fbpx

Myanmar (Covid-19 Stats)

😷 49,072 Total Cases
😥 1,172 Deaths
😇 28,636 Recovered

မွေးကင်းစကလေးငယ်လေးများ နို့အန်လျှင် စိုးရိမ်ရပါသလား

မွေးကင်းစ ကလေးငယ်လေးများ နို့အန်လျှင် စိုးရိမ်ရပါသလား

မွေးကင်းစကလေးငယ်လေးများတွင် နို့စို့ပြီးသည်နှင့် မကြာခဏနို့အန်ခြင်းများ ဖြစ်လေ့ရှိပါတယ်။ သာမန်အားဖြင့် ကလေးငယ်များတွင် ဖြစ်လေ့ဖြစ်ထရှိသောကြောင့် စိုးရိမ်စရာ အခြေအနေတစ်ခုမဟုတ်ပါဘူး။ အသက် ၁နှစ်နှင့်၆လကျော်လျှင် တဖြည်းဖြည်းသက်သာသွားတတ်ပါတယ်။

ကလေးငယ်တစ်ယောက်သည် နို့စို့ပြီးတိုင်း မကြာခဏ နို့အန်တတ်သော်လည်း သင့်ကလေးငယ်သည် လန်းဆန်းနေခြင်း၊ ကိုယ်အလေးချိန်မကျဘဲ ကောင်းစွာကြီးထွားနေလျှင် စိုးရိမ်စရာမရှိပါဘူး။ သို့သော် ကလေးငယ်များတွင် ရှားရှားပါးပါးဖြစ်တတ်သော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ နို့နှင့်ဓာတ်မတည့်သည့်ရောဂါများ စသည်တို့ဖြစ်နိုင်ကြောင်း သတိရှိသင့်ပါတယ်။

မွေးကင်းစကလေးငယ်များတွင် နို့အန်ခြင်းဖြစ်ရခြင်းမှာ ကလေးငယ်လေးများ၏ အစာပြွန်လမ်းကြောင်းနှင့် အစာအိမ်ရှိ ကြွက်သားများမှာ ကောင်းမွန်စွာ မဖွံ့ဖြိုးသေးသောကြောင့်ဖြစ်ပါတယ်။ဒါ့အပြင်

– ကလေးငယ်လေးများကို နို့တိုက်ပြီးသည့်အချိန်တွင် အမြဲလှဲလျက်ထားခြင်း

– အသက် ၆ လကျော်သော ကလေးငယ်များကို ဖြည့်စွက်အစာကျွေးသောအခါ အရည်များပင် တိုက်နေခြင်းနှင့်

– ပေါင်မပြည့်၊ လမစေ့သောကလေးငယ်များဖြစ်နေခြင်း စသည့် အကြောင်းအရာများသည်လည်း နို့အန်ခြင်းကို ဖြစ်စေပါတယ်။

ဒီလိုအကြောင်းအရာများအပြင် တစ်ချို့သော ရောဂါများကြောင့်လည်းဖြစ်နိုင်ပါတယ်။ ၎င်းတို့မှာ-

– အစာအိမ်အတွင်း အက်စစ်များပြားမှုကြောင့် အစာအိမ်နံရံများ ပျက်စီးခြင်း၊ ထိုအက်စစ်များကြောင့် အစာပြွန်နှင့် အစာအိမ်မှ အစာများ ပြန်ထွက်လာခြင်း (Gastro-oesophageal reflux)

– အစာအိမ်နှင့် အူသိမ်ကြားရှိ အဆို့ရှင်၏ကြွက်သားမှာထူပြီး ကျဉ်းနေခြင်းကြောင့် အစာများမှာ အူထဲသို့မဆင်းနိုင်ဘဲ အစာအိမ်ထဲမှ ပြန်၍ ပျို့အန်နိုင်ခြင်း(Pyloric stenosis)

– နွားနို့နှင့် Formual နို့ထဲတွင် ပါဝင်သော Lactose ဓာတ်မတည့်ခြင်း (Lactose intolerance) အစရှိသည့် ရောဂါများ ရှိနေခြင်းကြောင့်လည်း ပျို့အန်နိုင်ပါတယ်။

ပုံမှန်အားဖြင့် ကလေးငယ်များတွင် နို့အန်ခြင်းသည် စိုးရိမ်စရာမရှိသော အခြေအနေပါ။
သို့သော် အောက်ဖော်ပြပါ လက္ခဏာများ တွေ့ရှိပါက ဆေးရုံ၊ ဆေးခန်းသို့ ပြသရပါမည်။
၎င်းတို့မှာ-

– သိသာစွာ ကိုယ်အလေးချိန် ကျဆင်းနေခြင်း၊

– ရင်ခေါင်းထဲမှ အန်သကဲ့သို့ အလွန်အမင်းပျို့အန်နေပြီး ဗိုက်ကော့ကာ ငိုနေခြင်း၊

– အန်သောအခါ အစိမ်းရောင်၊ ဝါညစ်ညစ်အရောင်များပါနေခြင်း

– ကော်ဖီရောင်ကဲ့သို့အရည်များ (သို့) သွေးအန်ခြင်း

– ကလေးဝမ်းသွားသောအခါ သွေးပါခြင်း

– နို့မစို့တော့ခြင်း၊ အစာမစားတော့ခြင်း

– နာတာရှည်ချောင်းဆိုးနေခြင်း (သို့) အသက်ရှူရခက်နေခြင်း

– အသက်၆လရောက်မှ နို့နှင့်အစာများ ပျို့အန်လာခြင်း စသည်တို့ဖြစ်ပါတယ်။

အထက်ပါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်များနှင့် သေချာပြသပြီး ဆေးစစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။

ထိုသို့ လက္ခဏာများမရှိဘဲ နို့စို့ပြီးတိုင်း မကြာခဏ နို့အန်နေပါက မိဘများအနေဖြင့် ပြုလုပ်ပေးနိုင်သော အရာများရှိပါတယ်။

– ကလေးကို တစ်ခါတည်းနဲ့ နို့အဝမစို့စေပဲ နည်းနည်းနှင့် ခဏခဏ နို့တိုက်ပေးပါ။

– နို့စိုနေစဉ် ကြို့ထိုးခြင်း၊ ပျို့အန်ခြင်းဖြစ်လာပါက နို့တိုက်ခြင်းကို ခဏရပ်ပေးပါ။

– မေမေများက မိမိကလေးငယ်များကို နို့တိုက်ပြီးသည်နှင့် ကလေးကို ထိုင်လျက်အနေအထား (သို့) မတ်တပ်အနေအထားဖြင့် မိနစ် ၂၀ မှ ၃၀ အထိ ထားပေးပါ။

– အကယ်၍ မိမိကလေးငယ်မှာ ဓာတ်မတည့်မှုတစ်ခုခုကြောင့် နို့အန်နေသည်ဟု ယူဆမိလျှင် နို့တိုက်မိခင်အနေနှင့် နို့နှင့် နို့ထွက်ပစ္စည်းများ၊ အသားနှင့် ဥများ စားသုံးခြင်းမှ ခေတ္တရပ်ကြည့်ပေးပါ။

– နို့ဘူးတိုက်နေသော မိခင်များအတွက် လက်ရှိတိုက်နေသော နို့မှုန့်ကြောင့် ပျို့အန်နေပါက တခြား နို့မှုန့် အမျိုးအစားကို ရွေးချယ်ပြီး တိုက်ပေးပါ။

– နို့ဘူးတွင် အသုံးပြုသည့် နို့သီးခေါင်းကိုလည်း ကလေးပါးစပ်နှင့် သင့်တော်သည့်အရွယ်အစားဖြစ်အောင် ရွေးချယ်ပါ။ နို့သီးခေါင်း အရမ်းကြီးတာ အရမ်းသေးတာဖြစ်နေပါက ကလေးသည် နို့စို့နေစဉ် အစာပြွန်ထဲ လေဝင်၍ ပျို့အန်နိုင်ပါတယ်။

– နို့စို့ပြီးတိုင်း ကလေးငယ်ကို မိမိပခုံးပေါ်တင်ပြီး ကလေး၏ ကျောပြင်ကို လက်ဖဝါးဖြင့် အသာအယာပုတ်ပေးပါ။ သို့မှသာ အစာကြေပြီး လေချဉ်တက်ခြင်း၊ ပျို့အန်ခြင်းတို့မှ ကင်းဝေးစေပါတယ်။

– အကယ်၍ မိမိကလေးငယ်မှာ နွားနို့နှင့် formula နို့မှုန့်တို့ထဲတွင်ပါဝင်သော lactose ဓာတ်မတည့်ခြင်းကြောင့် ပျို့အန်ပါက နွားနို့မတိုက်ပါနဲ့။ နို့မှုန့်ရွေးချယ်ရာတွင် lactose မပါသော နို့မှုန့်ကိုသာရွေးချယ်ဝယ်ယူပါ။

အထက်ဖော်ပြပါ နို့အန်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော လက္ခဏာများနှင့် ကာကွယ်ရန်နည်းလမ်းများမှာ မိဘများအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျန်းမာကြံ့ခိုင်သော ကလေးငယ်များ ဖြစ်ကြပါစေ။

Dr.သီတာလှိုင်(ဆေး-၂)

ဆက်စပ် ဆောင်းပါးများ