ကလေး ပန်းနာရင်ကျပ်ရောဂါ
ပန်းနာရင်ကျပ်ရောဂါ ဟာ ကလေးတွေမှာ အဖြစ်များတဲ့ အဆုတ်ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ်ရောဂါ ဟာ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်တတ်တဲ့ အဆုတ်ရောင်ရောဂါတွေလို မဟုတ်ဘဲ စိတ်ရှည်ရှည်ထားပြီး ရေရှည်ဂရုစိုက် ကုသပေးရမယ့် နာတာရှည် အဆုတ်ရောဂါပဲ ဖြစ်ပါတယ်။
မိသားစုမျိုးရိုးမှာ ရောဂါဖြစ်စေနိုင်တဲ့ မျိုးရိုးဗီဇ ပါလာခဲ့ရင် ကလေးမှာ ပန်းနာရင်ကျပ် ဖြစ်နိုင်ချေနှုန်းဟာ သာမန်ထက် ပိုများပါတယ်။ ဒါပေမဲ့ မိဘမှာ ရောဂါရှိတိုင်းတော့ ကလေးမှာ ပန်းနာရင်ကျပ် အမြဲတမ်း ဖြစ်မယ်လို့တော့ မဆိုလိုပါဘူး ။ မိဘမှာ ဖြစ်ပေမဲ့ သားသမီးမှာ ရောဂါ လုံးဝမဖြစ်လိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အသက်ရှူလမ်းကြောင်းထဲကို အဆုတ်ရောင်ရောဂါပိုးတွေ ဝင်တဲ့အခါမှာလည်း ရောဂါရှိတဲ့ ကလေးမှာ နဂိုပန်းနာရင်ကျပ်ဟာ ပိုဆိုးလာနိုင်ပါတယ်။
ပန်းနာရင်ကျပ်ရောဂါကို ဖြစ်စေတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ လေပြွန်ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ပတ်ဝန်းကျင်က အမှုန်အမွှားတွေပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်လေထုထဲက ဖုန်မှုန့်တွေကြောင့် ဖြစ်နိုင်သလို တိရစ္ဆာန်အမွှေးတွေလည်း ဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကျပ်ရှိတဲ့ ကလေးဟာ ရာသီအပြောင်းအလဲတွေ ၊ ပန်းဝတ်မှုန်တွေ၊ လေအေးတွေ၊ ဓာတုပစ္စည်းတွေကြောင့်သာမကပဲ စိတ်လှုပ်ရှားတဲ့အခါမှာပါ ပန်းနာရင်ကျပ်လက္ခဏာတွေ ထရလာနိုင်ပါတယ်။
ပန်းနာရင်ကျပ်ရဲ့ အဓိက လက္ခဏာအနေနဲ့ ကတော့ ညသန်းခေါင် သို့ မနက်အစောပိုင်းမှာ ကလေးကမောမယ် ကြပ်မယ်။ တစ်ရွှီရွှီ နဲ့ အသက်ရှူသံတွေ ကြားရမှာပဲ ဖြစ်တယ်။ တစ်ခြား လက္ခဏာအနေနဲ့ ကတော့ ကိုယ့်ကလေးဟာ တစ်ခြားကလေးတွေနဲ့ နှိုင်းယှဉ်ရင် မထွားတာ ဒါမှမဟုတ် ပုံမှန်ထက် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှေးကွေးတာမျိုးတွေ ရှိနိုင်မယ်။ ကစားတဲ့ အခါမှာလည်း အမောဒဏ် မခံနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်မှာ ဓာတ်မတည့်တာ ခဏခဏဖြစ်တယ် နှင်းခူဖြစ်တာမျိုးတွေ ရှိတယ်ဆိုရင် ဒီကလေးမှာ ပန်းနာရင်ကျပ်ရောဂါ ရှိနေနိုင်ပါတယ်။
ဘာကြောင့်လဲဆိုရင် သူတို့တွေဟာ ပန်းနာရင်ကျပ်ရောဂါနဲ့ တွဲပြီးတွေ့ရတတ်လို့ပါပဲ။ကိုယ်ရဲ့ကလေးမှာ ပန်းနာရင်ကြပ်ရောဂါ ရှိနေတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်တွေဆီမှာ ပြသကြည့်သင့်ပါတယ်။
ပန်းနာရင်ကျပ်ရောဂါရှိတဲ့ ကလေးမှန်းသေချာသွားပြီဆိုရင်လည်း မိဘတွေကို ဂရုတစိုက် စောင့်ရှောက်ပေးရမှာပဲဖြစ်တယ်။ ပန်းနာရင်ကျပ်ရောဂါကို ကုသတဲ့ ဆေးရုံဆေးခန်းတွေမှာ အချိန်မှန်လာပြရမှာ ဖြစ်သလို ကုသမှုတွေကိုလည်း ဂရုတစိုက်လိုက်နာရမှာပဲ ဖြစ်ပါတယ်။
ကလေးရဲ့ ပန်းနာရင်ကြပ်ရောဂါကို ဆိုးစေတဲ့ တိရစ္ဆာန်တွေ အပင်တွေ အိမ်မှာ ရှိနေမယ်ဆိုရင် တတ်နိုင်သမျှ ကလေးနဲ့ ဝေးတဲ့နေရာမှာ ထားရမှာပဲဖြစ်ပါတယ်။ အိမ်မှာ ဖုန်မှုန့်တွေမရှိအောင်လည်း အိမ်သန့်ရှင်းရေးကို အမြဲ လုပ်နေရပါမယ်။
ပန်းနာရင်ကြပ်ရောဂါကို ကုသတဲ့အခါမှာ ရေရှည်ကုသတဲ့အခါမှာ သုံးတဲ့ကုသမှု ရယ် ၊ အသက်အန္တရာယ် ရှိနိုင်တဲ့ အရေးပေါ် အခြေအနေနဲ့ လာတဲ့အခါမှာ ပေးတတ်တဲ့ ကုသမှုမျိုးရယ် ရှိတတ်ပါတယ်။
ရေရှည်ကုသတဲ့ အခါမှာ ကလေးငယ်ရဲ့ ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုပေါ် မူတည်ပြီး ရှူဆေးတွေ သောက်ဆေးတွေ ပေးတတ်ကြပါတယ်။ ဆေးတွေထဲမှာ လေပြွန်ရောင်ရမ်းမှုကို သက်သာစေမဲ့ လေပြွန်ကျယ်ဆေး Salbutamol တွေ စတီးရွိုက်ဆေးတွေ ပါဝင်တတ်ပါတယ်။
ရှူဆေး ရှူခိုင်းတဲ့အခါမှာ ညွှန်ကြားထားတဲ့အတိုင်း နည်းစနစ်မှန်မှန်နဲ့ ပုံမှန်ရှူပေးရမှာ ဖြစ်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါ ကိုကုသတဲ့အခါမှာ ဆရာဝန် ညွှန်ကြားမှုအတိုင်း မဟုတ်ဘဲ ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်ပြောင်းခွင့်မရှိပါဘူး။
ဒါကို ဘာ့ကြောင့် ကျွန်မပြောရလဲဆိုရင် တစ်ခါတုန်းက ကျွန်မကိုလာပြဖူးတဲ့ ကလေးအမေတစ်ယောက်ဟာ ကလေး ရှူဆေးရှူခိုင်းထားတာကို ရှူဆေးစွဲသွားမယ်ဆိုတဲ့ အတွေးနဲ့ ရှူဆေးကိုသောက်ဆေးပြောင်းလိုပါတယ်။ ဒါကိုကျွန်မ ရှင်းပြပေးလိုက်ပါတယ်။အမှန်ကတော့ ပန်းနာရင်ကြပ်ရောဂါကို ကုသတဲ့နေရာမှာ အသက်ရှူလမ်းကြောင်းထဲကို တိုက်ရိုက်ရောက်တဲ့ ရှူဆေးဟာ အကာင်းဆုံး ကုသမှုပဲ ဖြစ်ပါမယ်။
နောက်တစ်ခုကတော့ အသက်အန္တရာယ်ရှိတယ်လို့ဆိုနိုင်တဲ့ တစ်ချို့သောလက္ခဏာတွေကို ဆရာဝန်တွေက မိဘတွေကိုပြောထားတတ်ကြပါတယ်။ ဒါတွေကို ဂရုတစိုက်မှတ်သားထားပြီး ဒီလို လက္ခဏာမျိုးတွေ ဖြစ်လာတဲ့ အခါမှာ ဆေးရုံကို အမြန်ဆုံးသွားဖို့ လိုအပ်နိုင်ပါတယ်။
အဆုတ်ရောင်ရောဂါပိုးတွေကြောင့် အရေးပေါ် ပန်းနာရင်ကြပ်ထတာမျိုးဖြစ်တဲ့အတွက် ဒီလိုဖြစ်ခဲ့တယ်ဆိုရင် ပုံမှန်သုံးလေ့ရှိတဲ့ ပန်းနာရင်ကြပ်ဆေးတွေအပြင် ပိုးသတ်ဆေးတွေကိုပါ တွဲပေးတတ်ပါတယ်။ ဒီလို အခါမျိုးတွေမှာလည်း ပိုးသတ်ဆေးကို ရက်အပြည့် အချိန်မှန်မှန် မိဘတွေက တိုက်ဖို့လိုပါတယ်။
Dr. မွှေး