fbpx

Myanmar (Covid-19 Stats)

😷 44,774 Total Cases
😥 1,095 Deaths
😇 24,920 Recovered

ကလေးငယ်များ ကိုယ်ပူနေစဉ် ရေပတ်တိုက်သင့်သလား၊ အစာကျွေးသင့်သလား?

ကလေးငယ်များ ကိုယ်ပူနေစဉ် ရေပတ်တိုက်သင့်သလား၊ အစာကျွေးသင့်သလား?

ကလေးငယ်လေးများ ဖျားလျှင် ရေပတ်တိုက်ရမလား၊ အစာကျွေးရမလားဆိုသော မေးခွန်းများမှာ ကျွနု်ပ်တို့ ဆရာဝန်များ နေ့စဉ်ကြုံတွေ့နေရသော မေးခွန်းများပင်ဖြစ်ပါတယ်။ မိဘတော်တော်များများတွင်လည်း မှားယွင်းနေသော အယူအဆလေးတွေ ရှိတတ်ကြပါတယ်။ ကလေးငယ်များ ကိုယ်ပူအရမ်းကြီးလျှင် မိဘများမှာ စိုးရိမ်တတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးငယ်များ ဖျားလျှင် အိမ်တွင် ပြုလုပ်ပေးနိုင်သည့် အရာများနှင့် သိသင့်သော အကြောင်းအရာလေးများကို ပြောပြပေးပါရစေ။

ကလေးငယ်များ ဖျားရခြင်းမှာ ကျွနု်ပ်တို့၏ဦးနှောက်တွင် hypothalamus ဟုခေါ်သော ခန္ဓာကိုယ်၏ အပူချိန်ကို ထိန်းညှိပေးတဲ့ အစိတ်အပိုင်းတွင် အပူချိန်တက်လာခြင်းကြောင့်ဖြစ်ပါတယ်။ အပူချိန်တက်လာသောအခါ ကလေးငယ်မှာ ချမ်းတုန်သောကြောင့် စောင်ထူထူ၊ အနွေးထည်ထူထူဝတ်ထားတတ်ကြပါတယ်။

ဒီလိုတွေဝတ်ခြင်းက ကိုယ်အပူချိန်ကို ပိုမိုတက်စေပါတယ်။ ကလေးငယ်များ၏ ခန္ဓာကိုယ်အပူချိန်သည် 98.6°F (သို့) 37°C နှင့်အထက် ရှိနေပါက ဖျားနေခြင်းဟု ယူဆနိုင်ပါတယ်။ သို့သော် ရာသီဥတုပူနေခြင်း၊ ကလေးငယ်များကစားခြင်း၊ ပြေးလွှားခြင်းတို့ကြောင့်လည်း ကိုယ်အပူချိန်တက်နိူင်ပါတယ်။ မနက်ပိုင်းနှင့် နေ့ခင်းနေ့လည်တို့တွင် ကိုယ်ပူကျနေတတ်ပြီး ညနေစောင်းနှင့် ညဦးပိုင်းအချိန်တို့တွင် ကိုယ်အပူချိန်ပြန်တက်နိုင်ပါတယ်။

သာမန်အားဖြင့် ကလေးငယ်များဖျားခြင်းသည် အန္တရာယ်ရှိနိုင်သော အခြေအနေတစ်ခုမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကလေးငယ်များ၏ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသော ရောဂါပိုးများကို တိုက်ဖျက်နေခြင်းကြောင့် ဖျားရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကလေးငယ်တစ်ဦးဟာ ကိုယ်အပူချိန်အရမ်းကြီးနေမယ် ဖျားနေစဉ်တက်မယ် အစာမဝင်ပဲ မှိန်းနေမယ် စသည့် လက္ခဏာရှိနေရင်တော့ အန္တရာယ်ရှိနိုင်ကြောင်း သတိပြုသင့်ပါတယ်။

ဒီလိုကလေးငယ်များဖျားခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းလေးတွေလည်း ရှိတတ်ပါတယ်။

၎င်းတို့မှာ-

– ရာသီပေါ်တုပ်ကွေးဗိုင်းရပ်စ်ပိုးများသည် ကလေးများ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သောအခါ ကိုယ်ခံအားစနစ်မှ ဗိုင်းရပ်စ်ပိုးများကို တိုက်ထုတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးများတွင်ဖျားနာခြင်းဝေဒနာခံစားရနိုင်ပါတယ်။

– မွေးကင်းစမှ လသားအရွယ်ကလေးငယ်လေးများကို အနှီး၊ အဝတ်အထည်စသည်တို့ကို ထူထူဝတ်ထားပေးခြင်းလည်း အဖျားတက်စေပါတယ်။ သို့သော် တခြားသော ဗိုင်းရပ်စ်ပိုးများဝင်ရောက်ခြင်းကြောင့် မွေးကင်းစကလေးများတွင် ဖျားနာလျှင် အန္တရာယ်ရှိနိုင်သောကြောင့် သတိပြုသင့်ပါတယ်။

– နောက်တစ်ချက်အနေနဲ့ ကလေးငယ်များတွင် အသက်အလိုက် သက်ဆိုင်ရာ ကာကွယ်ဆေးများထိုးပြီးသည့်အချိန်တွင်လည်း ဖျားနာတတ်ပါသေးတယ်။

– ရာသီဥတုပူပြင်းခြင်း၊ ခန္ဓာကိုယ် တစ်နေရာရာတွင် အနာများပေါက်နေခြင်းကြောင့်လည်း ဖျားနာနိုင်ပါတယ်။

– တစ်ချို့သော ဆေးဝါးများ သောက်သုံးထားခြင်းကြောင့်လည်း ဖျားနာတတ်ပါသေးတယ်။

ကလေးငယ်များ ဖျားနာလျှင် ခံစားရနိုင်သောဝေဒနာများမှာ-

– ချွေးထွက်ခြင်း
– ချမ်းတုန်ခြင်း
– ခေါင်းကိုက်ခြင်း
– တစ်ကိုယ်လုံး ကိုက်ခဲနေခြင်း
– အစာမစားခြင်း
– ပျော့ခွေနုံးချိနေခြင်း စသည်တို့ဖြစ်ပါတယ်။ ဒါ့အပြင် အသက်၆လမှ ၅နှစ်အတွင်းကလေးငယ်များတွင် ကိုယ်ပူကြီးပြီး တက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။

ကလေးငယ်များတွင် အဖျားကြီးပြီး တက်လျှင်

– သတိလစ်ခြင်း
– မျက်ဖြူလန်ခြင်း
-တစ်ကိုယ်လုံးတောင့်တင်းခြင်း (သို့) ခြေလက်လှုပ်လွန်းနေခြင်း စသည့် လက္ခဏာများ တွေ့ရနိုင်ပါတယ်။

ဒီလိုတွေဖြစ်လာလျှင် ကလေးကို ဘေးစောင်အနေအထားနဲ့ထားပါ။ ကလေး၏ ခန္ဓာကိုယ်ပေါ်တွင် ထူ၍ ကျပ်သော အဝတ်အစားများအားလုံးကို ဖယ်ရှားပါ။ ကလေးပါးစပ်ထဲသို့ မည်သည့်အရာမှ မထည့်ပါနှင့်။ ကလေးကို ထိခိုက်မှုမဖြစ်စေရန် သတိထားပါ။ နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်သွားပါ။

ကလေးငယ်များတွင် ကိုယ်ပူပြီး တက်ခြင်းမရှိပါက ဖျားနေသော ကလေးငယ်ကို ရေပတ်ရွှဲရွှဲ တိုက်ပေးပါ။ ခေါင်းအစ ခြေအဆုံးတိုက်ပေးပါ။ ကိုယ်ပူတိုင်းကို ရေပတ်တိုက်ပါ။ အနွေးထည်ထူထူ၊ အဝတ်အစားထူထူ၊ စောင်ထူထူ မခြုံပေးရပါဘူး။ ဖျားနေသော ကလေးငယ်ကို ထမင်းကျွေးလို့ရပါတယ်။ ထမင်းကျွေးလို့ ဖျားတယ်ဆိုတာ မရှိပါဘူး။

အကယ်၍ကလေးက ထမင်းမစားချင်ပါက အရည်များများတိုက်ပေးပါ။ ဖျားသောကလေးတွေမှာ ရေဓာတ်ဆုံးရှုံးမှုရှိနိုင်သောကြောင့် ဓာတ်ဆားရည်ဖျော်တိုက်ပေးပါ။ သို့သော် ကော်ဖီ၊ လက်ဖက်ရည် စသည့် အနီရောင်နှင့် အညိုရောင်ရှိသောအရည်များ မတိုက်ပါနှင့်။

အဘယ်ကြောင့်ဆိုသော် ကလေးငယ်မှာ ကော်ဖီရောင်ကဲ့သို့အရည်များ အန်ပါက အညိုရောင်အရည်များ သောက်ထားခြင်းကြောင့် အန်တာလား၊ သို့မဟုတ် သွေးလွန်တုပ်ကွေးကြောင့် အန်တာလား ဝေခွဲမရဖြစ်တတ်သောကြောင့်ဖြစ်ပါတယ်။ ကိုယ်ပူကျဆေးအနေနဲ့ ပါရာစီတမောအရည် တိုက်နိုင်ပါတယ်။ သို့သော် အသက်အရွယ်အလိုက် တိုက်ရမယ့် ဆေးပမာဏရှိသည့်အတွက် ဆေးအညွှန်းကို သေချာဖတ်ပြီးမှတိုက်ခြင်း (သို့)ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှ တိုက်သင့်ပါတယ်။

ကလေးငယ်များ ဖျားလျှင် သွေးလွန်တုပ်ကွေးဖြစ်နိုင်ကြောင်း မိဘများအနေနဲ့ သတိထားသင့်ပါတယ်။ ကလေးငယ်များအားလုံးကို ဖျားနေစဉ်အတွင်းကော မဖျားတဲ့အချိန်များမှာပါ ဘယ်အချိန်အိပ်အိပ် ခြင်ထောင်ဖြင့် အိပ်စေပါ။ မိမိ၏ကလေးငယ်မှာ စဖျားတဲ့ရက်မှ ၃ ရက်အထိဖျားနေခြင်း၊ ခေါင်းကိုက်၍ ပျို့အန်နေခြင်း၊ အရမ်းပျော့ခွေနေခြင်း၊ ဗိုက်အောင့်ခြင်း စသည့် လက္ခဏာများတွေ့ရှိပါက  နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီပြသပေးပါ။

အထက်ဖော်ပြပါ ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို သိထားသင့်သလို ကလေးငယ်များ မကြာခဏ ဖျားခြင်း မဖြစ်စေရန် ကာကွယ်နိုင်သည့် နည်းလမ်းများကိုလည်း သိထားသင့်ပါတယ်။

၎င်းတို့မှာ-

– လက်ဆေးခြင်းအလေ့အကျင့်ဖြစ်အောင် သင်ကြားပေးခြင်း

ကလေးငယ်များကို အစားအစာမစားခင်၊ အိပ်သာတက်ပြီးသည့်အချိန်၊ နေမကောင်းဖြစ်နေသူတစ်ဦးဦးကို ကိုင်တွယ်ပြီးချိန်၊ ဆော့ကစားပြီးသည့်အချိန်၊ အိမ်မွေးတိရစ္ဆာန်များကို ကိုင်ပြီးသည့်အချိန်နှင့် အပြင်သွားလာရာမှပြန်လာသည့်အချိန်တို့တွင် လက်ဆေးရမည်ဆိုသည့်အကြောင်း သင်ကြားပေးပါ။

– ကလေးငယ်များကို လက်ဆေးရာတွင် စနစ်တကျဆေးတတ်စေရန်သင်ကြားပေးရပါမည်။ ဆပ်ပြာဖြင့် သေချာ လက်ဖဝါး၊ လက်ဖမိုး၊ လက်ကြား၊ လက်မ မကျန်စေရအောင်သေချာစွာ ပွတ်တိုက်ပြီးဆေးရပါမယ်။

– ဘယ်နေရာ သွားသွားအလွယ်တကူ လက်ဆေးလို့ရအောင် Hand sannitizer gel (လက်ဆေးရည်) ဆောင်ထားပါ။

– လူထူထပ်သော နေရာများသို့သွားလျှင် လက်ကိုင်ပဝါ (သို့) mask အသုံးပြုပါ။ ချောင်းဆိုး၊ နှာချေလျှင် လက်ကိုင်ပဝါ အသုံးပြုပါ။

– မိမိတို့ နေတိုင်း အသုံးပြုနေသော အိုးခွက် ပန်းကန်အသုံးအဆောင်ပစ္စည်းများကို သေချာစွာဆေးကြောပြီးမှ အသုံးပြုပါ။

ကလေးငယ်များ ဖျားနာခြင်းကင်းဝေး၍ ကျန်းမာရွှင်လန်းကြပါစေ။

Dr.သီတာလှိုင်(ဆေး-၂)

ဆက်စပ် ဆောင်းပါးများ