေး.. တိုက်ခါနီးရင်သားကိုဆေးပါဟဲ့..ကိုယ်ကရေမချိုးရသေးဘူး ချွေးနဲ့သန်နဲ့ဆိုရင် . နို့တိုက်ခါနီးရင်သားကိုဆေးပါဟဲ့..အဝတ်သန့်နဲ့ သုတ်.. ပြီးမှတိုက် လို့ပြောရတယ်..!” ဆိုတော့ မငယ်မှာ ရယ်လိုက်တာ …
” ဟုတ်တယ် ဆရာမရေ… နောက်ရှိသေးတယ်.. ဝါးကျွေးတာ.. ကျွန်မ က ကိုယ်တိုင်လည်း ရွံတတ်တော့ ဘယ်တော့မှ ဝါးမကျွေးဘူး! ”
ဟုတ်သည်… မငယ်က အသန့်ကြိုက် … ချက်တာပြုတ်တာလည်း သန့်လို့ပင် သူ့ဆိုင်က အရောင်းရဆုံး။
” ပိစိကတော့ ကြည့်ရတာ မူကြိုက ကူးလာဖို့ များတယ်.. ၂ ရက် ၃ ရက်လောက် အိမ်မှာပဲထားဦး မငယ်.. သန့်ရှင်းရေးလေး ဂရုစိုက်လုပ်.. gas ပါတဲ့ အချိုရည်တွေ မသောက်စေနဲ့.. ဟိုနေ့က လက်ဖက်ရည်ဆိုင်မယ် သူ့ အဖေနဲ့ တူတူထိုင်နေတာတွေ့သေးတယ်.. ပိစိကို လက်ဖက်ရည်ကော်ဖီလည်း မတိုက်နဲ့နော်… မတည့်ဘူး.. ဝမ်းပိုသွားတတ်တယ်.. လူကြီးသောက် လိုက်တောင်းသောက်နေမှာစိုးလို့!”
“အမလေး သောက်ပါ့တော်… သူ့အဖေ မှာထားလိုက်မယ်! ဆရာမ… မပြန်နဲ့… ဒီမှာ မနက်စာစားသွားချေပါ… ကျွန်မ ဖက်ကဖောင်ထမင်းကြော်ကြော်ဖို့ပြင်ထားတာ.. အကုန်ပြီးတော့မယ်”
ဆေးလည်းကုပြီး…မငယ်လက်ရာ ပင်စိမ်းထမင်းကြော်လွေးပြီးသကာလ အိမ်မှာကျန်ခဲ့တဲ့ ကော်ဖီခွက်ကို ဒေါက်တာနှင်း သတိမရတော့။ မနက်ခင်းကား အဟောသုခံ ချမ်းသာလေစွ…..။ ။
Author : နှင်းနုအေး